အတိုက်အခံများ ထိုင်းရွေးကောက်ပွဲနိုင်၊ စစ်တပ်ကို စိန်ခေါ်မှုဖြစ်လာ
ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ် စစ်မှန်သော အာဏာလွှဲပြောင်းမှုအဖြစ်သို့ ဦးတည်သွားစေနိုင်သည့် အနီးကပ်စောင့်ကြည့်နေသော ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက စစ်တပ်ကို ဆုံးမလိုက်သောကြောင့် ဒီမိုကရေစီလိုလားသော အတိုက်အခံပါတီများသည် အထွေထွေရွေးကောက်ပွဲတွင် ခိုင်မာစွာ အနိုင်ရသည်။
တိုးတက်သော Move Forward ပါတီနှင့် ဖွေထိုင်းပါတီတို့သည် ကိုယ်စားလှယ်နေရာ ၅၀၀ ရှိသော အောက်လွှတ်တော်တွင် စုစုပေါင်းနေရာ ၂၉၀ ခန့် အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ပဏာမ ရလဒ်များအရ သိရသည်။
ဟားဗတ် တက္ကသိုလ်နှင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် ကျောင်းဆင်း၊ Move Forward ပါတီခေါင်းဆောင် မစ္စတာ ပီတာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရန် အသင့်ရှိကြောင်း Twitter တွင် မေလ ၁၄ ရက်နေ့က ရေးသားသည်။ “ကျနော်တို့ချစ်တဲ့ ထိုင်းနိုင်ငံဟာ ပိုမိုကောင်းမွန်လာမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အပြောင်းအလဲ ဖြစ်နိုင်လာပြီ” ဟု ၎င်းကရေးသားသည်။
သူ၏ပါတီသည် မစ္စ ပေတောင်တန် ရှင်နာဝပ် ဦးဆောင်သည့် ဖွေထိုင်းပါတီနှင့် တပ်ပေါင်းစုဖွဲ့ရေး ဆွေးနွေးပွဲများ စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။ မစ္စ ပေတောင်တန်ရှ င်နာဝပ်သည် ဆက်သွယ်ရေးလုပ်ငန်းရှင် ဘီလျံနာသူဌေးနှင့် လူကြိုက်များသော ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်၏ အငယ်ဆုံးသမီး ဖြစ်သည်။
မစ္စတာ သက်ဆင်၏ ရွေးကောက်ခံအစိုးရကို ၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခဲ့သည်။ သို့သော် အာဏာသိမ်းမှုများ၊ ဖြိုခွဲမှုများနှင့် နိုင်ငံရေးကမောက်ကမ အခြေအနေများ ဆယ်စုနှစ်တခုကြာသည့်တိုင် အထက်ပါ အတိုက်အခံပါတီ နှစ်ခုအနက် မည်သူမှ လာမည့်အစိုးရကို ဦးဆောင်နိုင်မည် မဟုတ်သေးပေ။
၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်ကရေးဆွဲသည့် ပါလီမန်ဥပဒေအရ စစ်တပ်က ခန့်အပ်သူများဖြင့် ဖွဲ့စည်းထားသည့် အထက်လွှတ်တော်သည် အတိုက်အခံဝန်ကြီးချုပ်ကို ပိတ်ဆို့တားဆီးမည်ဖြစ်သည်။ ထိုင်းနိုင်ငံသားများသည် ပါလီမန်ကိုယ်စားလှယ်အတွက်သာမက ပါတီအတွက်လည်း မဲပေးရပြီး ပါတီမဲများကို အချိုးကျကိုယ်စားပြုစနစ်အရ ပါလီမန်နေရာ ခွဲဝေပေးမည်ဖြစ်သည်။ လက်ရှိအချိန်အထိ Move Forward ပါတီက ၁၁၃ နေရာရရှိထားပြီး ဖွေထိုင်းပါတီက ၁၁၁ နေရာ ရရှိထားသည်။
ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များကို ရက်သတ္တပတ်အတန်ကြာမှသာ သိရမည်ဖြစ်သည်။ Move Forward ပါတီ၏ ဒုတိယအကြိမ်မြောက် တနိုင်ငံလုံးတွင် ရွေးကောက်ပွဲ အနိုင်ရခြင်းသည် ထိုင်းနိုင်ငံ၏ လွန်စွာ ရှေးရိုးဆန်သော တော်ဝင်မိသားစုနှင့် စစ်တပ်အသိုက်အဝန်းအား ဆန့်ကျင်မှုကိုသာမက ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားသည့် ဘုရင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများနောက်ပိုင်းတွင် ထိုပါတီကို မြို့ပြနှင့် လူငယ် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကိုလည်း ပြသနေသည်။
