တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်တွင် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၏ တပ်ဖွဲ့ဝင်တချို့ကို ကရင် အမျိုးသားအစည်း အရုံး (KNU) တပ်မဟာ ၄ က သတ်ဖြတ်ခဲ့သည့်အတွက် ကျူးလွန်သူများကို KNU အနေနှင့် အရေး ယူပေးရန် MSDF အဖွဲ့မှ မေလ ၇ ရက်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ လုပ်ကာ တောင်းဆိုလိုက်သည်။
မွန်ပြည် ကာကွယ်ရေးတပ် (MSDF)သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှ ပေါ်ပေါက်လာသော တပ်ဖြစ်ပြီး၊ ကရင် နှင့် မွန်ပြည်နယ်တွင် လှုပ်ရှားကာ ပြီးခဲ့သည့် ဧပြီ ၂၉ ရက်က MSDF တနင်္သာရီ ဒေသတပ်၏ တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်သည့်အဖွဲ့ KNU တပ်မဟာ ၄ ၏ တပ်ရင်း ၁၁ မှ ဗိုလ်ကြီးစောဘွဲ့မှူးနှင့် တွေ့ဆုံကာ နှစ်ဖက်တပ် များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးပြီး အပြန် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
MSDF နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ တွဲဖက်အတွင်းရေးမှူး နိုင်ကိုသူက “တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်းက အဲဒီနေရာမှာ စခန်းတခုတည်ဖို့ စဉ်းစားတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်ခွဲမှူးကလည်း တပ်မဟာ ၄ တပ်ရင်း (၁၁ )ကလူတွေနဲ့ စကားပြောညှိနှိုင်းတာတွေ ရှိတယ်။ ဒါကြောင့် ဒီကိစ္စကို တာဝန်ခံကိုယ်တိုင် စကားပြောဖို့ ခေါ်လို့သွားကြတာ။ ၂၉ ရက်နေ့ မှာ စကားပြောကြတယ်။ အကြာကြီး မဟုတ်ဘူး။ ခဏတဖြုတ်ပဲ။ စကားပြောတော့လည်း ကျနော်တို့ကြား ဘာပြဿနာမှ မရှိဘူး။ အဲဒီကအပြန်မှာ အပစ်ခံရတာပဲ” ဟုဆိုသည်။
MSDF တပ်ဖွဲ့ဝင်များ ဆွေးနွေးပွဲမှ အပြန် ဧပြီ ၃၀ရက် နံနက် ၇နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ် မိုင်တိုင် ၂၃ ဝန်းကျင်၌ ခေတ္တစခန်းချနေစဉ် လုံခြုံရေးယူနေသည့် တပ်ရင်း (၃) ၏ တပ်ခွဲမှူးနှင့် ရဲဘော် ၁ ဦး ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ပြီး၊ MSDF တပ်ရင်း ၃ ခေါင်းဆောင် နိုင်တမော့ချမ်းကိုယ်တိုင် ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေခံ KNU တပ်မဟာ (၄)သို့ ဆက်သွယ်ရေးစက်ဖြင့်သာမက ရွာသားတဦးအား စာပို့ ဆက်သွယ်စေသော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိကြောင်း ၎င်းက ပြော သည်။
