စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလသို့ ရောက်လာချိန်တွင် ပြည်သူ့ ကာကွယ်ရေးတပ်(PDF) လက်နက်တပ်ဆင်မှု အားကောင်းလာသည်နှင့်အမျှ ထိတွေ့တိုက်ခိုက်မှုအရှိန်လည်းမြင့်တက်လျက်ရှိရာ PDF များအား လက်နက်ချ အလင်း ဝင်ရန် ဥပဒေအရ ဖြေလျော့မှုအပြင် ငွေကြေးပါ ချီးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ရက်စွဲဖြင့် ကြေညာသည်။
အဆိုပါ ကြေညာချက်တွင် လက်နက်အမျိုးအစားနှင့် ခဲယမ်းအသုံးအဆောင်များအပေါ် မူတည်ကာ ဆုကြေးငွေ အနည်း ဆုံး နှစ်သိန်းကျပ်မှ အများဆုံး ၇၅ သိန်းအထိ ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
နိုင်ငံတဝှမ်း စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီအနေဖြင့် ယခင်က ပြစ်မှုကျူးလွန်ခြင်းမရှိသည့် PDF များအား မိဘများထံ ပြန်လည် အပ်နှံပေးကြောင်း ဝါဒဖြန့်ချိမှုများ ပုံမှန်ပြုလုပ်ခဲ့ရာ ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်း သတင်းစာတွင်လည်း ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ နောင်မွန်မြို့နှင့် ဝိုင်းမော်မြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ မေလ ၈ ရက်က ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း ဖော်ပြထားသည်။
ယမန်နှစ် ဇူလိုင် ၁ ရက်ကလည်း ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် နှစ်ရာကျော်ရှိနေပြီ ဖြစ်ကြောင်းလည်း စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။
သို့သော် စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ ငွေကြေးဖြင့် ထပ်မံ စည်းရုံးလာခြင်းသည် ၎င်းတို့၏ ဝါဒဖြန့်ချိမှုများ အောင်မြင်မှု မရှိဘဲ စစ်သည်နှင့် ရဲတပ်ဖွဲ့ဝင်များသာ CDM ပြည်သူ့ဘက်ခိုလှုံမှု ဆက်လက် များပြားနေသည့်အပေါ် တန်ပြန် စိတ်ဓာတ် စစ်ဆင်ရေးလုပ်ရန်နှင့် တော်လှန်ရေးအင်အားစုများကြား သံသယနှင့်စည်းလုံးမှု ပြိုကွဲစေရန် အလျော့ပေး မက်လုံးပေး သည့်ပုံစံဖြင့် ယခုကဲ့သို့ စည်းရုံးလုပ်ဆောင်လာခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက သုံးသပ်ကြသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က “အကြံကုန် ဂဋုန်ဆား ချက်ဆိုတဲ့ ပုံစံမျိုးနဲ့ ငွေကြေးမက်လုံးနဲ့ PDF တွေကြားမှာ ပြိုကွဲမှုတွေ ဖြစ်လာအောင်၊ တော်လှန်ရေးထဲ ဆက်မပါအောင် လုပ်လာတဲ့ ပုံစံမျိုးပါပဲ၊ စည်းလုံးမှုပြိုကွဲအောင်လုပ်တဲ့ ဒီလိုမျိုးလုပ်ရပ်တွေ ချန်နယ်ပေါင်းစုံက လုပ်လာမှာကိုလည်း ကြိုတင်ခန့်မှန်းလို့ ရပါတယ်။ ပြီးရင်လည်း PDF တွေ လက်နက်တွေနဲ့ ဝင်လာလို့ ဆုချီးမြှင့်တယ်ဆိုတဲ့ အခမ်းအနားတွေ လည်း လုပ်ပြဦးမှာပါ။ ဒါတွေက စစ်ကောင်စီရဲ့ ကလိမ်ကကျစ်နဲ့ လုပ်နေကျလုပ်ရပ်တွေထဲက တခုပဲလို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
