လွန်ခဲ့သောအပတ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် မြန်မာစစ်အာဏာရှင်တွေ့ဆုံပြီးနောက် မြန်မာ နိုင်ငံတဝန်း တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်လာသည်။
တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဘေ့ဂျင်း၏ အဆင့်အမြင့်ဆုံးကိုယ်စားလှယ်ကို နေပြည်တော်သို့ လည်ပတ်စေခြင်းဖြင့် မြန်မာ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းအား အဆင့်မြှင့်တင်သည်။ ချင်ကန်းသည် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့် အာဏာရှင်ဟောင်း ဦးသန်းရွှေကို တွေ့ဆုံသည်။
ထိုခရီးစဉ်နောက်ပိုင်းတွင် နိုင်ငံတဝှမ်းမှ တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် အထွေထွေ သပိတ်ကော်မတီများက အွန်လိုင်းလှုပ်ရှားမှု ပြုလုပ်ပြီး “သို့ တရုတ်အစိုးရ၊ ဖက်ဆစ်စစ်တပ်နဲ့ ပေါင်းပြီး မြန်မာပြည်သူကို သတ်တာရပ်” ဆိုသည့် သတင်းစကားကို တရုတ်နှင့် အင်္ဂလိပ်ဘာသာများဖြင့် အွန်လိုင်းတွင် မျှဝေသည့် လှုပ်ရှားမှု စတင်လိုက်သည်။
ထိုသို့သောဆန္ဒပြပွဲများကို ရန်ကုန်နှင့် စစ်ကိုင်တိုင်းမှ ယင်းမာပင်၊ ဆားလင်းကြီးနှင့်လက်ပတောင်းတို့တွင် ပြုလုပ်ပြီး တရုတ်အလံကို မီးရှို့ကြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာရှိ တရုတ်သံရုံးသည် နေ့စဉ် ဆန္ဒပြပွဲများကို ရင်ဆိုင်ရပြီး သိန်းနှင့်ချီသည့် ဆန္ဒပြသူများက တရုတ်အနေဖြင့် စစ်တပ်ကို ထောက်ခံခြင်း ရပ်ဆိုင်းရန်တောင်းဆိုသည်။
တရုတ်က ထိုအာဏာသိမ်းမှုသည် ပြည်ပစွက်ဖက်မှုမလိုသော ပြည်တွင်းရေးသာဖြစ်သည် ဟုပြောပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်ပြစ်တင်ရှုတ်ချမှုများ ရှိစေကာမူ နေ့စဉ်သတ်ဖြတ်နှိမ်နင်းမှုများအား ရှုတ်ချခြင်းမပြုပေ။ ထိုစဉ်က တရုတ် ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် တောင်းဆိုမှုများနှင့် တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းများနှင့် ပိုက်လိုင်းများကို ခြိမ်းခြောက်မှုများဖြစ်လာသည်။နောက်ပိုင်းလများတွင်မူ မန္တလေးတိုင်းမှ တရုတ်ပိုက်လိုင်းများကို တိုက်ခိုက်မှုအနည်းငယ်ဖြစ်လာသည်။
တရုတ်နိုင်ငံက လုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းရှိရာ ဆားလင်းကြီး အထွေထွေသပိတ်ကော်မတီကလည်း တရုတ်က စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံခြင်းသည် တရုတ်ဆန့်ကျင်ရေးဒေါသကို မီးမွှေးပေးသည်ဟု ဖေါ်ပြသည်။
“စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သော မည်သည့် နိုင်ငံ သို့မဟုတ် အစိုးရကိုမျှ မိမိတို့ မလိုလားကြောင်း အခိုင်အမာ ကြေညာသည်” ဟု ထိုကော်မတီက ကြေညာသည်။
တရုတ်သည် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပါက ပြည်သူ့ဒေါသသည် ပိုမိုကြီးထွားလာမည်ဖြစ်ကြောင်း ရန်ကုန်မှ တက်ကြွလှုပ်ရှားသူများက သတိပေးသည်။
အင်္ဂါနေ့တွင် ရန်ကုန်မှ လျှပ်တပြက် ဆန္ဒပြပွဲတခုတွင် တရုတ်အနေဖြင့် အာဏာရှင်များဖြစ်သော မင်းအောင်လှိုင်နှင့် သန်းရွှေကို ကာကွယ်မည့်အစား ပြည်သူ့ဆန္ဒနှင့် မြန်မာ၏ အချုပ်အခြာ အာဏာကို လေးစားရန်တောင်းဆိုကြသည်။
အာဏာရှင်စနစ် ကျဆုံးသွားသောအခါ အိမ်နီးချင်းများသည် ဆက်လက် အတူတကွနေထိုင်ရမည်ဖြစ်ပြီး ချစ်ကြည်ရင်းနှီးနီးစပ်သော နှစ်နိုင်ငံဆက်ဆံရေး ရာစုနှစ်ပေါင်းများစွာ ဥပမာရှိခဲ့ကြောင်း ထင်ရှားသော တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း ရေးသည်။
အကြမ်းဖက်အစိုးရနှင့် အပြုသဘောဆက်ဆံရေး ထူထောင်၍ ရမည် မဟုတ်ကြောင်း သူပြောသည်။
“ဖက်ဆစ်စစ်တပ်ကို တရုတ်က ယခုကဲ့သို့ ဆက်လက်ထောက်ခံနေပါက တရုတ်သည် မြန်မာ၏ ဘုံရန်သူစာရင်းတွင် ပါဝင်လာမည်။ မိမိတို့အနေဖြင့် လေးနက်သော သတင်းစကားပါးလိုပြီး နှစ်နိုင်ငံလုံးသည် အကျိုးဆက်များ ရင်ဆိုင်ရမည်ဖြစ်သည်” ဟု ဒေါက်တာတေဇာဆန်းပြောသည်။
မြန်မာအရပ်သားအမျိုးသား ညီညွတ်ရေးအစိုးရက ချင်ကန်း၏ ခရီးစဉ်ကိုဝေဖန်ပြီး အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများ၊ အငြင်းပွားဖွယ် ဖမ်းဆီးမှုများနှင့် မီးရှို့တိုက်ခိုက်မှုများဖြင့် မည်သည့်တည်ငြိမ်မှုကိုမျှ မထိန်းသိမ်းနိုင်ကြောင်းပြောသည်။
ပြည်သူ့ဆန္ဒသည်သာ မြန်မာတွင် ရေရှည်တည်ငြိမ်မှုရစေမည့် တခုတည်းသော နည်းလမ်းဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရပြောသည်။
You may also like these stories:
ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ
ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်
မူပြောင်းမလား လူပြောင်းမလား စစ်ကောင်စီ တခုတော့ ရွေးရမည်
မြန်မာစစ်တပ် တရုတ်ဆီက မုန့်ယူမလား တုတ်ယူမလား