မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းမှာ ရခိုင်ပြည်နယ်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် အခြေအနေများကြောင့် ပင်လယ်ကမ်းစပ်များအနီးရှိ ကျေးရွာဒေသခံတချို့နှင့် မုန်တိုင်းဖြတ်သန်းနိုင်မည့် နေရာများတွင် နေထိုင်သည့် ဒေသခံများသည် မေ ၉ ရက်က စ၍ ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းလျက်ရှိကြောင်း သတင်း ရရှိသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ယနေ့မနက် တိုင်းထွာချက်များအရ ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) အဖြစ်သို့ ရောက်ရှိခဲ့ပြီး လိမ္မော်ရောင်အဆင့် သတ်မှတ် ထားကြောင်းနှင့် မေလ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ ကျောက်ဖြူမြို့အနီးမှ မုန် တိုင်းဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တနာရီ မိုင် ၉၀ မှ ၁၀၀ ခန့်အထိရှိနိုင်ပြီး မုန်တိုင်း ဒီရေအနေဖြင့် စစ် တွေခရိုင်၊ မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၀ ပေမှ ၁၄ ပေခန့်အထိနှင့် ကျောက်ဖြူခရိုင် အတွင်း ၇ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းတွင်ရှိသည့် သရက်တောကျေးရွာ၊ အလယ်ရွာနှင့် ရွာမကျေးရွာတို့မှ ဒေသခံ ၄၀၀ ကျော်မှာ မုန်တိုင်းအန္တရာယ်ရှောင်ရန်အတွက် အနီးဝန်းကျင်ရှိ ကြိမ်ခွေမော်ကျေးရွာ ဘုန်းကြီးကျောင်း သို့ ကြိုတင် ရွှေ့ပြောင်း နေထိုင်လျက်ရှိကြောင်း ကြိမ်ခွေမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ပြောသည်။
၎င်းက “မနေ့က လူ ၃၀၀ ကျော်လောက် ကျနော်တို့ရွာရဲ့ ဘုန်းကြီးကျောင်းကို ရွှေ့ပြောင်းလာတာ ရှိတယ်။ ဒီနေ့ လည်း လာတာ ရှိတယ်။ အားလုံးပေါင်းဆိုရင် လူ ၄၀၀ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ကျနော်တို့ ရွာမှာလည်း မုန်တိုင်းနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ၊ သတိထားပြီး အတတ်နိုင်ဆုံး ကြိုတင် ပြင်ဆင်ထားတာတွေတော့ လုပ်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းပြင် စစ်တွေမြို့တဖက်ကမ်း၌ရှိ အိမ်ခြေ ၃၀၀ ကျော်ရှိသည့် သဲခုံကျွန်း ကျေးရွာသားများလည်း ပေါက်တောမြို့ ပေါ်နှင့် စစ်တွေမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးသားချင်းများရှိရာသို့ ပြောင်းရွှေ့နေထိုင်မှုများ ရှိကြောင်း သိရသည်။
သဲခုံကျေးရွာသားတဦးက “ကျနော်တို့ရွာက ပင်လယ်ဝမှာ တည်ရှိနေတာဆိုတော့ နှစ်စဉ် သဘာဝ ဘေးအန္တာရာယ်ကို အနည်းအများ ခံကြရတယ်။ အခု မုန်တိုင်းသတိပေးချက်တွေ ကြေညာထားတော့ ဒါက ပေါ့ပေါ့နေလို့မရဘူးဆိုပြီး ဒီကနေ့ပဲ စက်လှေထွက်လို့ရတုန်း ဆွေမျိုးတွေရှိတဲ့ နေရာတွေကို ပြောင်းကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ပင်လယ်ပြင်အတွင်းရှိ ငါးဖမ်းစက်လှေများမှာလည်း မုန်တိုင်းရှောင်ရန်အတွက် စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ် ထားကြကြောင်း သိရသည်။
စစ်တွေမြို့ပေါ်တွင်လည်း မုန်တိုင်း ဝင်ရောက်မည့် သတင်းများကြောင့် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များ၊ ပစ္စည်းများကို နေရာရွှေ့ပြောင်းမှုများ ပြုလုပ်နေကြသလို၊ ကုန်ပစ္စည်းတချို့မှာလည်း ဈေးမြင့်တက်မှုဖြစ်ပေါ်နေကြောင်း စစ်တွေမြို့ အရပ်ဘက် အဖွဲ့အစည်းတခုမှ ဦးစိုးနိုင်က ပြောသည်။