NUG အပါအဝင် တော်လှန်ရေး တပ်ဖွဲ့များကလည်း စစ်သည်နှင့်ရဲတပ်ဖွဲ့ဝင်များ လက်နက်ဖြင့် ခိုလှုံလာပါက ကျပ်သိန်း ၅၀ မှ သိန်းတရာအထိ ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာထားပြီး ယနေ့အထိ စစ်သည် ၃၂၃၆ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၉၀၉၁ ဦး၊ စုစု ပေါင်း ၁၂၃၂၇ ဦး CDM ဝင် ရောက်ခဲ့ပြီးဖြစ်ကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံက သိရသည်။
ယင်းသို့ စစ်သည်များ CDM ဝင်ရောက်မှု များပြားနေခြင်းနှင့် တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်မှုများအား နိုင်ငံ တဝှမ်း စစ်မျက်နှာဖွင့်ကာ ရင်ဆိုင်နေရသည့် စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ ငွေကြေးမက်လုံးဖြင့်ပါ ဖြေလျော့စည်းရုံး လာရသည့်အခြေအနေသည် မြေပြင်တွင် ၎င်းတို့၏တပ်များ အင်အားချည့်နဲ့လာမှုကို ပြသရာ ရောက်နေကြောင်းလည်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)၊ စစ်ဆင်ရေးနှင့် အင်အားစုဆောင်းရေး တာဝန်ခံ ကိုနွေဦး (မြောင်)က ပြောသည်။
၎င်းက “သူတို့ဘက်က တဆင့်ချင်း လျော့ပြီး ပြန်စည်းရုံးလာရတဲ့ပုံစံပေါ့။ သူတို့ဘက်က အားသာနေလို့ မာမာထန်ထန် ရပ်တည်နေနိုင်မယ်ဆိုရင် ဒီလောက်ကြီးအထိ သူတို့ဘက်က လျော့စရာ အကြောင်း မရှိဘူး။ အခုက သူတို့ဘက်က တော်တော်ချည့်နဲ့လာလို့ ဒီလောက်အထိ လျော့ပြီး စည်းရုံးလာရတဲ့ အခြေအနေအထိ ရောက်လာတယ်လို့ ပြောလို့ ရပါတယ်” ဟု ပြောသည်။

ထို့ပြင် စစ်ကောင်စီက အပ်နှံလာသည့် လက်နက်ခဲယမ်းများအပေါ် မူတည်ကာ ချီးမြှင့်မည်ဆိုသည့် ငွေကြေးပမာဏမှာလည်း စစ်ကိုင်းတိုင်းအတွင်း အမှန်တကယ် ဈေးပေါက်သည့် လက်နက်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားနေ ကြောင်းလည်း စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေး အင်အားစုများက ထောက်ပြသည်။
စစ်ကောင်စီအနေဖြင့် အာပီဂျီကဲ့သို့ လက်နက်တလက်အား ကျပ် ၇၅ သိန်း ချီးမြှင့်မည်ဟု ဆိုသော်လည်း စစ်ကိုင်းတိုင်း အတွင်း မြေပြင်ပေါက်ဈေးမှာ ကျပ်သိန်း ၂၅၀ မှ ၃၀၀ ကြားတွင် ရှိနေကြောင်း သိရသည်။
စစ်ကောင်စီ၏ မက်လုံးပေး စည်းရုံးလာမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် မြေပြင်တွင် လှုပ်ရှားရန် ခက်ခဲလာသည့် အခြေအနေနှင့် စစ်သည်များ လက်နက်ချကာ ပြည်သူ့ဘက် ခိုလှုံမှုများအပေါ် တန်ပြန်သည့်အနေဖြင့် စည်းရုံးရန် ကြိုးပမ်း လာခြင်းဖြစ်သော်လည်း ချင်းတောင်ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီဘက်တွင် မည်သူ မျှ ရပ်တည်မည် မဟုတ်ဘဲ အဆုံးထိ ရပ်တည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့များ ပူး ပေါင်းဖွဲ့စည်းထားသည့် CJDC အဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဆလိုင်းတင်မီက ပြောသည်။
