သတင်း

ဆိုင်ကလုန်း မိုခါ ကြောင့် ရခိုင်တွင် သေဆုံးသူ ၇ ဦးထိ ရှိလာ

အလွန့်အလွန်အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်တွင် အပျက်အစီးများခဲ့ပြီး သေဆုံး သူ ၇ ဦးထိရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်း မိုခါကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဂွ နှင့် မြောက်ဦး အစရှိသည့် မြို့နယ်များတွင် ပျက်စီးမှု အများအပြားဖြစ်ပေါ်ခဲ့ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများကဆိုသည်။

လတ်တလော ဧရာဝတီက ရရှိထားသော စာရင်းများအရ စစ်တွေမြို့တွင် သေဆုံးသူ ၅ ဦး၊ ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ် မြို့ နယ် တွင် ၂ဦး၊ ထို့အပြင် ခြေလက်ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း ကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းထံမှ သိရသည်။

မုန်တိုင်းရှောင်ရန် စစ်တွေမြို့ပေါ်ရှိ အဓိဌာန်ကျောင်းတွင် သွားရောက်နေထိုင်သူများထဲမှ အမျိုးသမီး ၁ ဦး မှန်ကွဲစ စိုက်ကာ သေဆုံးခဲ့သလို၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် အမျိုးသားကြီး ၁ဦး အုတ်နံရံပိ သေဆုံးခဲ့ကြောင်း၊ နောက်ထပ် ၂ဦး သေဆုံးရသည့် အကြောင်းအရင်းကိုမူ အတည်မပြုနိုင်သေးကြောင်း မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း တာဝန်ခံက ဧရာဝတီသို့ ပြောသည်။

ဆက်လက်ပြီး ၎င်းက “မြို့က ပျက်စီးမှု တအားများတယ်။ အသေအပျောက်ကတော့ နည်းတယ် ပြောရမယ်။ လွတ်တာက အုတ်နဲ့ လုပ်ထားတဲ့ နေရာတွေလောက်ပဲ လွတ်တာ။ ကျန်တာ ဘာမှ မကျန်ဘူး။ ၁၀၀ မှာ ၉၀ လောက်ကပါသွားတာ။ ဒဏ်ရာရတဲ့လူက တော်တော်များတယ်။ မနေ့ကတည်းက မုန်တိုင်းထဲမှာတင် ဆေးကုနေရတာနဲ့ မနားရဘူး”ဟု ပြော သည်။

မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် စစ်တွေ မြို့မဈေးမြင်ကွင်း/Shar Tra’s Facebook page

လတ်တလောစာရင်းများအရ ဆိုင်ကလုန်းမိုခါကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁၂ဦးရှိပြီး ရခိုင်တွင် ၇ဦးနှင့် ကျန်ပြည် နယ်နှင့် တိုင်းများတွင် ၅ဦးရှိကြောင်း၊ ရမ်းဗြဲမြို့နယ်မှ အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦး ၊ တောင်ကုတ်မြို့နယ်မှ အသက် ၂၀ ကျော် အမျိုးသား ၁ ဦး၊ ဧရာဝတီတိုင်း ရေကြည်မှ အမျိုးသား ၁ ဦး၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် အမျိုးသား ၁ ဦးတို့မှာ သစ်ပင်ပိ၍ သေဆုံးရကြောင်း၊ မကွေးတိုင်းတွင် ရေစီးနှင့် မျောပါပြီး ၁ဦးနှင့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က ဇနီး မောင်နှံ ၂ ဦးတို့မှာ အိပ်ပျော်နေချိန် မြေပြိုကျ၍ သေဆုံးရခြင်းဖြစ်ကြောင်း ၊သေဆုံးမှု နှင့် ထိခိုက်မှု အသေးစိတ်များကို ဆက်လက်စုဆောင်းနေဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ဆိုကြသည်။

စစ်တွေမြို့တွင် ဆေးရုံ၊ ကျောင်းနှင့် မြို့မဈေး အစရှိသည့် အထင်ကရ အဆောက်အဦးများ အပါအဝင် မြို့၏ ၉၀ ရာခိုင်နှုန်း ခန့် ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ သိရပြီး လူမှုကွန်ရက် စာမျက်နှာရှိ ရုပ်သံများနှင့် ဓာတ်ပုံများတွင် လည်း နေအိမ်၊ အဆောက်အအုံ အားလုံးနီးပါးမှာ အမိုးများလန်၍ လွှင့်စင်ကာ နေအိမ်အလုံးလိုက်ပြိုကျပျက်စီးမှုများကို တွေ့ရသည်။