မြို့တော်ဘန်ကောက်တွင် ထိုပါတီက ၃၂ နေရာအနက် ၃၁ နေရာ အနိုင်ရသည်။ ပါတီကို ထောက်ခံသူများသည် “ဆန့်ကျင်ဆန္ဒပြပွဲများ၊ အာဏာသိမ်းမှုများနှင့် ဖြိုခွဲမှုများဖြစ်ပွားသည့် နိုင်ငံရေးသဘောထားကွဲနေချိန်တွင် လူလားမြောက်လာသူများ ဖြစ်သည်” ဟု စင်ကာပူအခြေစိုက် Iseas-Yusof Ishak အင်စတီကျုမှ သုတေသီ နာပွန် ဂျတူဆရီပီတက်က ပြောသည်။
၂၀၀၁ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရသည့် ဖွေထိုင်းပါတီသည် နိုင်ငံ၏ ကျေးလက်ဒေသဖြစ်သော အရှေ့မြောက်ဒေသတွင် လူထုထောက်ခံမှု ဆက်လက် မြင့်မားနေသည်။ ထိုဒေသတွင် သက်ဆင်၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး မူဝါဒများကို အမြတ်တနိုး သတိရနေဆဲ ဖြစ်သည်။ စစ်တပ်၏ မဟာမိတ်ပါတီများ အကြီးအကျယ် ရှုံးနိမ့်ကြပြီး လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ ယူနိုက်တက် ထိုင်းနေးရှင်းပါတီသည် မဲဆန္ဒနယ်နေရာ ၂၃ နေရာ၏ ၉ ရာခိုင်နှုန်းခန့်သာ ရသည်။
အစိုးရအတွင်း သဘောထားကွဲလွဲပြီးနောက် ပရာယွတ်၏ ဒုဝန်ကြီးချုပ်နှင့် ဝါရင့်ဆရာသမား ပရာဝတ် ဝေါင်ဆူဝန် ဦးဆောင်သည့် လက်ရှိအာဏာရ ပလန် ပရာချာရတ်ပါတီသည် မဲဆန္ဒနယ်နေရာ ၃၉ နေရာ၏ ၁၀ ရာခိုင်နှုန်းသာ အနိုင်ရသည်။ ၂၀၁၄ ခုနှစ်တွင် မစ္စတာ သက်ဆင်၏ ညီမဖြစ်သူ မစ္စ ယင်လတ် ရှင်နာဝပ်ကို ဖြုတ်ချပြီး အာဏာသိမ်းသည့် စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်သည် လူမှုလွတ်လပ်ခွင့်များကို ဖိနှိပ်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ဆန္ဒပြပွဲများကို ချေမှုန်းခြင်းကြောင့် လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချခံနေရသူ ဖြစ်သည်။
“ဒီမိုကရေစီနှင့်ရွေးကောက်ပွဲကို လေးစားကြောင်း” မေလ ၁၄ ရက်နေ့တွင် မစ္စတာ ပရာယွတ်က ပြောသည်။ အတိုက်အခံတို့ အခြေအနေ လွန်စွာကောင်းနေသောကြောင့် အစိုးရကို ထိန်းချုပ်နိုင်မည့် အဓိပ္ပာယ် မသက်ရောက်ပေ။ စစ်တပ်သည် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြီးမားသော အကျိုးကျေးဇူးများ ခံစားနေရသည်။ ထိုဥပဒေအရ စစ်တပ်က ခန့်ထားသည့် အထက်လွှတ်တော်ကိုယ်စားလှယ် ၂၅၀ သည် ရွေးကောက်ခံအောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ နှင့်အတူ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ရမည်ဖြစ်သည်။
ထို့ကြောင့် အတိုက်အခံတို့သည် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၃၇၆ နေရာ အနိုင်ရမှသာ ၎င်းတို့၏ ဝန်ကြီးချုပ်ကို ခန့်အပ်ပြီး အစိုးရတရပ် ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ အဆုံးအဖြတ်ပေးနိုင်သည့် ပါတီဖြစ်လာမည့် ပါတီမှာ ဒေသဆိုင်ရာ ဘန်ဂျိုင်ထိုင်းပါတီ ဖြစ်သည်။ ထိုပါတီသည် မဲအားလုံး၏ ၁၂ ဒသမ ၇ ရာခိုင်နှုန်း ရသောကြောင့် မဲဆန္ဒနယ် ၆၈ နေရာအတွက် အနိုင်ရနိုင်သည်။
