ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့ရှိ ကွေ့တီယိုဆိုင်၌ အလုပ်လုပ်သည့် ၁၆ နှစ်အရွယ် မြန်မာ အမျိုးသမီး ငယ်တဦး အား ဆိုင်ရှင် က ၇ လကြာ ပိတ်လှောင်၍ အဓမ္မပြုကျင့်သည့်အတွက် ဖုတ်ဖရာ့ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း
သိရသည်။
အဆိုပါ အမျိုးသမီးငယ်မှာ ၂၀၂၂ ခုနှစ်၊ မေလအတွင်းက ယင်းကွေ့တီယိုဆိုင်၌ အလုပ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ဆိုင်ရှင်အမျိုးသားက အိမ်မပြန်ခိုင်းဘဲ ၎င်းတို့ထံတွင် နေထိုင်ရန် ပြောပြီးနောက် ဆိုင်နှင့်အိမ်တွင် အလုပ်လုပ်ကိုင် နေထိုင်ရင်း ဆိုင်ရှင်၏ အဓမ္မပြုကျင့်မှု အကြိမ်ကြိမ်ခံခဲ့ရခြင်းဖြစ်သည်။
အမှုအတွက် အလုပ်သမားအရေး ဆောင်ရွက်သည့် မဲဆောက်မြို့ အခြေစိုက်K.T.G Helping Hand အဖွဲ့ကလိုက် ပါ အကူအညီပေးနေပြီး၊ ယင်းအဖွဲ့မှ ကိုသားကြီးက “ဒီကလေးမက ဆင်းရဲနွမ်းပါးပြီးတော့ ကွေ့တီယိုဆိုင် မှာ အလုပ် လုပ်တယ်။ အဲဒီမှာ လပေါင်းများစွာ ထိန်းချုပ်ထားတယ်။ မတရား အဓမ္မပြုကျင့်တဲ့ကိစ္စတွေကို ကျူးလွန်တယ်။ အသက် အန္တရာယ်ကို ခြိမ်းခြောက်တယ်။ အကြောက်တရားတွေနဲ့ ထားတယ်။ ဒီကလေးမက အကြိမ်ကြိမ် အခါခါ ထွက်ပြေးရင်းနဲ့ မြန်မာတွေနဲ့ တွေ့တယ်။ ကျနော်တို့ အဖွဲ့အစည်းကို သိတဲ့လူတွေကတဆင့် အကူအညီ တောင်းလာ တယ်” ဟု ပြောသည်။
ထိုအမျိုးသမီးငယ်မှာ အဆိုပါ ကွေ့တီယိုဆိုင်မှ လွတ်မြောက်လာပြီးနောက် မြန်မာအသိုင်းအဝိုင်းမှ လူများနှင့် တွေ့ဆုံ ကာ ၎င်း၏အလုပ်ရှင် ထိုင်းသူဌေးအား တရားစွဲဆိုနိုင်ရန် K.T.G Helping Hand အဖွဲ့သို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ ယခုနှစ် ၂၀၂၃ ဖေဖော်ဝါရီလအတွင်း ဖုတ်ဖရာ့ရဲစခန်း၌ အမှုဖွင့်ခဲ့ကြောင်း အမှုဖွင့်ပြီး ၂ လ ကျော်ကြာ သည်အထိ ထိုင်းအာဏာပိုင်များ၊ ရဲတပ်ဖွဲ့များမှ တစုံတရာ အရေးယူခြင်းမရှိသဖြင့် မေလ ၈ ရက်တွင် ဖုတ်ဖရာ့ ရဲစခန်းသို့ ထပ်မံ သွားရောက်၍ အမှုဖွင့်ခဲ့ကြောင်း ကိုသားကြီးက ပြောသည်။
