စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အနောက်ခြမ်း၊ ဘုတ္တောတိုက်နယ်၊ ဆားကုန်းကျေးရွာအုပ်စုမှ ဘုတ္တော၊ ဆားကုန်း၊ ဆားကိုင်း၊ ရွာသစ်ကုန်းကျေးရွာများမှ ပြည်သူများ၏ မိုဘိုင်းဖုန်းများအား ပျူစောထီးခေါင်းဆောင် ဆရာတော် ဦးဝါသ၀ ဦးဆောင်သော ပျူစောထီးများက အဓမ္မသိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
ထိုသို့ မိုဘိုင်းဖုန်းများ သိမ်းယူရသည့် အကြောင်းအရင်းမှာ စစ်တပ်နှင့် ပျူစောထီးများ၏ လှုပ်ရှားမှုများကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ သတင်းပေးပို့နေခြင်းကြောင့် ဆားကုန်းကျေးရွာ ပျူစောထီး ကင်းပုန်းများ၊ စခန်းနေရာများ မကြာခဏ တိုက်ခိုက်ခံရသည်ဟု ယူဆပြီး သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံသတင်းရင်းမြစ်တဦးက “အဓိကတော့ ပျူတွေ တိုက်ခိုက်ခံရတာတွေ၊ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ သတင်းတွေမှာ တက်နေတာတွေကြောင့်ပေါ့၊ နောက်ပြီး အဲဒီလို သူတို့ တိုက်ခိုက်ခံရတာ၊ အထိအခိုက်တွေ များတာဟာ ဒီရွာတွေက လူတွေက သတင်းပေးနေလို့ဆိုပြီး ဖုန်းတွေကို သိမ်းတာလို့ သိရတယ်” ဟု ပြောသည်။
မေလ ၆ရက်နှင့် ၈ ရက်နေ့များက ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဆားကုန်းကျေးရွာ ပျူစောထီး ကင်းစခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်အပြီး မေလ ၉ ရက်နေ့မှ စတင်ကာ ဘုတ္တော ၄ ရွာအုပ်စုမှ မိုဘိုင်းလ်ဖုန်းများသာမက ကြိုးဖုန်းများကိုပါ ပျူစောထီးများက သိမ်းယူခဲ့ကြကြောင်း သိရသည်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ သိရသလောက်ကတော့ ဒီနေ့အထိ ဖုန်းတွေကို ပြန်မပေးသေးဘူးဗျ၊ အကြောင်းမဲ့သက်သက် အနိုင်ကျင့်တာမျိုးပေါ့၊ ဖုန်းတွေ သိမ်းတယ်လို့ ပျူစောထီး တယောက်ရဲ့ အမျိုးအရင်းတယောက်ကိုယ်တိုင် သတင်းပေးလို့ သိရတာပါ၊ ပြောရမယ်ဆိုရင် ပျူစောထီးရွာဖြစ်နေတာတောင် အချင်းချင်း မယုံကြည်တော့လို့ လုပ်တဲ့သဘောမျိုးပဲ”ဟု ပြောသည်။
ဘုတ္တော၊ ဆားကုန်း၊ ဆားကိုင်း၊ ရွာသစ်ကုန်းကျေးရွာ ၄ ရွာပေါင်းတွင် အိမ်ခြေ ၁၂၀၀ ကျော်ရှိကာ လူဦးရေ ၅ ထောင် ကျော်ထိရှိပြီး ယင်းကျေးရွာများကို ပျူစောထီးသင်တန်းများ မဖြစ်မနေ တက်ရောက်ခိုင်းထားခြင်း ကြောင့် သင်တန်း တက်ထားကြရသော်လည်း ရွာလုံးကျွတ်ပျူစောထီးများ မဟုတ်ကြောင်း၊ ထို့ကြောင့် ပျူစောထီးအမာခံများမှ လွဲ၍ ကျန်ရွာသားများထံမှ ဖုန်းများကို သိမ်းယူထားခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များကပြောသည်။
