မိုခါမုန်တိုင်းကြောင့် မိုးရေချိန်လက်မ စံချိန်တင် မြင့်တက်
မြန်မာနိုင်ငံတွင် အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ယခင်က မိုးရေချိန်မှာ ၁၀၀ မီလီမီတာ ၄ လက်မ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါတွင်၂၀၀ မီလီမီတာကျော်အထိ တက်ခဲ့သဖြင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မေလ ၁၄ ရက် တိုင်းတာချက်များအရ ချောက်မြို့ မိုးဇလစခန်း၏ ယခင်မိုးရေချိန်စံချိန်ဟောင်းမှာ ၉၇ မီလီမီတာ ၃.၈၂ လက်မသာရှိခဲ့ပြီး ယခုတွင်၂၁၈ မီလီမီတာ ၈.၅၈ လက်မ အထိ ဖြစ်ခဲ့ပြီး ဆင်ဖြူကျွန်း မိုးဇလစခန်း၏ ယခင်မိုးရေချိန် မှာလည်း ၉၈ မီလီမီတာ ၃ ဒသမ ၈၆ လက်မသာ ရှိခဲ့ရာမှ ယခုတွင် ၁၇၇ မီလီမီတာ ၆.၉၇ လက်မအထိ စံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မိုးရေချိန်မြင့်တက်မှုကြောင့် မိုခါမုန်တိုင်း ဗဟိုပြုဝင်ရောက်ခဲ့သော ရခိုင်ကမ်းရိုးတန်း၊ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ အပါအဝင် မြို့တချို့တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သလို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်လည်း ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် အပါအဝင် တိုင်းနှင့် ပြည်နယ်အများစု၌ ရေကြီးရေလျှံမှုများ ဖြစ် ပေါ်ခဲ့သည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ် အပါအဝင် မြို့နယ်တချို့တွင်လည်း စိုက်ပျိုးဧက တသောင်းကျော် ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးခဲ့သလို မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းစေတီပုထိုးများ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က “စိုက်ခင်းဧကတွေ ဘယ်လောက်များများ ပျက်စီးဆုံး ရှုံးခဲ့လဲဆိုတာတော့ ကျနော်တို့ စာရင်းကောက်နေတုန်းပဲ။ စိုက်ဧက တော်တော်များများကတော့ ရေနစ်မြုပ်ခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
မိုခါမုန်တိုင်း အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်လည်း မေလ ၁၂ ရက်ညပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ဒေသစိုက်ပျိုးရေး သီးနှံများဖြစ်သော ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း အပါအဝင် စပါးခင်းများ ရေနစ်မြုပ်ကာ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) ထံမှ သိရသည်။
CDSOM တာဝန်ခံ ကိုနွေဦးက “အခုက ပဲတီကောက်တဲ့ အချိန်ဗျာ။ ပြီးတော့ မတ်ပဲ၊ နှမ်းပေါ့။ လောလောဆယ် စပါးက တော့ နောက် ၁၅ ရက်လောက်ဆို ရိတ်သိမ်းရမယ့် အခင်းတွေပေါ့။ မိုးက ဆက်တိုက်ရွာတယ်။ အဲဒီတော့ တချို့တွေကျ တော့ ဒီတိုင်းထားရင် ရှုံးမှာလေ။ တချို့ကျတော့လည်း ရိတ်လက်စ တန်းလမ်းကြီးဆိုတော့ ဆုံးရှုံးမှုအနေနဲ့ကတော့ ထွက် သင့်သလောက် မထွက်တော့ဘူးပေါ့။ ပုံမှန်ဆို အသီးတွေကို ယူပြီးတော့ အရွက်တွေ၊ အပင်တွေကို နွားစာအဖြစ် သုံးကြ တာ။ အခု နွားစာအဖြစ် သုံးဖို့ကတော့ မရနိုင်တော့ဘူးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းအပါအဝင် မြန်မာ့ကမ်းရိုးတန်းဒေသများတွင် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သော်လည်း မိုးရေချိန်မြင့်တက်မှုကြောင့် အပူချိန်များပြီး စိုက်ပျိုးရေနှင့် သောက်သုံးရေ ရှားပါးခက်ခဲသော မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများအတွက်မူ မိုးရေ ရရှိခဲ့သလို မိုးနည်းပါးမှုကြောင့် သတ်မှတ်သိုလှောင်ရေပမာဏာ မပြည့်မီသော ဆည်များ အတွက် ရေရှိနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင် တဦးက ဆိုသည်။
