မုန်တိုင်းအန္တရာယ် တိမ်းရှောင်ရန် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အောက်ပိုင်း ကျေးရွာများမှ ဒေသခံ ၉၅၀၀ ကျော် မြို့ပေါ်သို့ ရှိနေပြီ ဖြစ်ကြောင်း လူမှုကူဆယ်ရေး အသင်းများထံမှ သိရသည်။
လပွတ္တာမြို့နယ်အောက်ပိုင်း ပင်လယ်ပြင်နှင့်နီးသည့် ကျေးရွာများဖြစ်သော ပြင်စလူ၊ ကိုင်းတောင်၊ အိုင်မ စသည့် ကျေးရွာများမှ ဒေသခံများသည် လပွတ္တာမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် လာရောက်ခိုလှုံ နေကြကြောင်း သိရသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ဧရာဝတီ)မှ တာဝန်ရှိသူတဦးက “လပွတ္တာမြို့ပေါ်မှာဆိုရင် ဘုန်းကြီးကျောင်း တွေ၊ စာသင်ကျောင်းတွေမှာ လူပေါင်း ၉၅၀၀ ကျော် ရှိတယ်။ လောလောဆယ် သူတို့တွေအတွက် သောက်ရေက အရေးကြီးပါတယ်။ စားတာသောက်တာတော့ သူတို့ဘာသာချက်ပြုတ်ပြီး စားလို့ရတဲ့အနေအထား ရှိပါသေးတယ်။ ကြိုတင်စီစဉ်ထားတာဆိုတော့ အကုန်ပါလာကြတယ်” ဟု ပြောသည်။
အဆိုပါ မုန်တိုင်းအန္တရာယ်ရှောင်ရှားကြသူများမှာ ပြီးခဲ့သည့် မေလ ၆ ရက်ကတည်းက စတင်ရောက်ရှိနေကြခြင်း ဖြစ်သည်။
လပွတ္တာမြို့ပေါ်သို့ တိမ်းရှောင်လာသည့် ပြင်စလူရွာဒေသခံတဦးက “၆ ရက်နေ့လောက်ကနေစပြီးတော့ တက်လာတာ။ ရာသီဥတုကတော့ ကောင်းတယ်။ မိုးတောင်တစက်မှ မရွာသေးဘူး။ နေပဲပူနေတာ။ အိုးအိမ်ကိုထားပြီးတော့ မြို့ပေါ်ကို တက်လာကြတာ။ ဘယ်ထားခဲ့ချင်ပါ့မလဲ။ ပစ္စည်းတွေလည်း ပျောက်တာတွေ ရှိနေတယ်။ အရင်က ခံထားရတော့ မနေရဲဘူး” ဟု ဆိုသည်။
မေလ ၉ ရက် ည ၇ နာရီတိုင်းတာထွက်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်အားကောင်းလာနိုင်ပြီး နောက် ၆ နာရီ အတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလ ဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းငယ်သည် မေ ၁၀ ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ် ရောက်ရှိနိုင်ပြီး မေ ၁၁ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ရောက်ရှိကာ ထိုမှတဆင့် မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့၍ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ရွေ့လျားနိုင်ကြောင်းလည်း ဖော်ပြထားသည်။
မေ ၁၀ ရက်တွင် တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့၌ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့၌ နေရာကျဲကျဲ၊ ကယား (ကရင်နီ) ပြည်နယ်၌ နေရာစိပ်စိပ်မှနေရာကျဲကျဲ၊ ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်ဟုလည်း ခန့်မှန်းထားသည်။
၂၀၀၈ ခုနှစ် မေလက မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းနာဂစ်မုန်တိုင်းကြောင့် ခန့်မှန်းခြေ လူပေါင်း ၁၄၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ၂ ဒသမ ၂ သန်း နေရပ်စွန့်ခွာခဲ့ရကာ လပွတ္တာမြို့နယ်တခု၌ပင် လူပေါင်း ၈၀,၀၀၀ ကျော် သေဆုံးခဲ့သည်။
လပွတ္တာမြို့ရှိ နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ တာဝန်ရှိသူတဦးက “လက်ရှိမှာတော့ မြို့ပေါ်က ကျောင်းတွေ ရောက်နေတဲ့သူတွေအတွက် လိုအပ်တာလေးတွေ ဝိုင်းကူပေး ဒီလောက်ပဲလုပ်နိုင်သေးတယ်။ ကျန်တာကတော့ မုန်တိုင်းက ဖြစ်မယ်မဖြစ်ဘူးလည်း မသေချာဘူး။ အလှူခံကလည်း ထမင်းထုပ်လောက်ပဲ လုပ်လို့ရသေးတယ်။ ကျန် တာကတော့ ဘာမှမလုပ်ရသေးဘူး။ မြို့ပေါ်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေတော့ ပြုလုပ်ထားတယ်” ဟု ပြောသည်။
မုန်တိုင်းသတိပေးချက်များ ထွက်ပေါ်ပြီးနောက်ပိုင်း မေလ ၆ ရက်ကတည်းက ရောက်ရှိနေသူများအနက် တချို့က နောက်ထပ် ၂ ရက်ခန့် အခြေအနေ စောင့်ကြည့်ပြီးပါက နေရပ်ပြန်တော့မည်ဟု စီစဉ်နေကြကြောင်းလည်း သိရသည်။
မုန်းတိုင်းလာရှောင်နေသည့် ဒေသခံတဦးက “တချို့ကလည်း ဒီတရက်နှစ်ရက်မှာ သတင်းနားထောင်ပြီး ပြန်ဆင်းဖို့ အစီအစဉ်ရှိကြတယ်။ ၁၁/ ၁၂ ရက်မှာ ဘာမှမထူးခြားရင် ပြန်မယ်ပြောကြတယ်။ အလုပ်တွေ ဖျက်လာရတာဆိုတော့။ ကျမတို့ကတော့ စောင့်ကြည့်ဦးမယ်။ ဖြစ်လာရင်မလွယ်ဘူး” ဟု ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေ ၁၂ရက်မှ ၁၄ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၇၀)မှ မိုင်(၈၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်းဝင်ရောက်နိုင်သည့် အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်စိတ်များကြောင့် ဆန်ဝယ်ယူ စုဆောင်းမှု မြင့်တက်နေသည့်အတွက် ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်းလည်း သိရသည်။
You may also like these stories:
မန္တလေးတွင် သောက်သုံးရေပြတ်လပ်မှု ကြုံနေ
အပူလှိုင်း အာရှတွင် ကျရောက်နေပြီး အခြေအနေ ဆိုးရွားနိုင်
လယ်ဝေးတွင် လေပြင်းတိုက်မှုကြောင့် ၆ ဦး သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