စစ်ကောင်စီက ထိန်းချုပ်ထားသော မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးဆွေးနွေးပွဲတွင် လွှမ်းမိုးနေစဉ် အာဆီယံသည် “လမ်းဆုံလမ်းခွ” ရောက်နေကြောင်း အင်ဒိုနီးရှားမှ ဝါရင့်ဝန်ကြီးတဦးက မေလ ၉ ရက်နေ့တွင် သတိပေးလိုက်သည်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို လွန်ခဲ့သော နှစ်နှစ်ကျော်က ဖြုတ်ချပြီး အာဏာသိမ်းမှု ဆန့်ကျင်သူများကို သွေးချောင်းစီးဖြိုခွဲသောကြောင့်မြန်မာနိုင်ငံတွင် လူအသေအပျောက်များသော အကြမ်းဖက်မှုများ ဖြစ်ပွားနေသည်။
စွမ်းဆောင်ရည်ကင်းမဲ့သည့် စကားဝိုင်းသက်သက်အဖြစ် ဝေဖန်ခံနေရသော အာဆီယံသည် ထိုအကျပ်အတည်းကို ဖြေရှင်းရန် သံတမန်ရေးအားထုတ်မှုကို ဦးဆောင်နေသည်။
စစ်ကောင်စီက နိုင်ငံတကာဝေဖန်မှုများကို လျစ်လျူရှုကာ အတိုက်အခံများနှင့် ထိတွေ့ဆက်ဆံရန် ငြင်းဆန်သောကြောင့် ထိုအားထုတ်မှုများသည် အရာမရောက်ပေ။ အတိုက်အခံများတွင် ဖြုတ်ချခံလွှတ်တော်ကိုယ်စားလှယ်များ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်သည်။
အစိုးရဆန့်ကျင်သူများ၏ အမာခံဒေသမှ ပဇီကြီးကျေးရွာကို လွန်ခဲ့သောလက လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၇၀ ခန့် သေဆုံးပြီး ကမ္ဘာတဝန်း ပြစ်တင်ဝေဖန်မှုများဖြစ်စေကာ စစ်ကောင်စီ၏ အထီးကျန်မှုကို ပိုမိုဆိုးရွားစေသည်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် အာဆီယံအနေဖြင့် ပိုမိုပြင်းထန်စွာ အရေးယူရန်တောင်းဆိုမှုများ ဖြစ်ပေါ်စေပြီး ထိုသို့မလုပ်လျှင် ဘေးရောက်သွားမည့်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
“အာဆီယံက လမ်းဆုံလမ်းခွတခုကို ရောက်နေတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေး၊ တရားဥပဒေရေးရာနှင့် လုံခြုံရေး ညှိနှိုင်းမှုဝန်ကြီး မစ္စတာ မာဖတ် အမ်ဒီက ထိပ်သီးဆွေးနွေးပွဲ ပထမနေ့ဖြစ်သော မေလ ၉ ရက်နေ့တွင် ပြောသည်။
“အသိုက်အဝန်းတခုအနေနဲ့ ကျနော်တို့ရဲ့ခွန်အားကို အကျပ်အတည်း တခုပြီးတခုက စမ်းသပ်နေတယ်။ အဲဒီအကျပ်အတည်းတွေကို မဖြေရှင်းနိုင်ခြင်းက ကျနော်တို့ရဲ့ ခေတ်နဲ့ကိုက်ညီမှုကို အန္တရာယ်ကျရောက်စေတယ်” ဟု ၎င်းကပြောပြီး မြန်မာအကျပ်အတည်းသည် အဖွဲ့အနေဖြင့် ရင်ဆိုင်နေရသည့် အရေးပေါ် ပြဿနာများတွင် ပါဝင်သည်ဟု ပြောသည်။
လွန်ခဲ့သောလက နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှ လေကြောင်းတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုဖြစ်နိုင်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က မေလ ၉ ရက်နေ့တွင် ပြောကြားလိုက်ပြီး အာဆီယံအနေဖြင့် “စစ်တပ်၏ ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရေးနှင့် ပြုပြင်ပြောင်းလဲရန် စစ်တပ်ကို ဖိအားပေးရေးတို့အား ထောက်ခံရန်” ပြောသည်။