နိုင်ကိုသူက “တာဝန်ကျတဲ့ခွဲမှူးနဲ့ ရဲဘော် ကျနေတာတွေ့တယ်။ ဘေးမှာလည်း မိုင်းထောင် ထားတယ်လို့ ယူဆရတယ်။ အလောင်းနားကိုလည်း ကျနော်တို့ရဲဘော်တွေ မကပ်နိုင်ခဲ့ဘူး။ တကယ်ဆိုရင် KNU က အဲဒီနားဝန်းကျင်မှာ လက်နက် ကိုင်ပြီး ရှိနေကြပဲ။ အခုမရှိတော့ဘူး။ ပြန်လည်း မဆက်သွယ်လာဘူးဆိုတော့ လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအနေတခု ရောက်လာပြီလို့ ကျနော်တို့ဘက်က သုံးသပ်တယ်။ မနက် ၉ နာရီလောက်မှာ တာဝန်ခံ နိုင်တမော့ချမ်းက ဒါဆိုရင် ဒီနယ် မြေမှာ ဆက်နေလို့ အဆင်မပြေတော့ဘူး။ ပြန်ခွာမှရမယ်ဆိုပြီး လာလမ်းအတိုင်း မိခင်တပ်ရင်းကို ပြန်လာတယ်” ဟု ဆိုသည်။
ထို့နောက် နိုင်တမော့ချမ်းနှင့် တပ်ရင်း (၃) ရဲဘော် ၉ ဦးသည် ဒေသခံ တဦး၏ ကားကို ငှား၍ လာလမ်းအတိုင်း ပြန်လာစဉ် ထိုနေ့ နေ့လယ် ၁၂နာရီဝန်းကျင်တွင် ဘုတ်ပြင်းမြို့နယ် ပြည်ကြီး မဏ္ဍိုင်ရွာအနီး ၌ KNU တပ်မဟာ ၄ တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်များ၏ ထပ်မံပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ MSDF တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်းနှင့် ရဲဘော် ၃ ဦးသာ မိခင်တပ်ရင်းသို့ ပြန်လာနိုင်ခဲ့ကြောင်း MSDF၏ တွဲဖက်အတွင်းရေးမှူး နိုင်ကိုသူက ဆက်ပြောသည်။
“ပြန်တဲ့အချိန်မှာလည်း ထပ်အပစ်ခံရတယ်။ ရဲဘော် ၁ ယောက်ရယ်၊ ဒရိုင်ဘာရယ်ကျတယ်။ ဒရိုင်ဘာအရင်ထိပြီး ကားရပ် သွားတဲ့ အချိန်သူတို့ကားကို ဝိုင်းပစ်တယ်။ ရဲဘော်တွေက ကားပေါ်ကနေ ခုန်ဆင်းချိန် တယောက်ကျတယ်။ နောက်ထပ် ၂ ယောက်က ပြေးတာမှာ လွတ်သွားတယ်။ ကျန်တဲ့ ရဲဘော် ၅ ယောက်က လက်နက်တွေနဲ့ ပျောက်နေတယ်ပေါ့။ အဲဒီမှာ ဆိုင်ကယ်နဲ့ သွားတဲ့ ရဲဘော်၂ ယောက်ရှိတယ်။ သူတို့လည်း လွတ်သွားတယ်” ဟု ဆိုသည်။
နိုင်တမော့ချမ်းနှင့်အဖွဲ့ ပစ်ခတ်ခံရသည့် တနေ့တည်းမှာပင် လက်နက်များ လာပို့သည့် နိုင်မွန်သိမ်းဦးဆောင်သည့် MSDF တပ်ဖွဲ့ကိုလည်း KNU တပ်မဟာ ၄ တပ်ရင်း (၁၁) မှ တပ်ဖွဲ့ဝင်များက လမ်းမှဖြတ်ကာ လက်နက်များ သိမ်းသွားကြောင်း သိရသည်။
MSDF တွဲဖက်အတွင်းရေးမှူး နိုင်ကိုသူက “လက်နက်လာမပို့ခင်မှာ နိုင်တမော့ချမ်းတို့အတွက် လက်နက်လာပို့ဖို့ ရှိတယ်ဆို ပြီး KNU ကို အချိတ်အဆက် ကြိုလုပ်ထားတယ်။ KNU တပ်ရင်း (၁၁) ဘက်က လာခဲ့ပါဆိုလို့ လက်နက်ကို ဆာလာအိတ် ထဲထည့်ပြီး အရပ်ဝတ်နဲ့ပဲ သွားပို့တယ်။ ဘုတ်ပြင်းမြို့နယ် ဟင်္သာဂွင်မှာ KNU ကဘဲ ယူနီဖောင်းနဲ့ ကျနော်တို့ ရဲဘော်တွေ ရင်ဘတ် သေနတ်ထောက်ပြီး လက်နက်တွေသိမ်းသွားတယ်။ လူကိုတော့ အသက်အန္တရာယ်မပေးဘဲ ပြန်လွှတ်ပေး လိုက် တယ်။ အဲဒါဖြစ်တာလည်း မနက်၇ နာရီနောက်ပိုင်းပေါ့” ဟုဆိုသည်။