စစ်အာဏာသိမ်းမှု သို့မဟုတ် အတိုက်အခံကိုယ်စားလှယ်များ အရည်အချင်း မပြည့်မီစေမည့် တရားရေးစွက်ဖက်မှု အန္တရာယ်လည်း ရှိနေသည်။ ရွေးကောက်ပွဲမတိုင်မီ သောကြာနေ့တွင် ထိုင်းစစ်တပ်အကြီးအကဲက အာဏာသိမ်းမည်မဟုတ်ကြောင်း ကတိပြုသည်။
လွန်ခဲ့သောရာစုနှစ်အတွင်း ထိုင်းစစ်တပ်သည် အကြိမ်ပေါင်း တဒါဇင်ကျော် အာဏာသိမ်းခဲ့ပြီး ၂၀၁၄ ခုနှစ်က နောက်ဆုံးအကြိမ်အာဏာသိမ်းခဲ့သော်လည်း ဗိုလ်ချုပ်ကြီးနာရောင်ပန်ဂျစ်ကောသေးက ထိုသို့ကတိ ပေးခြင်း ဖြစ်သည်။
စစ်အုပ်ချုပ်ရေးသို့ ပြန်သွားမည်မဟုတ်ကြောင်း နာရောင်ပန်က သတင်းထောက်များကို ပြောပြီး အတိတ်ကအာဏာသိမ်းမှုများသည် လွန်စွာ အနုတ်လက္ခဏာဆောင်ကြောင်း ပြောသည်။
“အာဏာသိမ်းမှုဆိုတာမျိုးတွေ ထပ်မဖြစ်သင့်တော့ဘူး။ ကျနော့်အမြင်မှာ အဲဒီစကားလုံးကို အဘိဓာန်ကနေ ဖျက်ပစ်သင့်ပြီ” ဟု သူပြောသည်။
သို့သော် Move Forward ပါတီခေါင်းဆောင် မစ္စတာ ပီတာသည် ရုပ်သံလွှင့်လုပ်ငန်းတခုတွင် ရှယ်ယာများပိုင်ဆိုင်သည့် ကိစ္စအတွက် ရွေးကောက်ပွဲကော်မရှင်တွင် တိုင်ကြားခံရပြီး ဖြစ်သည်။ Move Forward ၏ ယခင်က ပါတီတခုမှ ခေါင်းဆောင်တဦးသည် အလားတူချိုးဖောက်မှုအတွက် နိုင်ငံရေးမှ ၁၀ နှစ် ပိတ်ပင်ခံရဖူးသည်။
စစ်မှုမထမ်းမနေရ ဥပဒေနှင့် တင်းကျပ်သည့် တော်ဝင်မိသားစု ဥပဒေကို ပြင်ဆင်ရေးအပါအဝင် စစ်တပ်နှင့်ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန် Move Forward ပါတီ၏ အဆိုပြုချက်များသည်လည်း ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ဆွေးနွေးပွဲများတွင် အတားအဆီးဖြစ်နိုင်သည်။ ထိုပါတီ၏ အစီအစဉ်များသည် “သေရေးရှင်ရေးခြိမ်းခြောက်မှု” ဖြစ်သည်ဟု လက်ရှိအာဏာရ အသိုက်အဝန်းက မြင်ကြောင်း ဘန်ကောက်ရှိ ချူလာလောင်ကွန်းတက္ကသိုလ်၊ လုံခြုံရေးနှင့်နိုင်ငံတကာလေ့လာရေး အင်စတီကျု ဒါရိုက်တာ သီတီနန် ပေါင်ဆူဒီရက်က ပြောသည်။
“ထိပ်တိုက်တွေ့မှု တမျိုးမျိုး မဖြစ်ဘဲ စနစ်ဟောင်းကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ အရမ်းကို ခက်ခဲမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။
ကိုးကား ။ ။ Financial Times သတင်း Thailand’s pro-democracy opposition scores victory in challenge to military
You may also like these stories:
ထိုင်းရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ
ရွေးကောက်ပွဲမတိုင်မီ ၂ ပတ်အလို ထိပ်တန်းထိုင်းဝန်ကြီးချုပ်လောင်း ရင်သွေးဖွားမြင်
၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ
ထိုင်းရွေးကောက်ပွဲအလွန် စိတ်ဝင်စားဖွယ်ရာများ
မျိုးဆက်ကွာဟမှုက ထိုင်းရွေးကောက်ပွဲအပေါ် ဩဇာကြီးနိုင်
ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်