ထန်းကုန်းတိုက်နယ်ဒေသခံတဦးက “အဲဒီရွာတွေက အကုန်လုံး ပျူတွေ မဟုတ်ဘူးဗျ၊ ပျူတွေဆိုတာကလည်း မဖြစ်မနေ သင်တန်းတက်ခိုင်းလို့ တက်ကြရတဲ့သူတွေက များတယ်၊ ရွာသားတခြမ်း၊ ပျူတခြမ်း ဖြစ်နေတာမျိုးပေါ့၊ ကျနော်တို့ရွာတုန်းကလည်း အခုလိုပုံစံမျိုးနဲ့ ဖုန်းတွေကို အကုန်သိမ်းသွားတာပဲ၊ ဝါသဝက အခုလို ပုံစံမျိုးက လုပ်နေကြပဲ၊ ပြီးရင် ဘယ်သူ့ကိုမှ ပြန်မပေးဘဲ အဟောင်းဈေးနဲ့ ရောင်းတာမျိုး၊ ပျူတွေကို ခွဲပေးတာမျိုးတွေ လုပ်နေတာ”ဟု ပြောသည်။
ထိုသို့ ဖုန်းသိမ်းယူခြင်းများအပြင် မေလ ၇ ရက်နေ့က မှော်တော်ကျေးရွာမှ လယ်တောသွားသည့် နွားလှည်းတစီးမှာ ပျူစောထီးများ ထောင်ထားသည့် မိုင်းထိမှန်ကာ နွား ၂ ကောင် သေဆုံးခဲ့ရပြီး ပျူစောထီးများက နွားပိုင်ရှင်အား နစ်နာကြေး မပေးသည့်အပြင် နိုင်ငံပိုင်ဘဏ္ဍာအား ဖြုန်းတီးသည်ဟုဆိုကာ မိုင်းတန်ဖိုး ဒဏ်ကြေးငွေ ၁ သိန်းခွဲ တောင်းယူခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တောင်ခြမ်းမှ ကျေးရွာများအား အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ဖောင်းပြင်မြို့ အခြေစိုက် ခမရ ၃၆၈ တပ်နှင့် ပျူစောထီးများက မေလ ၇ ရက်နေ့မှစတင်ကာ ထပ်မံ၍ စစ်ကြောင်းထိုးလျက်ရှိသလို အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ ကလေးမြို့ အခြေစိုက် ခမရ ၃၆၁ နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကလည်း ဇီးကုန်းတိုက်နယ်သို့လည်းကောင်း၊ ကိုးတောင်ဘို့ ပျူစောထီး အထိုင်စခန်းမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ မချမ်းဘော့အခြေစိုက် ခလရ ၁၃၇ နှင့် ပျူစောထီးများက ကိုးတောင်ဘို့တိုက်နယ်သို့ လည်းကောင်း၊ အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းများက ချပ်သင်းပျူစောထီးစခန်းမှ ပျူစောထီးများဖြင့် ပူးပေါင်းကာ ချပ်သင်းတိုက်နယ် အတွင်းသို့ လည်းကောင်း မေလ ၉ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးနေခြင်းများကြောင့် ဒေသခံ ၃ ထောင်ကျော်မှာ စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်း၌ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ လုယက် သတ်ဖြတ်နေခြင်းများကြောင့် ယနေ့အထိ စစ်ဘေးရှောင် ၄ သောင်းခန့်ရှိပြီး အချို့ စစ်ဘေးရှောင်များသည် စစ်ကြောင်း ထွက်ခွာသွားလျှင် ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက်နေထိုင်ကြခြင်းများ ရှိသလို အချို့ဒေသခံများသည်လည်း ကျေးရွာများအတွင်း နေထိုင်ရဲခြင်း မရှိခြင်းနှင့် နေထိုင်စရာ နေအိမ်များ မရှိကြတော့သဖြင့် နီးစပ်ရာ နေရာများ၌ ယာယီတဲများထိုး၍ နေထိုင်ကြကြောင်း သိရသည်။
You may also like these stories:
သတင်းအမှောင်ချခံထားရတဲ့ စစ်ကိုင်းက ပြည်သူများ
ကန့်ဘလူခရိုင်အတွင်းက လုပ်ငန်းရှင်များကို နေရပ်ပြန်ရန် ပျူစောထီးများ ခြိမ်းခြောက်
ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ
တိုက်ပွဲမပြတ်တဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်များ ခက်ခဲကျပ်တည်းလာ