မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တခုဖြစ်သည့် ဝမ်တိန်- ကျင်စန်းကျော့ဂိတ်တွင် တရုတ်အစိုးရက နယ်စပ် ကုန်သွယ်ရေးစနစ်ကို အပြောင်းအလဲ လုပ်လိုက်သောကြောင့် မြန်မာ့သရက်သီး တင်ပို့မှုများကို ယာယီ ဆိုင်းငံ့ထား ရန် မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်များက သတိပေးထားသည်။
ယခု မေ ၅ ရက်မှ စ၍ တရုတ်ဘက်မှ နယ်စပ်ကုန်သွယ်ရေး (Border trade system) ဗားရှင်း ၁ (Ver 1) ကို ပုံမှန် ကုန်သွယ်ရေးစနစ် (Normal trade system) Ver 2 အဖြစ်သို့ မြှင့်တင်လိုက်သည့်အတွက် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် (F၀rm- E) စောင့်ဆိုင်းရခြင်း၊ တရုတ်ဘက်မှ စစ်ဆေးမှုများကြာမြင့်ခြင်း၊ ကုန်ကားအနေဖြင့် ၆ ဘီး ကားများသာ ဝင်ရောက်ခွင့်ပြုသဖြင့် ကားခြင်းအလွဲအပြောင်းပြုရခြင်း အစရှိသည့် ကြန့်ကြာမှုများကြောင့် သရက်ကား ၁ စီး ရောင်းချသည့် ကွင်းသို့ ရောက်ရန်အတွက် အချိန်အားဖြင့် ၃ ရက်ခန့် ကြာမြင့်ကြောင်း သိရသည်။
ထို့ကြောင့် ရောင်းချသည့် ကွင်းသို့ လျင်မြန်စွာ မရောက်သော ရာသီပေါ် သရက်သီးကားများမှာ ကားပေါ်တွင် အချိန် ကြန့်ကြာပြီး အပူလောင်ခြင်း၊ အရည်အသွေးကျခြင်းများဖြစ်ပေါ်ကာ ဈေးနှုန်းကျဆင်းသည့်အခြေအနေများအပြင် ဆုံးရှုံးမှုနှင့်ပါ ရင်ဆိုင်ရနိုင်သဖြင့် လတ်တလော သရက်သီးခူးဆွတ်မှုကို ဆိုင်းငံ့ထားခြင်းက မြန်မာ့သရက်ကုန်သည် များအတွက် ဆုံးရှုံးမှု ပို၍နည်းမည် ဖြစ်ကြောင်း သိရသည်။
မူဆယ်နယ်စပ် သစ်သီးဝလံကုန်သည်တဦးက “နယ်စပ်ကုန်သွယ်ရေးကနေ ပုံမှန်ကုန်သွယ်ရေးစနစ်ကို သူတို့ (တရုတ်) ပြောင်းကြည့်တာ။ Version အနေနဲ့ ပြောရရင် ver 1 ကနေ ver 2 ကိုပြောင်းတာပေါ့။ အဲဒီတော့ ver 2 ရောက်တော့ အခုမှ စနစ်သစ်ဆိုတော့ အဆင်မပြေတာ၊ ကြန့်ကြာမှုတွေရှိတယ်။ အဲဒီတော့ သူတို့ Ver 1 နဲ့ ပြန်လုပ်ဖို့ စဉ်းစားနေတယ်လို့ သိရတယ်။ ကားတွေ အများကြီး ပိတ်မိတဲ့အတွက် အခုကတော့ သရက်သီးတောင်သူ ကုန်သည် အများစုက ညှိနှိုင်းပြီးတော့ လက်ရှိရောက်နေတဲ့ ကားတွေ မရှင်းလင်းသရွေ့ နောက်ထပ် ကားတွေ မဝင်အောင် အသီး တင်ပို့တာတွေ မလုပ်ဘဲ နှစ်ရက်လောက် ရပ်နားထားဖို့ အချင်းချင်း ညှိနှိုင်းထားတာတော့ ရှိတယ်” ဟု လက်ရှိ အခြေ အနေကို ဧရာဝတီသို့ ပြောသည်။
သရက်သီးများကို တရုတ်ဘက်သို့ ဧပြီလ ဒုတိယပတ်မှ စတင်ပြီး တင်ပို့ကာ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ အစရှိ သဖြင့် အမျိုးအစားစုံလင်စွာ ရာသီအလိုက် တင်ပို့ကြပြီး ဈေးကွက်အေးသွားသည့် အချိန်မှသာ တင်ပို့မှုကို ရပ်နားကြ ခြင်းဖြစ်ကြောင်း၊ ယခုသရက်သီး ဈေးကွက်အစမှာပင် သရက်သီးများ တင်ပို့မှု ကြန့်ကြာပြီး လတ်ဆတ် မှု လျော့နည်း လာသောကြောင့် ဈေးနှုန်းအနေနှင့်လည်း တွက်ချက်ရခက်ခဲကာ ဈေးအမှန်ရရန် နည်းပါးကြောင်း ၎င်း က ရှင်းပြ သည်။
ဆက်လက်၍ ၎င်းက “ဈေးအမှန်ကို ပြောလို့ မရတော့ဘူး။ ပုံမှန်ကတော့ တနေ့ ကားအစီး ၃၀ နဲ့ ၅၀ လောက် တရုတ် ဘက် သွားတယ်။ ကားတစီးမှာ ပလက်စတစ်ခြင်း ၈၀၀ နဲ့ ၁၀၀၀ ကြားလောက် ပါတယ်။ အခုကတော့ အဲဒီပမာဏ လောက်တောင် မသွားနိုင်တာပေါ့။ အပေါ် ဈေးကွက်မှာ ကြန့်ကြာနေတော့ ဆုံးရှုံးမှာ ကြောက်လို့ တချို့ ခူးပြီး မတင်ပို့ရဲ ဘူး။ ဈေးကွက် စောင့်နေတာပေါ့” ဟု ပြောသည်။