MSDF တပ်ဖွဲ့ထံမှ M-16 ၂ လက် ၊ HK-16 သေနတ် ၂ လက် ၊ Shot Gun ၂ လက် စုစုပေါင်း လက်နက် ၆ လက်ကို KNU တပ်ရင်း (၁၁)က သိမ်းသွားကြောင်း၊ ယခုလို အကြောင်းမဲ့ တိုက်ခိုက်ခြင်း၊ လက်နက်သိမ်းဆည်းခြင်းနှင့် ပတ်သက် ၍ KNU တပ်မဟာ ၄ ၏ လုပ်ရပ်အပေါ် နားမလည်နိုင် ဖြစ်ရကြောင်း ဧရာဝတီကို ပြောသည်။
နိုင်ကိုသူက “အခုလိုဘာကြောင့်လုပ်သလဲဆိုတာတော့ ကျနော်တို့ဘက်က ကောက်ချက်ချလို့မရသေးဘူးဖြစ်နေတယ်။ ကျနော်တို့လည်း တော်လှန်ရေးစကတည်းက အများကြီး သတိထားတယ်။ KNU နဲ့ဆိုရင် အတတ်နိုင်ဆုံး မိတ်ဖွဲ့တယ်။ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်တယ်။ ကျနော်တို့ တပ်တည်တယ်။ နေတာထိုင်တာက အစ သူတို့ကို အသိပေးပြီးမှ နေတယ်။ အဓိကက ကျနော်တို့က တယောက်နဲ့ တယောက် နားလည်မှု မလွဲချင်လို့ အဲဒီလို လုပ်နေတဲ့ကြားက ဘာပြဿနာမှမရှိဘဲနဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့အပေါ်မှာ နားမလည်နိုင် ဖြစ်ရတယ်” ဟု ဆိုသည်။
အာဏာသိမ်းနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကို KNU တပ်မဟာ ၄ လက်အောက်ခံတပ်က ပစ်ခတ်တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်မှုလည်း ဖြစ်သည်။
KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၁) ၏ လုပ်ရပ်နှင့်ပတ်သက်၍ အရေးယူပေးရန် MSDF က KNU တပ်မဟာ (၄) တပ်မဟာမှူးနှင့်တကွ KNU ဗဟိုထံ မေလ ၄ ရက်တွင် တိုင်စာတစောင်ပေးပို့ထားကြောင်း MSDF က ဆိုသည်။
KNU တပ်ဖွဲ့ဝင်များက MSDF တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရသည့်ကိစ္စနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KNU တပ်မဟာ (၄) အခြေစိုက်သည့် KNU မြိတ်-ထားဝယ်ခရိုင်၏ ဥက္ကဌ ပဒိုဝင်းခိုင်ထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ် ထားသဖြင့် အဆက်အသွယ်မရပေ။
KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကမူ MSDF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် ကိစ္စကို တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များအား မေးမြန်းပြီးမှသာ ပြန်ပြောနိုင်မည်ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “သူတို့စာအရဆိုရင် တပ်မှူးတွေနဲ့ သူတို့ တိုက်ရိုက်ဆွေးနွေးလိမ့်မယ် ထင်တယ်။ ကျနော့်အနေနဲ့က ဒီအခြေအနေ နဲ့ပတ်သက်ပြီး တစုံတရာ မပြောတတ်ဘူး ဖြစ်နေတယ်၊ သူတို့ပို့တဲ့စာက ရုံးချုပ်ကနေတဆင့် တပ်မှူးတွေဆီရောက်မယ် ထင်ပါတယ်။ ကျနော့်ဆီတော့ မရောက်ဘူး၊ ပြောချင်တာက ဒီအကြောင်းအရာကို