၎င်းက “CDM လုပ်တဲ့သူ တော်တော်များလာတဲ့ အခြေအနေမှာ တန်ပြန်စစ်ဆင်ရေး ပြန်လုပ်တယ်လို့တော့ မြင်ပါတယ်၊ သူတို့ စစ်ကောင်စီဘက်က ကျနော်တို့ဘက်ကို ဝင်လာတဲ့သူက တော်တော်များတယ်လေ။ သူတို့အနေနဲ့ မြေပြင်မှာ လှုပ် ရှားရခက်လာတော့ နောက်ပိုင်းဆိုရင် စားပွဲဝိုင်းပေါ်မှာ စကားပြောဖို့ ကမ်းလှမ်းလာတာအထိ ရှိဦးမှာ သေချာပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ဆုံးဖြတ်ထားတဲ့အတိုင်းပဲ အဆုံးထိ သွားမယ်ဆိုတဲ့ အပေါ်မှာပဲ သွားမှာပါ” ဟု ပြောသည်။

သို့သော် စစ်ကောင်စီ၏ စည်းရုံး လှုံ့ဆော်မှုများသည် အောင်မြင်မှု မရှိနိုင်သော်လည်း PDF အမည်ခံကာ လက်နက်ကိုင် လုပ်စားနေသည့် အဖွဲ့များနှင့် ၎င်းတို့ ဖန်တီးထားသည့် ဇာတ်ကောင်များဖြင့် PDF များ လက်နက်ချအလင်းဝင်သည့် ဝါဒဖြန့်မှုများအား ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာနိုင်သည့်အတွက် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများ စည်း လုံးမှုရှိစွာ တုံ့ပြန်ကြရန် လိုအပ်ကြောင်းလည်း တော်လှန်ရေး အင်အားစုများက သတိပေးထားသည်။
စစ်ကိုင်းတိုင်းကဲ့သို့သော ဒေသအတွင်းမှာပင် အချို့သော အဖွဲ့များအနေဖြင့် တော်လှန်ရေး လုပ်ကိုင်ခြင်းမရှိဘဲ PDF အမည်ခံကာ ဆက်ကြေးကောက်မှုများနှင့် ဓားပြတိုက်သကဲ့သို့ လုပ်ဆောင်မှုများလည်း ရှိနေသည့်အတွက် အမှန်တကယ် တော်လှန်ရေး လုပ်ဆောင်နေသည့် အဖွဲ့များအပေါ် အထင်အမြင်လွဲမှုများနှင့် အပြစ်တင်မှုများရှိလာနိုင်သကဲ့သို့ စစ်ကောင် စီ၏ မက်လုံးပေး စည်းရုံးမှုအောက်တွင်လည်း အဆိုပါ PDF အမည်ခံ လက်နက်ကိုင်များမှာ လက်နက်ချ အလင်းဝင်မှုများ ရှိလာနိုင်ကြောင်း ကိုနွေဦးက သတိပေး ပြောဆိုသည်။
၎င်းက “ပုံစံအမျိုးမျိုး အခုနောက်ပိုင်းမှာ ပေါ်လာကြတယ်။ တချို့က လက်နက်ကိုင် PDF အမည်ခံပြီးတော့ လုပ်စားတဲ့ဟာ မျိုးတွေရှိတယ်ပေါ့ဗျာ။ လမ်းပေါ်တက် ဆက်ကြေး ကောက်တယ်။ ဓားပြတိုက်တာလိုလို ဘာလိုလိုလုပ်တယ်။ တော်လှန် ရေးလုပ်လားဆိုတော့ တော်လှန်ရေး မလုပ်ဘူး။ ဒီလိုလူတွေက PDF အစစ်လည်း မဟုတ်ဘူး။ စစ်ကောင်စီဘက်ကလား ဆိုတော့လည်း အပြည့်အဝ မဟုတ်တဲ့ ဒီလိုဟာတွေကတော့ စီးပွားရေးအခြေအနေအရ ပါချင်လည်း ပါသွားနိုင်တာပေါ့ ဗျာ။ တခုခုလုပ်လိုက်ပြီဆိုရင် ရာနှုန်းပြည့် မအောင်မြင်ရင်တောင် အနည်းနဲ့အများတော့ ဂယက်ထ၊ ရိုက်ခတ်မှုတော့ ရှိတာပါပဲ” ဟု ပြောသည်။
NUG ကာကွယ်ရေး ဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်ကလည်း PDF များအား အကြမ်းဖက် အသွင်း ပုံဖော်ဝါဒဖြန့်ချိ လေ့ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်မှုများအပေါ် ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ တုံ့ပြန်မည်ဆိုပါက တော်လှန်ရေးအပေါ် မည်သို့မျှ အကျိုးသက်ရောက်မှုရှိမည် မဟုတ်ကြောင်းလည်း ပြောထားသည်။
You may also like these stories :
တပ်မ ၉၉ ဒုတပ်မမှူး ဗိုလ်မှူးကြီး သန်းနိုင်စိုး လာဘ်စား၍ အဖမ်းခံရခြင်းဖြစ်ဟု NUG ပြော
ထီးလင်းမြို့ကို တော်လှန်ရေးအင်အားစုများ ပိတ်ဆို့ထား
ထင်သည်ထက် အင်အားနည်းပြီး ပြိုကွဲမြန်နေသည့် စစ်ကောင်စီတပ်