မွန်ပြည်သစ်ပါတီ (NMSP) သည် အပစ်ရပ်လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်လိုက်ပြီး ၎င်း၏ ပါဝင်မှုကို လျှော့ချလိုက်ကြောင်း PPST ထံမှ စုံစမ်းသိရှိရသည်။
NMSP က ၎င်းတို့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး PPST ထံသို့ မေလ ဒုတိယပတ်က စာပို့၍ အကြောင်း ကြားခဲ့ခြင်း ဖြစ်ကြောင်း PPST အဖွဲ့ဝင်ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။
၎င်းက “လက်ရှိမှာက မွန်ပြည်သစ်ပါတီက ကျနော်တို့ရဲ့ ဦးဆောင်ကော်မတီမှာ အဖွဲ့ခေါင်းဆောင်။ အခုက အဖွဲ့ခေါင်းဆောင်အဖြစ်က ထွက်တာပါ။ အဖွဲ့ဝင်အဖြစ် ဆက်လက် ရှိပြီးတော့ ပါဝင်ပတ်သက်မှု ပူးပေါင်းဆောင်ရွက်မှုကို အဆင့်လျှော့တဲ့ သဘောပါ” ဟု ဧရာဝတီကို ပြောသည်။
PPST ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နိုင်ငံရေးညှိနှိုင်းမှုများ ပြုလုပ်ရန် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထိုအဖွဲ့ထဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်သည်။
ထိုအဖွဲ့များထဲတွင် စစ်ရေး၊ နိုင်ငံရေးဩဇာရှိသည့် KNU၊ RCSS နှင့် CNF တို့ကလည်း PPST တွင် ပါဝင်မှုကို အဆင့်လျှော့ချထားပြီး ယခုအခါ မွန်ပြည်သစ်ပါတီကပါ ဗဟိုကော်မတီ ဆုံးဖြတ်ချက်ကြောင့် ဟုဆိုကာ PPST တွင် ပါဝင်မှု အဆင့်လျှော့မည်ဟု အကြောင်းကြားလာခြင်းဖြစ်သည်။
ယင်းကဲ့သို့ PPST တွင် ပါဝင်မှု အဆင့်လျှော့ရခြင်းအကြောင်းအရင်းကို ပိုမိုသိရှိနိုင်ရန် မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးနှင့် မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသည်။
PNLO နာယက ဗိုလ်မှူကြီး ခွန်ဥက္ကာက မွန်ပြည်သစ်ပါတီသည် ပါဝင်မှု အဆင့်လျှော့မည်ဟု အကြောင်းကြား ထားသော်လည်း PPST အဖွဲ့အတွင်း မွန်ပြည်သစ်ပါတီ၏ အကြောင်းကြားစာနှင့် ပတ်သက်၍ ဆွေးနွေးမှု မလုပ်ရသေးကြောင်း၊ လတ်တလောတွင် အဖွဲ့၏ ယာယီခေါင်းဆောင်အဖြစ် ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဒေါက်တာနော်ကပေါ်ထူးက ယာယီ တာဝန်ယူထားကြောင်း ဆိုသည်။
၎င်းက “ ကျနော်တို့မှာ အစည်းအဝေးမရှိတဲ့အတွက် ဘာမှ မဆုံးဖြတ်သေးပါဘူး။ မွန်ပြည်သစ်ပါတီကို PPST အဖွဲ့ခေါင်းဆောင်ရွေးခဲ့တာက မနှစ်က မတ်လကုန်မှာလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာရွေးတာပါ။ ထိပ်သီးဆွေးနွေးပွဲက တနှစ်တကြိမ်ခေါ်ရမှာဖြစ်ပေမယ့် ဒီနှစ်မတ်နဲ့ ဧပြီမှာ မခေါ်ဖြစ်ပါဘူး။ အခုမေလထဲရောက်ပြီ။ အခြေအနေတွေ စောင့်ရင်း မခေါ်ဖြစ်တော့ အဲဒီထိပ်သီးဆွေးနွေးပွဲရောက်မှ အဖွဲ့ခေါင်းဆောင်အဖြစ် နားမှာလား။ မနားဘူးလား။ လူလဲမလားဆိုတာ ဆုံးဖြတ်ရမှာပါ။ ထိပ်သီးဆွေးနွေးပွဲက ဩဂုတ်လလောက်ဖြစ်ဖို့ မျှော်မှန်းထားပါတယ်” ဟု ဆိုသည်။