ကိုသားကြီးက “ကလေးမလေးကို ဖုန်းဆက်ပြီး ရဲပါဆိုပြီးပြောတဲ့ ထိုင်းအလုပ်ရှင်ဘက်ကလူက အဲဒီ အမျိုးသမီးငယ် ကို စောင့်ရှောက်ထားတဲ့ ထိုင်းတယောက်ရဲ့ ဖုန်းကို စာတွေ ပို့လာတယ်။ ဘတ် ၁ သိန်း ယူလိုက်ပါ။ မဟုတ်ရင် မင်းတို့ အသားနာမယ်။ ဟိုဘက်က မြန်မာပြည်သား မင်းတို့နဲ့ မဆိုင်ရင် ခေါ်မတင်ထားနဲ့ ဆိုပြီး ခြိမ်းခြောက်တယ်။ ကလေး မလေးကိုလည်း ပိုက်ဆံမယူဘဲနဲ့ အမှုဆက်ဖွင့်မယ်ဆိုရင် သတ်ပစ်မယ်ပေါ့။ ကလေးမလေး သွားတဲ့နေရာတွေကို လည်း ကားနဲ့လိုက် ကြည့်တာတွေ ဆိုင်ကယ်နဲ့ လိုက်ကြည့်တာတွေ လုပ်တယ်” ဟု ပြောသည်။
အမှုဖွင့်တိုင်ကြားသည့်အတွက် ထိုင်းအလုပ်ရှင်မှ ကာယကံရှင် မိန်းကလေးအား ကျေအေးငွေအဖြစ် ပထမ အကြိမ် တွင် ဘတ်ငွေ ၈ သောင်း၊ ဒုတိယအကြိမ်တွင် ဘတ်ငွေ တသိန်းနှင့် နောက်ဆုံးတကြိမ်တွင် ဘတ်ငွေ တသန်း ထိ ပေးမည်ဟု အကြိမ်ကြိမ် ညှိနှိုင်း၍သော်လည်းကောင်း၊ ခြိမ်းခြောက်မှုများ ပြုလုပ်၍သော်လည်းကောင်း ပြုလုပ်ခဲ့ သော်လည်း ကာယကံရှင်မိန်းကလေးမှာ လက်မခံကြောင်း ထိုက်တန်သည့် ပြစ်ဒဏ်ကိုသာ ရစေချင်ကြောင်း ပြောဆို သည်။
ကာယကံရှင်အမျိုးသမီးငယ်က “ညီမကတော့ တရားဥပဒေအတိုင်း ရင်ဆိုင်သွားမယ်။ မကောင်းတဲ့သူကိုတော့ မကောင်းတဲ့ နေရာပို့ရမှာပဲ။ အမျိုးမျိုးပဲ လာပြောကြတယ်။ မြန်မာဖြစ်နေတော့ ဒီအမှုမှာ ထိုင်းတွေနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးဆိုပြီး ပြောကြတယ်။ အခု အကူအညီပေးတဲ့သူတွေကြောင့် ယုံကြည်မှု အပြည့်ရှိတယ်” ဟု ကာယကံရှင် မိန်းကလေးက ပြောသည်။
လက်ရှိတွင် အမှုအတွက် လိုအပ်သည့် အထောက်ထားများ၊ DNA စစ်ဆေးမှုများ ပြုလုပ်ထားပြီး ရလဒ်များကို စောင့်ဆိုင်းကာ အမှုဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ကာယကံရှင်နှင့် ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။
လက်ရှိတွင် အဆိုပါ မိန်းကလေးငယ်အား ဖုတ်ဖရာ့မြို့တွင် ၎င်းနှင့် ရင်းနှီးသည့် ထိုင်းမိသားစုတစုမှ ခေါ်ယူ စောင့် ရှောက်ထားပြီး နယ်စပ်ရှိ ရွာတရွာ၌ နေထိုင်သည့် ၎င်း၏မိဘများထံသို့လည်း အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဒုက္ခသည် အမျိုးသမီး ၄၀ ကျော် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုရမှာလား
NLD ပါတီဝင်တဦး သက်ငယ်မုဒိမ်းမှုဖြင့် တိုင်ကြားခံရ