သတင်း

မြန်မာပဲတီစိမ်းအိတ် သိန်း ၂၀ ကျော်နှင့် ကုန်သည် ၃ ဦးကို တရုတ်ကဖမ်းထား

မြန်မာဘက်မှ တင်ပို့သော ပဲတီစိမ်း တန်ချိန် ၁ သိန်းကျော်ရှိသော ကီလို ၅၀ ဆံ့ အိတ်ရေ သိန်း ၂၀ ကို တရားမဝင် အခွန် ဆောင်သည့် နည်းလမ်းများဖြင့် တင်ပို့သည်ဟုဆိုကာ တရုတ်အစိုးရ သိမ်းဆည်းထားသလို မြန်မာနိုင်ငံသား အရောင်း ကိုယ်စားလှယ် ၃ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ကုန်သည်များထံက သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသော အရောင်းကိုယ်စားလှယ် ၃ ဦးနှင့် ယနေ့အထိ အဆက်အသွယ် မရသေးသလို အသိမ်းခံ ထားရသည့် ပဲတီစိမ်းများနှင့် ပတ်သက်၍လည်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်မှု ဦးစီးဌာနသို့ အသနားခံစာ တင်ပြထားသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိကြောင်း ကုန်သည်များက ပြောသည်။

မူဆယ်မြို့ ပဲကုန်သည်တဦးက “မြန်မာနိုင်ငံသားပိုင်တဲ့ ပဲတီစိမ်း တန်ချိန် ၁ သိန်းကျော်၊ ကီလို ၅၀ ပါတဲ့ အိတ်ရေ သိန်း ၂၀ ရှိတဲ့ ပဲတွေကို တရုတ်နိုင်ငံကို ပို့လိုက်တာ ဝမ်တိန်နဲ့ ရွှေလီဂိုဒေါင်မှာ ချိပ်ပိတ်ခံထားရတယ်။ ကျနော်တို့က တရားဝင် အကောက်အခွန် ဂျူတီဆောင်ပြီးတော့ တရုတ်နိုင်ငံကို သွားတာ။ ဒါပေမယ့် သူတို့ (တရုတ်) က ဂျူတီ ဆောင်တဲ့နေရာမှာ တရားမဝင်နည်းလမ်းပါတယ် ဆိုပြီးတော့ သိမ်းတာ။ မြန်မာအစိုးရဘက်ကိုလည်း အသနားခံစာ တင်ပြီး အကူအညီတောင်းတယ်။ ဒါပေမယ့် မဖြေရှင်းပေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းပဲတီစိမ်းများကို ဧပြီလ၂၅ ရက်မှ စတင်ပြီး တရုတ်အစိုးရက တရားမဝင် ဂျူတီ (အကောက်အခွန်) ဆောင် သည်ကို တွေ့ရကြောင်း စွပ်စွဲချက်နှင့် ဝမ်တိန်မြို့ရှိ ဂိုဒေါင် ၃ လုံး၊ ရွှေလီမြို့ရှိ ဂိုဒေါင် ၁ လုံးတို့ကို ယနေ့အချိန်အထိ ချိတ်ပိတ်ထားခြင်း ဖြစ်ကာ၊ ဖမ်းဆီးထားသည့် အရောင်းကိုယ်စားလှယ် ၃ ဦးကိုလည်း ယနေ့အချိန်ထိ အဆက် အသွယ်ပေး မလုပ်သေးကြောင်း၊ ယင်းနှင့်ပတ်သက်၍ မြန်မာဘက်ရှိ စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မူဆယ်နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနသို့ မေလ ၃ ရက်က ကုန်သည်များက အသနားခံစာ တင်ပြခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှု ဦးစီးဌာန တာဝန်ရှိသူက “တန်ချိန် ၁ သိန်း မဟုတ်ပါဘူး။ ၈ ထောင်ကျော်ပါ။ အဲဒါက တရုတ်ဘက်က စည်းကမ်း ဖောက်လို့ သူ့ကုမ္ပဏီကို သူ့ဘာသာ စစ်ဆေးတာပါ။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့ မေးတော့လည်း သူတို့ (တရုတ်) က ဘာမှ မပြောဘူး။ ကုမ္ပဏီနာမည်တောင် ကျနော်တို့ကို မပြောဘူး။ သူတို့ဘက်က တရားဝင်လက်ခံတာ။ ကျနော်တို့ကုန်သည်တွေဘက်က တရားဝင်ပို့တာ ဖြစ်တဲ့အတွက် ဆုံးရှုံးမှု လက်မခံနိုင်ဘူးလို့ သူတို့ကို ပြောပြီးသား” ဟု ဧရာဝတီသို့ ပြောသည်။

အထက်ပါ ကိစ္စမှာ တရုတ်နိုင်ငံ၏ စည်းကမ်းအရ အရေးယူခြင်း ဖြစ်သောကြောင့် မြန်မာဘက်နှင့် မသက်ဆိုင် ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ အထက်သို့ တင်ပြထားကြောင်း၊ ရွှေလီဒုတိယ မြို့တော်ဝန်နှင့်လည်း ဆွေးနွေး ထားကြောင်း ၎င်းက ဆိုသည်။

ပဲတီစိမ်း ကီလို ၅၀ တအိတ်လျှင် တရုတ်နိုင်ငံအရောက် မြန်မာကျပ်ငွေ ၁ သိန်း ၃ သောင်းကျပ် ဝန်းကျင်ရှိသော ကြောင့် အိတ်ရေ သိန်း ၂၀ ခန့် သိမ်းဆည်းခံရခြင်းကြောင့် ငွေကြေး ကျပ်ဘီလီယံနှင့်ချီ၍ ဆုံးမှုရှိကြောင်း ကုန်သည် များက ပြောသည်။

မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲဇင်းငုံ၊ ပဲတီစိမ်း အစရှိသည်တို့ကို အိန္ဒိယသို့လည်း ပင်လယ်ရေကြောင်းမှ တင်ပို့နေပြီး နယ်စပ် ကုန်သွယ်ရေးမှ ပဲတီစိမ်းကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ကာ၊ ဖေဖော်ဝါရီလမှ မေလကုန်ထိ တင်ပို့ကြကြောင်း၊ ၂၀၂၂- ၂-၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၅၄၉ သန်း တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂ ၇ ဘီလီယံအထိ ရရှိထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်း များအရ သိရသည်။

You may also like these stories:

ပဲပေါ်ချိန် စစ်ကြောင်းထိုးသဖြင့် သီးနှံဖျက်ဆီးခံရမည်ကို တောင်သူများစိုးရိမ်

တရုတ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် သရက်သီးတင်ပို့မှု ယာယီဆိုင်းငံ့ရန် အသိပေး

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း

Loading