မွန်တိုင်းရင်းသား သုတေသီတဦးကမူ မွန်ပြည်သစ်ပါတီသည် PPST ကိုယ်စားပြု၍ စစ်ကောင်စီနှင့် ဆွေးနွေးရာတွင် ထူးခြားမှုမရှိသဖြင့် ပါဝင်မှု အဆင့်လျှော့ချခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်းက “မွန်ပြည်သစ်ပါတီရဲ့ အခြေခံစဉ်းစားချက်က ဒီနိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးဖို့ သဘောထားရှိတယ်။ အာဏာသိမ်းပြီးနောက် မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်တွေက NCA လမ်းကြောင်းတော့ မဟုတ်ဘူး။ NCA အနှစ်သာရကို အခြေခံတဲ့ ဆွေးနွေးပွဲတွေလုပ်မယ်ဆိုတဲ့ သဘောထားတွေရှိတယ်။ သူတို့ချင်း ဆွေးနွေးမှုကတော့ ရှိနေမယ်လို့ သုံးသပ်လို့ရတာပေါ့။ ဒါပေမယ့် ဆွေးနွေးပွဲတွေက မထူးခြားတဲ့အခါမှာ အခုလို သဘောထားများ ကျလာသလားပေါ့။ အဲဒီလို စဉ်းစားစရာရှိပါတယ်” ဟု ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကလည်း အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူထားသည့် မွန်ပြည်သစ်ပါတီသည် PPST အတွင်း ညီညွတ်မှု မရှိဖြစ်နေသဖြင့် တဖွဲ့ချင်းအနေနှင့် ပိုမိုရပ်တည်ရန် စဉ်းစားလာခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။
၎င်းက “မနှစ်ကဆိုရင် သွားမတွေ့ဖို့ဆုံးဖြတ်ထားပေမယ့် တယောက်တပေါက် သွားတွေ့ကြတာပဲ။ ၅ ဖွဲ့ကလည်း သွားတွေ့ ၊ RCSS လည်းသွားတွေ့၊ နောက်ပိုင်းကျတော့ မွန်ပြည်သစ်လည်း သွားတွေ့တယ်။ အဲဒီလိုဆိုတော့ PPST ကို ခေါင်းဆောင်နေတဲ့ မွန်ပြည်သစ်မှာ တာဝန်ယူ၊ တာဝန်ခံရတာတွေ များလာတယ်။ တဖက်ကလည်း ညီညွတ်အောင် မလုပ်နိုင်ဘူး။ ၇ ဖွဲ့ကို ညီညွတ်အောင် မလုပ်နိုင်တဲ့ အခြေအနေမှာ တဦးချင်းရပ်တည်ဖို့ စဉ်းစားတာလည်း ဖြစ်နိုင်တယ်” ဟုဆိုသည်။
PPST တွင် ပါဝင်မှုအဆင့်လျှော့ချထားသည့် အဖွဲ့များထဲတွင် CNF သည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု တရားဝင်ကြေညာခဲ့သလို KNU ကလည်း PPST ရပ်တည်ချက်နှင့် ၎င်းတို့၏ ရပ်တည်ချက်မှာ သိသိသာသာ ကွဲပြားလာသည့်အတွက် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
လက်ရှိတွင်လည်း CNF နှင့် KNU က စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသော်လည်း RCSS ကမူ စစ်ကောင်စီနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ရှိသည်။
