မြန်မာပြည်သူများ၏ဆန္ဒနှင့် ကိုက်ညီသော ညီညွတ်သည့် ဒေသတွင်းနည်းလမ်းသည် မြန်မာအကျပ်အတည်း ဖြေရှင်းရာတွင် တိုးတက်မှုဖြစ်စေနိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က အမေလ ၉ ရက်နေ့တွင် အိန္ဒိယအရာရှိများနှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။
ကုလသမဂ္ဂအထူးသံတမန် မစ္စ နိုလင်းဟေဇာသည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စတာ ဆူဘရာမန်ယန် ဂျိုင်ရှန်ကာ၊ နိုင်ငံခြားရေး အတွင်းဝန် ဗီနေး မိုဟန် ကွာထရာနှင့် တွဲဖက်အတွင်းဝန် (ဘင်္ဂလားဒေ့ရှ်-မြန်မာ) စမစ်တာ ပန့်တို့နှင့် နယူးဒေလီတွင် တွေ့ဆုံခဲ့သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအခြေအနေ ဖရိုဖရဲဖြစ်နေသည်။ ထိုအာဏာသိမ်းမှုသည် တနိုင်ငံလုံးဆန့်ကျင်မှုနှင့် ရင်ဆိုင်ရပြီး စစ်ကောင်စီက ထိုဆန့်ကျင်ကန့်ကွက်မှုများကို သတ်ဖြတ်နှိမ်နင်းသောကြောင့် တနိုင်ငံလုံးတွင် လက်နက်ကိုင်ခုခံမှု ဖြစ်ပေါ်စေသည်။
တရုတ်နှင့်တကွ အိန္ဒိယသည် မြန်မာ၏ သြဇာကြီးမားသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာ အကျပ်အတည်းကြောင့် ထိခိုက်ကာ လတ်တလောတွင် မြန်မာမှ ဒုက္ခသည် ၅၃,၀၀၀ သည် အိန္ဒိယ နယ်စပ်ဒေသများတွင် ခိုလှုံနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်ရုံး၏ အဆိုအရ သိရသည်။
အစည်းအဝေးတွင် အိန္ဒိယအရာရှိများက ဘက်အားလုံးမှ တိုက်ခိုက်မှု ချက်ချင်းရပ်ဆိုင်းရန်နှင့် မြန်မာတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီသို့ ပြန်သွားရန် ဆွေးနွေးပွဲများ အားပေးရေးတို့ လိုအပ်ကြောင်း မစ္စ နိုလင်းဟေဇာကို ပြောသည်။
မြန်မာပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များနှင့်ညီသည့် မြန်မာဦးဆောင်သော ဖြေရှင်းမှုများကို ထောက်ခံသည့် ညီညွတ်သော ဒေသတွင်းနည်းလမ်းသည် မြေပြင်တွင် ခိုင်မာသော တိုးတက်မှုဖြစ်စေနိုင်ကြောင်း ပြောသည်။
“အကျပ်အတည်းဖြေရှင်းရန်၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ ဆန္ဒကို အခြေခံသည့် အရပ်သား အုပ်ချုပ်ရေးသို့ ပြန်သွားရေးအတွက် အုတ်မြစ်တည်ဆောက်ရန်အတွက် အကြမ်းဖက်မှု ရပ်စဲရေး၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်မြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ပဋိပက္ခဒေသများမှ အထိခိုက်လွယ်ဆုံးသူများထံ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိရေးအတွက် ဖြစ်နိုင်သော နည်းလမ်းများ အသုံးပြုခြင်း စသည့် ခိုင်မာသောခြေလှမ်းများ လိုအပ်ကြောင်း အထူးသံတမန်က ပြောကြားသည်” ဟု ကုလသမဂ္ဂအထူးသံတမန်ရုံးက ထုတ်ပြန်ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီးနှင့် မတွေ့ဆုံမီက မစ္စ နိုလင်းဟေဇာသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် သက်ဆိုင်သူ အားလုံးကို ထောက်ခံသင့်ကြောင်း၊ နိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ရရှိရန် ဆွေးနွေးပွဲမှတဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပြန်လည်စတင်သင့်ကြောင်း တရုတ်ဝန်ကြီးက ပြောခဲ့သည်။
“တင်းမာမှု မြင့်မားပြီး အကျပ်အတည်းတွေ ကူးစက်လာတာကို တားဆီးဖို့ ကျနော်တို့အနေနဲ့ စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင်နဲ့ လက်တွေ့ကျကျ ဆောင်ရွက်ဖို့လိုတယ်” ဟု မစ္စတာ ချင်ကန်းက ပြောသည်။
လတ်တလောတွင် အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံလုံးသည် မြန်မာ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည်။ မြန်မာ၏ အခြားအိမ်နီးချင်းများနှင့်အတူ ၎င်းတို့သည် မြန်မာအကျပ်အတည်းကြောင့် ထိခိုက်သူများအကြား ဆွေးနွေးရေး နောက်ထပ် လမ်းကြောင်းတခု ဖွင့်သည့်အနေဖြင့် ထိုင်းကဦးဆောင်သည့် Track 1.5 အလွတ်သဘောဆွေးနွေးပွဲ ပါဝင်နေသည်။
ဒုတိယအကြိမ် ဆွေးနွေးမှုများကို မကြာသေးမီက အိန္ဒိယက လက်ခံကျင်းပခဲ့သည့် အထက်ပါ Track 1.5 ဆွေးနွေးပွဲကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်သည့် ကတိကဝတ်များကို စစ်ကောင်စီက လေးစားလိုက်နာခြင်း မရှိသောကြောင့် ရပ်တန့်နေပြီးနောက် ကျင်းပခဲ့ခြင်းဖြစ်သည်။
မစ္စ နိုလင်းဟေဇာသည် လွန်ခဲ့သောနှစ်က မြန်မာသို့သွားရောက်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သော်လည်း မြန်မာအကျပ်အတည်း ဖြေရှင်းရန် မည်သည့်တိုးတက်မှုမှ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ UN Envoy Calls for Unity Among Regional Players to Solve Myanmar Crisis
ကို ဘာသာပြန်သည်။)
You may also like these stories:
Track 1.5 နှင့် မြန်မာ့နိုင်ငံရေးအလှုပ်
သံတမန်ရေးလှုပ်ရမ်းမှု များနေချိန် အိန္ဒိယက မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပ
မင်းအောင်လှိုင်ကို ဖယ်ရင် အားလုံးပါတဲ့ စေ့စပ်ညှိနှိုင်းရေး ဖြစ်နိုင်မယ်
မြန်မာ့အိမ်နီးချင်းများ စစ်ကောင်စီကို ပစ်ပယ်ရန် အချိန်ကျပြီ