မိုခါမုန်တိုင်း ဖြတ်သန်းဝင်ရောက်ရာ လမ်းကြောင်းများ ဖြစ်သော ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးတိုင်း အစရှိသည့် ဒေသများ၌ ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်တန့်သွားကြောင်း အဝေးပြေး ကုန်စည်သယ်ယူ ပို့ ဆောင်ရေး လုပ်ငန်းရှင်များထံက သိရသည်။
အဆိုပါ အင်အားပြင်း မိုခါဆိုင်ကလုန်းကြောင့် မုန်တိုင်းမကျခင် မေလ ၁၃ ရက်ကတည်းက ကုန်သည်များဘက်မှ လည်း မှာယူမှုနည်းပါးသလို၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကလည်း တင်ပို့မှုများလက်မခံသောကြောင့် ယာယီ ရပ်နားသွားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက “ကုန်သည်က လည်း မမှာပါဘူး။ ကျနော်တို့ကလည်း ကုန်တွေကို သိပ်လက်မခံပါဘူး။ သဘာဝဘေးအန္တရာယ် ရှိတော့လေ။ အကူအညီလိုအပ်ရင်တော့ တိုင်းအစိုးရဖွဲ့နဲ့ ညှိနှိုင်းပြီး လုပ်ပေးမှာ” ဟု ဧရာဝတီသို့ ပြောသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များကို ဖြတ်ကျော်ပြီး ဖြစ်သောကြောင့် အစိမ်းရောင် အဆင့် (လုံခြုံစိတ်ချရသည့်အခြေအနေ) သတ်မှတ်လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
သို့သော် လက်ရှိတွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် မုန်တိုင်း ဖြတ်သန်းနေ သည့်အတွက် အလွန်အန္တရာယ်များသည့် အညိုရောင်အဆင့်အဖြစ် ယင်းပြည်နယ်နှင့်တိုင်းများအတွက် သတ်မှတ် ထားပြီး လာမည့် ၆ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင် တဦးက “ကျမတို့ဆီမှာ တော့ ရန်ကုန်မှာ အဆင်ပြေနေတော့ မနေ့က ထွက်သွားတဲ့ ကားရှိတယ်။ ဒါပေမယ့် သံတွဲမြို့ထဲကိုတော့ မရောက် သေးဘူး။ တနေရာရာမှာ အပင်လဲ ဘာညာနဲ့ ပိတ်ကောင်းပိတ်နိုင်တယ်။ ဂွမြို့မှာက အပျက်အစီး ရှိတယ်။ မနေ့ မနက်ပိုင်းက ဒီက မောင်းသွားရင် ပုံမှန်ဆို ရောက်နေရမှာ အခုတော့ မရောက်သေးဘူး။ ရန်ကုန်က တက်လာတဲ့ကား ကရော ရန်ကုန်ကို ဆင်းသွားတဲ့ ကားရော မရောက်သေးဘူး။ အဲဒီတော့ ကုန်စည်သယ်ယူ ပို့ဆောင်ရေးက ယာယီ ရပ်တန့်နေတာပေါ့” ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
မုန်တိုင်း ဝင်ရောက်သွားသည့် အခြေအနေများကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရေးလမ်းများပေါ်တွင် သစ်ပင်များ လဲကျခြင်း၊ ပျက်စီးခြင်းများ ရှိနေသဖြင့် လမ်းပိုင်းတနေရာရာ၌ ပိတ်မိနိုင်ပြီး ဖုန်းဆက်သွယ်ရ ခက်ခဲနေ၍လည်း မည်သည့်နေရာတွင် ပိတ်မိနေသည်ကို လတ်တလော ပြောဆိုရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် လက်ရှိ မိုခါမုန်တိုင်းဖြတ်သန်းနေသည့် အညိုအဆင့် သတ်မှတ်ထားသော စစ်ကိုင်းတိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းများကြောင့် စားနပ်ရိက္ခာသယ်ယူသည့် ကုန်သွယ်ရေး လမ်းကြောင်းများမှာ လည်း ပြတ်တောက်နေပြီး စစ်ဘေးရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း ကနီမြို့နယ် စစ်ဘေးရှောင်အရေး ကူညီသူတဦးက ဧရာဝတီသို့ ပြောသည်။
ထို့အတူ ချင်းပြည်နယ်တွင်လည်း မုန်တိုင်းမိုးနှင့် မိုးကြိုကာလ ဖြစ်သောကြောင့် လမ်းပိုင်းမြေပြိုခြင်းများရှိကာ ကုန် စည်သယ်ယူပို့ ဆောင်ရေး လုပ်ငန်းတချို့မှာ လက်ရှိအချိန်တွင် ရပ်တန့်ထားရပြီး ကုန်ဈေနှုန်းများမှာလည်း ယခင်က ဆန်ကြမ်း တအိတ် ကျပ် ၄ သောင်းခန့်သာ ရှိသော်လည်း ယခု အချိန်တွင် ကျပ် ၈ သောင်းအထိ မြင့်တက်လာသည် ဟု ချင်းပြည်နယ်၊ ကလေးမြို့ဒေသခံများထံက သိရသည်။
ချင်းပြည်နယ်၊ ကလေးမြို့ဒေသခံတဦးက “ကုန်ဈေးနှုန်းကျတော့ တအားတက်တယ်။ ကားတန်ဆာခတွေလည်း တက် တယ်။ ကလေးနဲ့ တီးတိန်မြို့ဆိုရင် အရင်က တယောက်မှ ကျပ် ၈ ထောင်ပဲ ရှိတယ်။ အခု ကျပ် ၄ သောင်း၊ ဒါတောင် ပုံမှန် မရှိဘူး။ ကလေးနဲ့ ရန်ကုန်ဆို ကျပ် ၁ သိန်း၂ သောင်း အဲဒီလောက်ထိ ဈေးပေါက်သွားတယ်။ တန်ဆာခဈေး တွေလည်း တက်တယ်။ ကားခတွေလည်း တက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် လက်ရှိတွင်လည်း မုန်တိုင်း နောက်ဆက်တွဲ အခြေအနေများကြောင့် ရန်ကုန်မြို့ရှိ ကုန်စည်ဒိုင်များသို့လည်း ဧရာဝတီတိုင်းမှ သင်္ဘော၊ မော်တော်များ ဆိုက်ကပ်ခြင်း မရှိသဖြင့် ကုန်သည်များမှာ လက်ကျန် ကုန်စည်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်ရှိ ကုန်သည်များက ပြောသည်။
မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ ချောင်းရေ၊ မြစ်ရေ မြင့်တက်ခြင်းတို့ကြောင့် မကွေးနှင့် စစ်ကိုင်းတိုင်း အတွင်းရှိ အဝေးပြေးလမ်းများတွင် ရေကျော်မှုများဖြစ်ကာ ကားလမ်းပိုင်း ပျက်စီးမှုတချို့လည်း ရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
မြန်မာပဲတီစိမ်းအိတ် သိန်း ၂၀ ကျော်နှင့် ကုန်သည် ၃ ဦးကို တရုတ်ကဖမ်းထား
တရုတ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် သရက်သီးတင်ပို့မှု ယာယီဆိုင်းငံ့ရန် အသိပေး