မြောက်ဦးမြို့နယ် င/စွယ်ကျေးရွာနှင့်၊ ရုပ်ချောင်းကျေးရွာ အစရှိသည့် ရွာများအပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ရှိသည့် မြို့နယ်များတွင် ရွာလုံးကျွတ် ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေ၊ ဂွ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ကျောက်တော် အစရှိသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များတွင် မုန်တိုင်းဖြတ်သန်း ချိန်၌ လျှပ်စစ်ဓာတ်အားပေးနှင့် ဆက်သွယ်ရေး တာဝါတိုင်များ လဲကျ ပျက်စီးမှုကြောင့် အဆက်အသွယ်များ ပြတ်ကာ ယနေ့ နေ့လယ်ပိုင်းတွင်မှ ဖုန်းလိုင်းတချို့ ပြန်လည်ရရှိသည်။

ဆိုင်ကလုန်း မုန်တိုင်း မိုခါ ဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ မြို့နယ်ဖြစ်သည့် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံ စသည့် မြို့နယ်များကို သဘာဝဘေး အန္တရာယ် ကျရောက်သည့်ဒေသများအဖြစ် စစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီက ထုတ်ပြန်သည့်စာရင်းတွင် ရခိုင်ပြည်နယ်တွင်၂ ဦးနှင့် ဧရာဝတီတိုင်းတွင် ၁ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက် ဒဏ်ရာရကြောင်း၊ တိုင်းနှင့် ပြည်နယ်များရှိ ရပ်ကွက်ကျေးရွာများတွင် လူနေအိမ်ပေါင်း ၈၆၄ လုံး ၊ သာသနိက အဆောက် အအုံ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၄ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အအုံ ၃၈ ခု ပျက်စီးပြီး ရခိုင်ပြည်နယ်တွင် ပျက်စီးမှုများခဲ့ ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် ဒေသခံများက အပျက်အစီးများကို ပြန်လည်စစ်ဆေး ပြင်ဆင်နေကြစဉ်/ AFP

ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်းကို လူ့အသက်အန္တရာယ်ထိခိုက်မှု အနည်းဆုံးနှင့် ကျော်လွှားနိုင်ခဲ့ကြောင်း၊ မုန်တိုင်းဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေး အဖွဲ့ များကို အမြန်ဆုံးစေလွှတ်ခြင်း၊ အစားအသောက်၊ ရေသန့်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းကို အမြန်ဆုံးပို့ဆောင်ပေးရမည်ဟုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးတွင် ပြောခဲ့သည်။

သို့သော် မုန်တိုင်း ဖြတ်သန်းရာ အဓိက မြို့ဖြစ်သည့် စစ်တွေမြို့တွင်ပင် စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာ အဖွဲ့တခု မှ လွဲ ၍ မည်သည့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုများကို မတွေ့ရဘဲ ပရဟိအသင်းအဖွဲ့များကိုသာ အားထားခဲ့ ရကြောင်း ဒေသခံများက ဆိုသည်။

စစ်တွေမြို့ခံ တဦးက “အဖွဲ့ ၁ ဖွဲ့ပဲ တွေ့လိုက်တယ်။ အပင်တွေကို စက်နဲ့လှီးနေတာ။ ကူညီကယ်ဆယ်ရေး အပိုင်းက မရှိဘူး။ ပရဟိအဖွဲ့တွေပဲ မုန်တိုင်းထဲမှာ ကယ်ဆယ်ရေးရော၊ မုန်တိုင်းပြီး သန့်ရှင်းရေးရော။ တပ်က ဆင်းလာတာလည်း မတွေ့ဘူး။ သူတို့ဘာသာ စခန်းမှာနေလို့ သေတာပဲ နေမှာပေါ့။ လမ်းပေါ်မှာ သေတာတော့ မဟုတ်ဘူး”ဟု ပြောသည်။

မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းက ရပ်ကွက်၊ ကျေးရွာ ၇ ခုနှင့် မကွေးတိုင်းက ရပ်ကွက် ကျေးရွာ ၁၄ ခုတွင် လူနေအိမ် ၃ လုံးခန့်သာ ပျက်ဆီးဆုံးရှုံးမှုရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ပျက်ဆီးဆုံးရှုံးမှု ပမာဏာ မှာ ပိုမိုများပြားနေကြောင်း ဒေသခံများ ထံမှ သိရသည်။

အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် အစပ်ရှိ ချင်ပြစ်ရွာနှင့် လက်ပံကန်ရွာနားရှိ မြောက်ယမား ဆည် လက်တံတခု ကျိုးသွားသဖြင့် မေ ၁၄ ညပိုင်းက ဒေသခံများ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ခင်ဦး၊ ဒီပဲယင်း၊ မြောင်၊ ကန့်ဘလူ၊ ရေဦး၊ တန့်ဆည်မြို့နယ်တို့တွင် သီးနှံမျိုးစုံ စိုက်ဧက သောင်းချီ ပျက်စီးခဲ့သည့်အပြင် မုန်တိုင်းနှင့်အတူ ဆက်တိုက်ရွာသွန်းနေသော မိုးကြားတွင် စစ်ကောင်စီက စစ်ကြောင်းထိုးနေသဖြင့် ခင်ဦးမြို့နယ်တွင် ရွာပေါင်း ၇ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

မကွေးတိုင်းတွင်လည်း မိုခါမုန်တိုင်းကြောင့် လူ့အသက်ဆုံးရှုံးရသည်အထိ ရှိခဲ့ပြီး ဆင်ဖြူကျွန်းမြို့ တွင် တထပ်အိမ်များ မြှုပ် သည်အထိ စလင်းချောင်း ရေလျှံမှုကြောင့် မြေနိမ့်ပိုင်းရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်စဉ် လူတဦးရေထဲမျော ပါပြီးသေဆုံးအထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ပေါ်တွင် သစ်ပင်များ ပြိုလဲနေပုံ / ဧရာဝတီ

ထို့ပြင် မကွေးတိုင်း၊ မင်းဘူး(စကုမြို့နယ်)၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်အတွင်းတွင် မန်း‌ချောင်း၊ စလင်းချောင်းများ ရေကြီးရာမှ အိုင်းမဆည်၊ စလင်းဆည်နှင့် မဲဇလီဆည်များကို ရေအများအပြားဝင်ရောက်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

မုန်တိုင်းကြောင့် မကွေးတိုင်းတွင် လမ်းမီးတိုင်များ၊ စိုက်ခင်းများ ပျက်ဆီးခဲ့ပြီး ပဲခူးတိုင်းတွင်လည်း ရပ်ကွက်၊ ကျေးရွာ ၇၂ ခုမှာ လူနေအိမ် ရာချီနှင့် တာဝါတိုင်များ ၊ လမ်းမီးတိုင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ်တွင်လည်း မုန်တိုင်းပြင်းထန်နေချိန်တွင် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ပြီ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် နေအိမ် ၂၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်သို့ အလွန့်အလွန်အားကောင်းသည့် အဆင့်ဖြင့် တိုက်ခတ်သွားခဲ့သည့် ဆိုင်ကလုန်း မိုခါမုန်တိုင်းသည် မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် စံချိန်တင် အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းများထဲမှ တခုဖြစ် ကြောင်း၊ မုန်တိုင်းဒဏ်ခံရသည့် လူမှုအသိုင်းအဝိုင်းအတွက် အကူအညီပေးရန်အသင့်ရှိနေပြီး မုန်တိုင်းပြီး သည့်နှင့်တပြိုင် နက် အရေးပေါ်တုံ့ပြန်မှုအစီစဉ်များကို ယနေ့ စတင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

You may also like these stories:

မုန်တိုင်းအန္တရာယ်ကြောင့် စစ်တွေနှင့် ပင်လယ်ကမ်းစပ်ရှိ ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်း

မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြီးများ

မုန်တိုင်းကြောင့် သံတွဲရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ယာယီပိတ်ရန် ထုတ်ပြန်

မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံတချို့ ဘေးလွတ်ရာရွှေ့ပြောင်း

Loading