မြန်မာအတွက် အာဆီယံ လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းရေးသံတမန်များနှင့် အရာရှိများကို သယ်ဆောင်လာသည့် ယာဉ်တန်းတခု မေလ ၇ နေ့တွင် တိုက်ခိုက်ခံရသောအခါ အဖွဲ့အပေါ် ဖိအား ပိုမိုပြင်းထန်လာသည်။
မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တွင်ဖြစ်ပွားသော ထိုပစ်ခတ်မှုနှင့် ပတ်သက်သည့် အသေးစိတ်များကို မသိရသေးသော်လည်း ထိုသို့ တိုက်ခိုက်ခံရသူများတွင် ရန်ကုန်မှ ၎င်းတို့ သံတမန်များပါဝင်ကြောင်း အင်ဒိုနီးရှားနှင့် စင်ကာပူ နှစ်နိုင်ငံလုံးက အတည်ပြုသည်။
စင်ကာပူက ၎င်းတို့ သံရုံးဝန်ထမ်း နှစ်ဦး မထိခိုက်ကြောင်းပြောပြီး ထိုဖြစ်ရပ်ကို ရှုတ်ချကြောင်း မေလ ၈ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ဖော်ပြသည်။
ယခုနှစ် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကလည်း ထိုယာဉ်များအတွင်းမှ ၎င်းတို့ သံတမန် နှစ်ဦး အခြေအနေကောင်းကြောင်း ပြောသည်။
ပြတ်သားမှုကင်းမဲ့
ထိုပစ်ခတ်မှုသည် မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဖလောစ်ကျွန်းတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ဖြစ်ပွားသည်။ ထိုထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးများနှင့် နိုင်ငံခေါင်းဆောင်များသည် မြန်မာတွင် အကြမ်းဖက်မှု ရပ်ဆိုင်းရန် ကြားဝင်မှုမအောင်မြင်ဘဲ လွန်ခဲ့သော နှစ်နှစ်က မြန်မာနှင့် သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ချက် စတင် အကောင်အထည်ဖော်ရေး ဆက်လက်အားထုတ်ရန် ဆွေးနွေးမည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးများသည် မေလ ၉ ရက်နေ့တွင် ဆွေးနွေးပြီး ၎င်းတို့၏ခေါင်းဆောင်များသည် မေလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

လာဘူရန် ဘာဂျိုသို့ အာဆီယံအရာရှိများ မရောက်မီ စစ်တပ်သည် ကမ္ဘာ့အကြီးဆုံး ဖွတ်ကြီးများရှိရာ ကိုမိုဒို အမျိုးသားဥယျာဉ်အဝင်မှ ထိုငါးဖမ်းလုပ်ငန်းမြို့ငယ်လေးတွင် အင်အား ၉,၀၀၀ ရှိတပ်ဖွဲ့များနှင့် စစ်သင်္ဘောများ ဖြန့်ကြက်ထားသည်။
မေလ ၉ ရက်နေ့က ဆွေးနွေးပွဲအတွင်း ဝန်ကြီးများသည် မေလ ၇ ရက်နေ့ တိုက်ခိုက်မှုအပါအဝင် မြန်မာ့အရေးကို များစွာဆွေးနွေးကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက ပြောသော်လည်း အသေးစိတ်ပြောကြားခြင်း မပြုပေ။
မေလ ၇ ရက်နေ့က ပစ်ခတ်မှုကြောင့် ထိပ်သီးဆွေးနွေးပွဲတွင် အဓိကအကြောင်းအရာအဖြစ် မြန်မာ့အရေးဆွေးနွေးရန် ဖြစ်စေကြောင်း အရှေ့တောင်အာရှ သံတမန်တဦးက AFP သတင်းဌာနသို့ ပြောသည်။