ယင်းအပြင် ပါဝင်မှု အဆင့်မလျှော့ချရသေးသည့် ABSDF မှ အချို့သော တပ်ရင်း၊ တပ်ဖွဲ့များသည်လည်း မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများရှိသလို LDU အဖွဲ့ထဲမှ စစ်ကောင်စီနှင့် သွားရောက်ဆွေးနွေးသည့် ကျာဆော်လမွန် ဦးဆောင်သောအဖွဲ့ကိုလည်း LDU က အဖွဲ့နှင့် မသက်ဆိုင်သူများဟု ကြေညာထားသည်။
နိုင်ငံရေးလေ့လာသူအချို့က PPST သည် စုစည်းမှုနည်းနေပြီး အဖွဲ့ပျက်မည့် အခြေအနေသို့ ဦးတည်နေသည်ဟု သုံးသပ်သော်လည်း PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကမူ PPST တွင် စုစည်းမှုရှိနေဆဲဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “အဲဒီလိုတော့ မဖြစ်နိုင်ဘူး။ NCA ရှိနေသ၍ စုစည်းမှုတော့ ရှိနေမှာပဲ။ NCA က ထွက်တယ်လို့ ဘယ်သူမှ မကြေညာဘူး။ အဲဒီလိုကြေညာတာက အန္တရာယ်သိပ်ကြီးတယ်။ NCA မှာ လက်မှတ်ရေးထိုးထားတာကနေ ထွက်တယ်လို့ လက်နက်ကိုင်တိုက်နေတဲ့အဖွဲ့တွေတောင် မပြောဘူး။ Signatory က ပေးထားတာက မတရားအသင်းကနေ ပယ်ဖျက်ခြင်းခံထားရတယ်။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စွပ်စွဲလို့မရဘူးပေါ့။ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအတွက် အားသာချက်ရှိတော့ အဲဒါကိုတော့ အဖွဲ့တွေက ဖက်တွယ်ထားကြမှာပဲ” ဟုဆိုသည်။
သို့သော်လည်း PPST တွင်ပါဝင်သည့် EAOs အဖွဲ့အသီးသီး၌ အတွင်းပြဿနာများကြုံနေရပြီး ယင်းပြဿနာများကို ဝိုင်းဝန်းစဉ်းစားဖြေရှင်းပေးနေရသည်မှာလည်း အတော်ပင် စိတ်ရှုပ်စရာဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကလည်း PPST တွင် စစ်အင်အား တစုံတရာရှိသည့် အဖွဲ့များ ပါဝင်မှုလျော့သွားသည့်နောက် စစ်အင်အားနည်းပါးသော လက်နက်ကိုင်အဖွဲ့များသာ ကျန်ပြီး၊ အဆိုပါအဖွဲ့များသည် အဖွဲ့မပျက်ရန် ဆက်လက်တွယ်ကပ်နေမည့် အခြေအနေရှိကြောင်း သုံးသပ်သည်။
၎င်းက “စုစည်းမှုအားနည်းပြီး ပျက်သွားနိုင်တာပေါ့။ အဲဒီဘက်ကို ဦးတည်နေတယ်လို့ ထင်တယ်။ ကျန်တဲ့အဖွဲ့တွေကတော့ အင်အားမရှိတဲ့အဖွဲ့တွေပေါ့။ သူတို့ကတော့ ကပ်သတ်ပြီးကျန်နေမလားတော့ မသိဘူး။ ဒီအဖွဲ့တွေကိုတော့ စစ်တပ်က အလေးထားလိမ့်မယ်မထင်ဘူး။ လိုတဲ့အချိန် ခေါ်အသုံးချတာလောက်ပဲ လုပ်လိမ့်မယ်ထင်တယ်” ဟု မှတ်ချက်ပေးသည်။
You may also like these stories:
KNU ၊ RCSS နှင့် CNF တို့ PPST က ထွက်ပြီလား
အုပ်စုကွဲနေသည့် ရာမည နိုင်ငံရေး
မြန်မာ့အရေး အာဆီယံ ‘လမ်းဆုံလမ်းခွ’ ရောက်
စစ်အာဏာသိမ်းခေါင်းဆောင်နှင့် ရှမ်းစစ်ဘုရင်တို့၏ မုန်တိုင်းထန်သော ဆက်ဆံရေး