၎င်းက “တော်ရုံတန်ရုံမိုးနဲ့ ရေမဝင်နိုင်တဲ့၊ အထက်မြန်မာအတွက် သဖန်းဆိပ်လို ဆည်မျိုးဆိုရင် အခုလို မုန်တိုင်းမိုးနဲ့ဆို အတော်အသင့် ရေတွေ ဝင်သွားနိုင်တယ်။ ချင်းပြည်နယ်နဲ့ မကွေးတိုင်းအထက်ပိုင်းမှာ ရေတွေ အများကြီး သွန်းချရွာချ လိုက်ရင်တော့ အဲဒီနေရာက ကြီးအုံကြီးဝဆည်က ရေပြည့်သွားမှာပဲ၊ ရေပြည့်လျှံကြီး ဆည်ကျိူးသွားရင်တော့ ဒုက္ခ ပင်လယ်ဝေပေါ့ဗျာ” ဟု ပြောဆိုသည်။
သဖန်းဆိပ်ဆည်သည် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းတည်ရှိပြီး ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်း၊ စိုင်းပြင် အစရှိသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်ကို နှစ်စဉ် စိုက်ပျိုးရေး ပေးဝေနေ သော ဆည်ကြီး ဖြစ်သည်။
ထို့ပြင် ယခင်ကတည်းက မိုးနည်းသော မန္တလေး၊ မကွေးနှင့် စစ်ကိုင်းအတွင်းရှိ မြို့နယ်တချို့အတွက် လုံလောက်သော မိုးရေရရှိနိုင်ကာ ကောက်ပဲသီးနှံများ ဖြစ်သော နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ အစရှိသော သီးနှံများ စိုက်ပျိုးနိုင်ရန် အဆင် ပြေနိုင်ကြောင်း ၎င်းက ဆိုသည်။
အထက်ပါ စိုက်ပျိုးရေးပညာရှင်က ဆက်လက်၍ “မုန်တိုင်းလမ်းကြောင်း တလျှောက်ကတော့ မိုးရေ ဝပြီးတော့ ဆည်တွေ၊ ကန်တွေလည်း ရေဖူလုံသွားနိုင်မယ့် အတိုင်းအတာတခုတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် မိုးကို မျှော်ပြီး စိုက်ပျိုးထွန်ယက် ကြမယ့် စစ်ကိုင်းနဲ့မကွေးက တောင်သူတွေက စစ်ဘေးရှောင်နေရတော့ သူတို့တွေ ထွန်ရေးမှ ပြင်နိုင်ကြပါ့မလားတော့ စိတ်ပူမိတယ်” ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်သို့ အလွန့်အလွန်အားကောင်းသည့် အဆင့်ဖြင့် တိုက်ခတ်သွားခဲ့သည့် ဆိုင်ကလုန်း မိုခါမုန်တိုင်းသည် မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် စံချိန်တင်အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းများထဲမှ တခုဖြစ် ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။
ထို ဆိုင်ကလုန်းသည် မေလ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်တွင် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့နယ် (စစ်တွေမြို့အနီး) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားကြား ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့ကာ ခန့်မှန်းထားသည်ထက် ပိုမိုအား ကောင်းခဲ့ပြီး အမြင့်ဆုံး လေတိုက်နှုန်းမှာ ၁ နာရီလျှင် ကီလိုမီတာ၂၅၀ ရှိကြောင်း Joint Typhoon Warning Center (JTWC) ကလည်း ဆိုထားသည်။
ရခိုင်ပြည်နယ် ကမ်းရိုးတန်းနှင့်ဆက်နေသည့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းရှိ အနိမ့်ပိုင်းဒေသများတွင် မုန်တိုင်းဒီရေလှိုင်း သည် ၉ ပေမှ ၉ ပေခွဲထိ မြင့်တက်ခဲ့သောကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နေရာအများအပြားကို ရေလွှမ်းမိုးခဲ့ကာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။
You may also like these stories:
ဆိုင်ကလုန်း မိုခါ ကြောင့် ရခိုင်တွင် သေဆုံးသူ ၇ ဦးထိ ရှိလာ
မုန်တိုင်းအန္တရာယ်ကြောင့် စစ်တွေနှင့် ပင်လယ်ကမ်းစပ်ရှိ ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်း
မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံတချို့ ဘေးလွတ်ရာရွှေ့ပြောင်း