ထိုပစ်ခတ်မှုအတွက် “လေးလေးနက်နက် စိုးရိမ်ကြောင်း” အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပြီး “ဘုံသဘောတူညီချက် ၅ ချက်ကို အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖော်ရန်” စစ်ကောင်စီကို တိုက်တွန်းသည်။
မြန်မာသည် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေသော်လည်း စစ်ကောင်စီက ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည် မဖော်သောကြောင့် မြန်မာကို အဖွဲ့၏ ထိပ်တန်းအစည်းအဝေးတက်ခွင့် ပိတ်ပင်ထားသည်။
မေလ ၉ ရက်နေ့က ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာထိုင်ခုံ လွတ်နေသည်။
အင်ဒိုနီးရှားနိုင်ငံသည် မြန်မာပဋိပက္ခ၏ ဘက်အားလုံးနှင့် ဆွေးနွေးရန်နှင့် ငြိမ်းချမ်းရေးအားထုတ်မှုများကို ထပ်မံတွန်းအားပေးရန် “တိတ်ဆိတ်သော သံတမန်ရေးနည်းလမ်း” အသုံးပြုနေသည်ဟု မစ္စ မာဆူဒီက မေလ ၅ ရက်နေ့တွင် ပြောသည်။
အာဆီယံသည် စွမ်းဆောင်ရည်ကင်းမဲ့သောကြောင့် ဝေဖန်ခံနေရသော်လည်း ၎င်း၏ ပဋိညာဉ်ပါ ဘုံသဘောတူညီချက်ရယူရေးနှင့် ကြားဝင်မစွက်ဖက်ရေး မူများကြောင့် ၎င်း၏ အစီအစဉ်များသည် အကန့်အသတ်ရှိသည်။
တရုတ်နှင့် တသီးပုဂ္ဂလ အာဆီယံနိုင်ငံများကဲ့သို့သော အခြားနိုင်ငံများသည် မြန်မာအကျပ်အတည်းကို ဖြေရှင်းရေးတွင် ဦးဆောင်မှု ယူလာကြသည်။
အဖွဲ့၏ အားထုတ်မှုများအပေါ် နိုင်ငံတကာထောက်ခံမှုကို ကြိုဆိုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်းရစ် မာနာလိုက မေလ ၉ ရက်နေ့တွင် ပြောသော်လည်း ဖြေရှင်းမှုသည် “အာဆီယံ ဦးဆောင်သော” ဖြေရှင်းမှုဖြစ်ရမည်ဟု ပြောသည်။
အာဆီယံသည် မေလ ၇ ရက်နေ့ တိုက်ခိုက်မှုဖြစ်သော်လည်း ပြစ်တင်ရှုတ်ချသည်ဆိုသည့် အင်အားချိနဲ့သော ကြေညာချက်ထက်ပိုပြီး မည်သည်မှ လုပ်နိုင်ဖွယ်မရှိကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် သုတေသီ ဇာချာရီ အဘူဇာက ပြောသည်။
“သံတမန်တယောက်သေသွားရင် အဖွဲ့အနေနဲ့ တခုခုလုပ်ဖို့ ပိုမိုဖိအားဖြစ်လာမယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့က လွန်ခဲ့တဲ့ နှစ်နှစ်လုံး အင်အားချိနဲ့လွန်းလို့ အဓိပ္ပာယ်ရှိတဲ့အလုပ် လုပ်နေတယ်လို့တောင် သုံးသပ်ဖို့ခက်တယ်” ဟု အဘူဇာက AFP သို့ ပြောသည်။
ကိုးကား ။ ။ AFP သတင်း ASEAN at a ‘crossroad’ as Myanmar violence escalates
You may also like these stories:
Track 1.5 နှင့် မြန်မာ့နိုင်ငံရေးအလှုပ်
မြန်မာအကြမ်းဖက်မှု အရှေ့တောင်အာရှခေါင်းဆောင်များ “အလေးအနက် စိုးရိမ်ပူပန်”
သံတမန်များပါသည့် ယာဉ်တန်း အတိုက်ခံရမှု ၎င်းတို့ လက်ချက်မဟုတ်ဟု PNLO ငြင်း
မြန်မာ့အရေး အပြောင်းအလဲအတွက် အင်ဒိုနီးရှား အချိန်မကျန်တော့
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ
မြန်မာအကျပ်အတည်း လူသားချင်း စာနာကူညီရေးတွင် အာဆီယံ အလုပ်ဖြစ်ဟု အင်ဒိုနီးရှား ပြော