နှစ်နိုင်ငံကုန်သွယ်ရေးဖြစ်သောကြောင့် ကုန်စိမ်းသီးနှံများတင်ပို့ရာတွင် မြန်ဆန်လွယ်ကူရေးက အဓိကဖြစ်ပြီး သို့မှသာ လတ်ဆတ်သည့် သစ်သီးများကို ရောင်းချနိုင်မည် ဖြစ်သောကြောင့် ကုန်သွယ်ရေးတွင် တာဝန်ရှိသူများအနေဖြင့် လည်း ယင်းအချက်ကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကုန်သည်များထံက သိရသည်။
သရက်သီးကုန်သည်တဦးက “ကျနော်တို့ အသီးတွေက နှစ်ရက်လောက်ဆိုရင်က ပြဿနာ သိပ်မရှိဘူး။၂ ရက်ထက် ကျော်ပြီး ၃ ရက်၊ ၄ ရက် ဆိုရင်တော့ အသီးရဲ့ လတ်ဆတ်မှုက တဖြည်းဖြည်း ကျလာတယ်။ တရုတ်ဘက်က ဝယ်တဲ့ ကုန်သည်ကလည်း တခြား မြို့ကို ပြန်ပြီး တင်ပို့တာ ဖြစ်တဲ့အတွက် အဲဒီမှာ အရည်အသွေးကျပြီး ဝယ်ယူမှု မရှိတော့ တာ ဖြစ်တာပေါ့။ ပျက်စီးဆုံးရှုံးမှုက တန်ဖိုးအနေနဲ့ မခန့်မှန်းတတ်ပေမယ့် ကားတစီးမှာ သရက်ခြင်း ၈၀၀နဲ့ ၁၀၀၀ လောက်ရှိရင် ခြင်း ၅၀ နဲ့ ၁၀၀ လောက်က ပျက်စီးသွားတာပေါ့။ အဲဒီလိုမျိုးတော့ ရက်ကြန့်ကြာတဲ့အတွက် ဖြစ်ဖူးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုအချိန်တွင် သစ်သီးများတင်ပို့ရာတွင် တရုတ်ဘက်မှ ကုန်သွယ်ရေးစနစ်ပြောင်းလဲမှုကြောင့် ကြန့်ကြာမှုများရှိနေ သလို သရက်သီးကားအစီးရေ ဆယ်နှင့်ချီ၍ ပိတ်မိနေသဖြင့် တချို့ကားများပေါ်ရှိ သရက်သီးခြင်းများ အပူဒဏ်ကြောင့် လည်း ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သစ်သီးဝလံပို့ကုန်များထဲတွင် သရက်သီးတင်ပို့မှာ အဆင့် ၄ နေရာတွင်ရှိနေပြီး တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သွယ်ရေးမှတဆင့် အဓိက တင်ပို့လျက်ရှိကာ၊ နှစ်စဉ် ပျမ်းမျှတန်ချိန် ၄ သောင်းမှ ၅ သောင်း အထိရှိပြီး တင်ပို့ လျက်ရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေး တည်ငြိမ်မှုမရှိခြင်း၊ စိုက်ပျိုးရေးသွင်းအားစု ဈေးများကြီး မြင့်ခြင်းများကြောင့် သရက်သီး စိုက်ပျိုးထွက်ရှိမှုမှာ ယခုနှစ်တွင် လျော့ကျနိုင်သည်ဟုလည်း သစ်သီးဝလံ ဈေးကွက် အတွင်းက ကုန်သည်များထံက သိရသည်။
တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးဖြစ်သော မူဆယ် နယ်စပ်ကုန်သွယ်ရေးသို့ လက်ရှိအချိန်တွင် တရုတ်ဘက်သို့ ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်၊ သစ်သီးဝလံ ကားများအပါအဝင် တရက်လျှင် ပို့ကုန်ကား ၁၅၀ ဝန်းကျင်နှင့် တရုတ် ဘက်မှ မြန်မာနိုင်ငံသို့ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး အစရှိသဖြင့် ကုန် ကားအစီးရေ ၃၀ ဝန်းကျင် ဝင်ရောက်မှုရှိကာ တရက်လျှင် ပျမ်းမျှ ကုန်ကားအစီးရေ ၁၈၀ ဝန်းကျင် ကုန်သွယ်မှုပြုလုပ် နေကြောင်း မူဆယ်ကုန်သည်များက ပြောသည်။
You may also like these stories:
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း
ပဲပေါ်ချိန် စစ်ကြောင်းထိုးသဖြင့် သီးနှံဖျက်ဆီးခံရမည်ကို တောင်သူများစိုးရိမ်