ကချင်ပြည်နယ် ဖားကန့်ဒေသ လုံးခင်း၊ မှော်စီဆာရွာများရှိ လူနေရပ်ကွက်များတွင် စက်ယန္တရားများဖြင့် ကျောက်စိမ်း တူးနေသောကြောင့် ဒေသခံများ သောက်သုံးရေ အခက်အခဲများ ရှိလာကြောင်း သိရသည်။
၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ ဖားကန့်အာဏာပိုင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး လူနေရပ်ကွက်များထဲအထိပါ ကျောက်စိမ်းတူးခြင်းကို အင်တိုက်အားတိုက် လုပ်လာသဖြင့် ရေကြောများပြတ်လာခြင်း၊ စွန့်ပစ်မြေစာများကြောင့် မြစ်ချောင်း အင်းအိုင် ရေများပါ ညစ်ညမ်းလာသဖြင့် ရေအခက်အခဲပေါ်လာခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ်ဒေသခံ တဦးက ပြောသည်။
“ရေကြောတွေ တော်တော်ပြတ်ကုန်တာပေါ့။ အရင်က မှော်စီဆာဆိုရင် အဝီစိတွင်းတောင် တူးစရာ မလိုဘူး။ ရိုးရိုး ရေ တွင်း တူးရင်တောင် အဆင်ပြေတယ်။ ဒီနှစ်ကတော့ ပိုဆိုးသွားတာပေါ့။ ရေကို ပြတ်ထွက်သွားတာ။ အဝီစိတူးတာတော့ ပေထောင်ချီနက်အောင် တူးကြတာပဲ။ မရကြဘူး။ အခုက ချိုင့်ဝှမ်းက ကုန်းမြေဖြစ်၊ ကုန်းမြေက ချိုင့်ဝှမ်းဖြစ်နဲ့ ဘာမှကို ရစရာ မရှိတော့တာ။ ဒါက ကျောက်စိမ်းတူးတာကြောင့် အဓိကပဲ။ အခုဆို ရေဝေရေလဲရှိတဲ့ ဥတုချောင်းကြီး ကလည်း ပျက်စီးနေပြီ”ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
စက်ယန္တရားများဖြင့် ကျောက်စိမ်းတူးခြင်းကြောင့် ရေလမ်းကြောင်းပြောင်းခြင်း၊ ရေကြောပြတ်ခြင်း၊ ရေတွင်းများ ရေခမ်း လာခြင်း၊ ရေများ မသန့်တော့ခြင်းများ ဖြစ်လာသလို မြစ်၊ ချောင်းများရှိ ရေများမှာလည်း နောက်ကျိကာ သောက်သုံး မရ သည့်အပြင် ချိုးရေ၊ သုံးရေ အတွက်ပါ ခက်ခဲလာကြောင်း ၎င်းက ဆိုသည်။
ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများက အာဏာပိုင်တို့နှင့်ပေါင်း၍ ရပ်ကွက်ထဲရှိ နေရာလွတ်များတွင် တူးဖော်ကြသလို ပြည်သူများ၏ အိမ်ခြံဝင်းများကို လျော်ကြေးပေး ဖယ်ခိုင်းကာ တူးဖော်မှုများရှိကြောင်း သိရသည်။
အဆိုပါ ဒေသခံက “အမျိုးမျိုးသော အာဏာ လုပ်ပိုင်ခွင့်တွေနဲ့ ပြည်သူတွေနေတဲ့ အိမ်နဲ့ ကပ်ရပ်မှာပဲ ပေထောင်ချီအောင် ကျောက်စိမ်းတွေ တူးဖော်ကြတော့ အိမ်တွေက ပြိုတာပေါ့။ အဲ့တော့ ဖယ်ပေးရတယ်။ မပြို၊ ပြိုအောင် လုပ်တာတွေလည်း ရှိတယ်။ ကိုယ့်အိမ်လည်း ပြိုလာတော့ သူပေးတဲ့ လျော်ကြေးလောက်နဲ့ တင်းတိမ်ပြီး ဖယ်ပေးရတာပေါ့။ အဲ့ဒီလိုတွေထိ တူးတော့ အခုကျတော့ အခက်အခဲတွေ ဖြစ်လာတာ”ဟု ပြောသည်။
ယခင် မြို့တွင်းသို့ တောင်ပေါ်ရေထွက်မှ ရေပေးသော်လည်း ယခုအခါ ရေကြောပြတ်တောက်မှုများကြောင့် ရပ်ဆိုင်းသွားပြီး ဖားကန့်မြို့တွင်း ရပ်ကွက်များတွင် သောက်သုံးရေပြတ်မှု အဆိုးဆုံးဖြစ်နေကြောင်း၊ ပြီးခဲ့သည့်နှစ်က လုံးခင်း၊ မှော်စီဆာတို့ တွင် ရေရှားပါးမှု ရှိသော်လည်း ရေပေးဝေရေးစနစ်ကြောင့် အဆင်ပြေခဲ့ပြီး ယခုနှစ်နွေရာသီတွင် ရေကြောပျက်စီးမှုကြောင့် ရေပေးဝေရေးလုပ်ငန်းများလည်း ရပ်ဆိုင်းခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ဖားကန့် လုံးခင်းဒေသခံ တဦးက “ရေရှားပါးမှုက အခု လက်တွေ့ ရင်ဆိုင်နေရတာ။ ရေတွင်း၊ ရေကန်တွေ ဆိုသောက်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ ကျောက်တူးလိုက်တော့ အိုင်တွေ ဖြစ်သွားတာပေါ့။ အဲ့တော့ သောက်သုံးရေကလည်း ရှားပါး လာတယ်။ မရှိဘူး။ သောက်ရေသန့်ကိုပဲ မှာ သောက်ရတာပေါ့။ တောင်ပေါ်က ရေကို အရင်က သွယ်ပြီးသောက်ကြတာ ရှိတယ်။ အခုကတော့ တောင်ပေါ်ဆိုတာလည်း မရှိတော့ဘူး၊ ရေအိုင်တွေ ဖြစ်နေတယ်။ အဲ့တော့ သောက်လို့မရဘူး၊ ချိုးဖို့ သုံးဖို့တောင် ကျန်းမာရေးနဲ့ မညီတာတွေ ရှိတယ်။ အခုကတော့ လုပ်ငန်းရှင်တွေ သူဌေးတွေက အခြေခံ ပြည်သူတွေကို သူတို့ ပေးချင်သလောက် ပေးပြီး ရွေ့ခိုင်းတာ၊ ပြီးရင် ကျောက်စိမ်း ဝင်တူးတာပေါ့။ ကျောက်စိမ်းတူးတဲ့ နေရာကို လုနေကြတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်စိမ်းတူးဖော်ခြင်းများကို အထိန်းအကွပ်မဲ့ လုပ်ဆောင်ခဲ့သဖြင့် ယခုနှစ်တွင် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရသလို မကြာခင်ကာလအတွင်း မြို့ပျက်ကြီးသဖွယ် ဖြစ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်လယ်ပိုင်းမှ စတင်ပြီး စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းသည့် ကုမ္ပဏီကြီးများက ကျေးရွာများအတွင်း ကျောက်စိမ်းတူးဖော်ခဲ့ရာ မှော်စီဆာတွင် ကျောက်စိမ်းတူးသည့်ကုမ္ပဏီကြီး ၅၀ ခန့် ရှိပြီး လူနေရပ်ကွက်များအတွင်းထိပါ တူးဖော်မှုလာသဖြင့် ယခုနှစ်တွင် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေရကာ တချို့ ဝယ်ယူသောက်သုံးရန် မတတ်နိုင်သည့်သူများက မသန့်ရှင်းသည့် ချောင်းရေ၊ တွင်းရေ၊ အိုင်ရေ ကိုပင် ကျိုချက် သောက်သုံးနေရခြင်း ဖြစ်သည်။
ဖားကန့်ဒေသသည် သောက်သုံးရေအခက်ခဲသာမက နယ်မြေတည်ငြိမ်မှုလည်းမရှိသဖြင့် စားသောက်ကုန် ဈေးနှုန်းမှာ ဆန်ကြမ်း အမာတအိတ်ပင်လျှင် ကျပ် ၁ သိန်း ကျော်ထိ ဈေးမြင့်တက်နေသလို စက်သုံးဆီမှာလည်း ပြတ်လပ်သည့် အချိန်က ပို၍ များကြောင်း ဒေသခံများထံက သိရသည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီအများစုမှာ တပ်မတော်ပိုင် ကုမ္ပဏီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်နွယ်သော ကုမ္ပဏီများနှင့် ယခင်စစ်အစိုးရ လက်ထက်က အဆင့်မြင့်အရာရှိများနှင့် နီးစပ်သည့် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်များ ပိုင်ဆိုင်သော ကုမ္ပဏီများ ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ထားသော Global Witness အစီအရင်ခံစာအရ သိရသည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက် လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေရှိ ကုမ္ပဏီများ စက်ယန္တရား အလွန်အကျွံ သုံးစွဲမှု မရှိစေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်၍ ယင်းဒေသရှိ ယာဉ်အသုံးပြုခွင့် လက်မှတ်များ စိစစ်ထုတ် ပေးခြင်း၊ ကျောက်စိမ်း တူးဖော်မှု၊ မြေစာစွန့်ပစ်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ကိုလည်း စနစ်တကျ စီမံခန့်ခွဲကြီးကြပ်နိုင်ရန် ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေ ကျောက်စိမ်း တူးဖော်မှု လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့သည် မြန်မာနိုင်ငံ၏ ကျောက်စိမ်းရတနာသိုက်တည်ရှိရာ နေရာဖြစ်သလို ကမာ္ဘပေါ်ရှိ တခုတည်းသော အဖိုးတန်မျိုး၊ အရည်အသွေး ထိပ်တန်းကျသော ဂျေဒိုက် ကျောက်စိမ်း ထွက်ရှိရာ နေရာဖြစ်ပြီး လူဦးရေ ၃ သိန်းကျော် နေထိုင်သောမြို့ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ် ဧပြီလမှ ဇူလိုင်လအထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်း ရရှိခဲ့ကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
You may also like these stories:
ဖားကန့် ကျောက်လုပ်ငန်းရှင်များကို စစ်ကောင်စီက ငွေညှစ်ဖမ်းဆီးမှုများ လုပ်နေ
ဖားကန့်တွင် စက်သုံးဆီ သယ်ယူခွင့်ပိတ်ထား၍ ဆီပြတ်လပ်မှုဖြစ်
ဖားကန့်၌ ရွာမြေများအထိ ကျောက်စိမ်းတူးကြ၍ ပြောင်းရွှေ့ရမည့် အခြေအနေကြုံ
ဖားကန့်ကျောက်စိမ်းကုမ္ပဏီများ အကျိုးစီးပွားပိုင်ဆိုင်သူကို ဖော်ပြရန် ပျက်ကွက်နေ