၎င်းက “မုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်လာနိုင်တဲ့အတွက် ကုန်စည်ဒိုင်တွေကတော့ ဒီနေ့ကစပြီး ပစ္စည်းတွေကို နေရာပြောင်းရွှေ့နေကြတယ်။ စားသောက်ကုန်တချို့ ဈေးတက်လာတာ တွေ့ရတယ်။ ဆန်ဆိုရင် ၁ အိတ်ကို ၉၀၀၀၀ ကျော်ကနေ အခု ၁၁၀၀၀၀ ကျပ်လောက် တက်သွားတယ်။ မြို့လူထုကတော့ Facebook သုံးတဲ့ တချို့ပဲ မုန်တိုင်း အရေးကြီးတယ်ဆိုတာ သိကြတာ။ ဌာနဆိုင်ရာဘက်လည်း သူတို့ ဌာနတွင်းလောက်ပဲ စာရွက်စာတမ်းတွေ သိမ်း ဆည်းတာ။ ကြိုတင်ပြင်ဆင်လေ့ကျင့်တာတွေကို အင်တာနက်ပေါ်မှာပဲ တွေ့ရတယ်။ လူထုကို အခုထိ သေသေချာချာ သတိပေး ဆော်သြတာ မရှိဘူး” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်တွင်လည်း မုန်တိုင်းနှင့်ပတ်သက်၍ သတိပေးနှိုးဆော်မှုများကို ဌာနဆိုင်ရာများက လိုက်လံနှိုးဆော် လျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့ခံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက “မုန်တိုင်း အန္တရာယ် သတိပေးချက်တွေက တော့ မီးသတ်ကားတွေနဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာ လိုက်လံကြေညာသတိပေးနေတာ ရှိတယ်။ မြို့ခံတွေကလည်း သတိ ထား သတင်းနားစွင့်နေကြတာပေါ့။ ဌာဆိုင်ရာတွေကတော့ ပြီးခဲ့ရက်တွေက ရပ်/ကျေး ဥက္ကဋ္ဌတွေ အားလုံးကို ခေါ်ယူ ပြီးတော့ အစည်းအဝေးလုပ်ပြီး ကြိုတင်ပြင်ဆင်တာတွေ လုပ်ဖို့ ညွန်ကြားထားတယ်လို့ သိရတယ်။ အရေးကြီးစာရွက် စာတမ်းတွေကိုလည်း သေချာသိမ်းဆည်းမှုတွေလုပ်ဖို့ မှာကြားတယ် ဆိုတာမျိုးတော့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်သန်းဝင်ရောက်နိုင်ခြေရှိသည့်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ထိစပ် နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း ဌာနဆိုင်ရာများက မုန်တိုင်းအန္တရာယ် သတိပေးနှိုးဆော်မှုများပြု လုပ်နေကြကြောင်း ပလက်မြို့ခံ ကိုထန်ပိုင်က ပြောသည်။
၎င်းက “မုန်တိုင်းသတင်းကိုတော့ လူတွေလည်း ရေဒီယိုတွေ နားထောင်လို့ သိကြပါတယ်။ မီးသတ်ဌာနကလည်း နေ အိမ်တွေနဲ့ ဘုရားကျောင်းတွေကို ခိုင်ခန့်အောင် ပြုပြင်ထားဖို့ ကြေညာထားတယ်။ ကျနော်မြင်သလောက်တော့ လူ တွေကတော့ သိပ်ပြီးတော့လည်း ပြင်ဆင်တာမျိုးတော့ မတွေ့ရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မုန်တိုင်းအရှိန်ကြောင့် မေ ၁၀ ရက်ကစ၍ တိုင်းနှင့် ပြည်နယ်အသီးသီး၌ မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးများကြွေခြင်း၊ မြေပြိုခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပြီး မြန်မာ့ပင်လယ်ပြင်တွင်လည်း မိုး သက်လေပြင်းများကျရောက်ကာ လှိုင်းကြီးခြင်း၊ ဒီရေမြင့်တက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် အထူး သတိထား နေထိုင်ကြရန် မိုးဇလက သတိပေးထားသည်။
ကမ္ဘာ့သဘာဝဘေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (Global Disaster Alert and Coordination SYSTEM- GDACS) က ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် မကွေး၊ စစ်ကိုင်း တိုင်းတို့ရှိ ပြည်သူ ၂ သန်းကျော် ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက်ကို ယနေ့ ထုတ်ပြန်ထားသည်။
GDACS ၏ သတိပေးချက်တွင် မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် ကော့ဘဇားသို့ ဝင်ရောက်ရန် ဦး တည်နေပြီး ၁ နာရီလျှင် ၁၀၄ မိုင်နှုန်း တိုက်ခတ်နိုင်ကာ ရခိုင်ပြည်နယ်ရှိ လူဦးရေ ၉ သိန်း ၃ သောင်းကျော်သည် အန္တရာယ်ရှိသည့် လေပြင်းတ်ိုက်ခတ်မှုခံရနိုင်ခြေရှိကြောင်း၊ အလားတူ မိုးလေဝသ လေ့လာစောင့်ကြည့်သူများ က လည်း မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရသေ့တောင်ကြား ဖြတ်သန်းဝင်ရောက်ရန် ဗဟိုပြုနေသဖြင့် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်အထိ ထိခိုက်မှု ရှိနိုင်ကြောင်းနှင့် ပြည်သူများ ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် လည်း သတိပေးထားကြသည်။
You may also like these stories:
လူ့အခွင့်အရေး စိုးရိမ်မှုများကြောင့် ဥရောပ ဆည်လုပ်ငန်း ပညာရှင်များ မြန်မာမှ ထွက်ခွာ
မန္တလေးတွင် သောက်သုံးရေပြတ်လပ်မှု ကြုံနေ
အပူလှိုင်း အာရှတွင် ကျရောက်နေပြီး အခြေအနေ ဆိုးရွားနိုင်