ကျနော်သေသေချာချာ မသိဘူး။ နောက်တချက်ကတော့ ဒီလိုကိစ္စတွေ ဖြစ်ပြီဆိုရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ကျနော်နားလည်ပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် MSDF တပ်ဖွဲ့ဝင်များအတွက် လုံခြုံရေးစိုးရိမ်ရသဖြင့် ဘုတ်ပြင်းမြို့နယ်၌ တပ်ဖွဲ့ဝင်များကို ဝင်ရောက်လှုပ်ရှား ခွင့် မပေးထားကြောင်း MSDF ဗဟိုထံမှ သိရသည်။
အာဏာသိမ်းမှု ဆန့်ကျင်သော မွန်နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် ရာမညဖက်ဒရယ် အင်အားစုကလည်း MSDF တပ်ဖွဲ့ ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် KNU ကို တိုက်တွန်း ကြောင်း မေလ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
ရာမညဖက်ဒရယ် အင်အားစုက ဘုံရန်သူကို တိုက်ခိုက်နေချိန်တွင် တော်လှန်ရေးအင်အားစုများအကြား အင်အားနည်း သူကို သုတ်သင်ရှင်းလင်းနေခြင်းသည် စစ်အာဏာရှင်ကို သက်ဆိုးရှည်စေသော လုပ်ရပ်ဖြစ်သဖြင့် အပြင်းအထန်ရှုတ် ချကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် မွန်တိုင်းရင်းသားများနှင့် ကရင်တိုင်းရင်းသားများ ရောနှော နေထိုင်သည့် ဒေသများဖြစ်ပြီး၊ ၁၉၄၉ ခုနှစ် ကရင့်တော်လှန်ရေး စတင်ချိန် ဒေသတွင်းရှိ မွန်အမျိုးသားတို့ကပါ ပြည်နယ်ရရှိရေးအတွက် မွန်အမျိုးသား ကာကွယ်ရေးတပ်(MNDO) ဖွဲ့ကာ မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်တို့ တွင် ကရင်အမျိုးသားတို့နှင့် ပူးတွဲတိုက်ခိုက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် နှစ်ဖက်အကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်။
ထင်ရှားသည့် ပဋိပက္ခမှာ ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ရက်က KNU နှင့် မွန်ပြည်သစ်ပါတီအကြား ဖြစ်ပွားသည့် ဘုရားသုံးဆူ နယ်မြေအငြင်းပွားသည့် တိုက်ပွဲဖြစ်ပြီး စစ်အာဏာသိမ်းမှုမဖြစ်မီ ၂၀၁၉ ခုနှစ် အောက်တိုဘာလကလည်း KNU တပ်မဟာ ၆ နှင့် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီတို့အကြား ကရင်ပြည်နယ် ဘုရားသုံးဆူဒေသ ဗလဲဒွန်ဖိုက်ရွာတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သည်။
You may also like these stories:
KNU ကာကွယ်ရေးဌာနကို ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ ကိုင်တွယ်မည်
သံတမန်များပါသည့် ယာဉ်တန်း အတိုက်ခံရမှု ၎င်းတို့ လက်ချက်မဟုတ်ဟု PNLO ငြင်း
ကရင်လက်နက်ကိုင် ၄ ဖွဲ့ ဆွေးနွေးပွဲ သဘောတူညီချက်မရ
အုပ်စုကွဲနေသည့် ရာမည နိုင်ငံရေး