ရခိုင်၌ စားသောက်ကုန်၊ ဆေးဝါး အိမ်ဆောက်ပစ္စည်း ဝယ်မရဖြစ်နေ
အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သဖြင့် ရခိုင်နယ်တွင် စားသောက်ကုန်၊ ဆေးဝါးနှင့် အိမ်ဆောက်ပစ္စည်းများ ဝယ်မရ ဖြစ်နေသည်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် လမ်းတံတားများ ပျက်စီး၍ သစ်ပင်များလဲပြိုကာ ပိတ်ဆို့နေပြီး ပျက်စီးသွား သည့် အဆောက်အအုံများကိုလည်း ရှင်းလင်းနေရသဖြင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ကာ ဈေးဆိုင်များလည်း ပြန်မဖွင့် နိုင်သဖြင့် စားနပ်ရိက္ခာခက်ခဲနေကြောင်း၊ ဖွင့်သည့်နေရာများ၌လည်း ဝယ်လိုအားနှင့် ရောင်းလိုအားမမျှ၍ ကုန်ဈေးနှုန်း မြင့်တက်မှုဖြင့် ကြုံနေရကြောင်း ဒေသခံများကဆိုသည်။
ကျောက်တော်မြို့နယ်မှ ဒေသခံတဦးက “နေ့စားအလုပ်သမားတွေ ငတ်ပြတ်နေတာပေါ့။ အစားအသောက်ရောင်းတဲ့ ဈေးသည်မရှိဘူး။ ဝယ်ကိုမရတာ။ ဆောက်လုပ်ရေးပစ္စည်းဆိုင်ဆိုရင်လည်း သစ်သား တပေကို ၂၀၀၀ ကျပ်ရှိရင် အခု က ၄၀၀၀ ကျပ်တောင် မရောင်းဘူး။ မိုးကလည်း မနေ့က တညနေလုံးရွာ၊ အိမ်တွေက ခေါင်မရှိ၊ မရှိမဲ့ရှိမဲ့ ပိုက်ဆံ လေးတွေနဲ့ သွားဝယ်တော့လည်း ဝယ်မရဘူး။ အိမ်ပျက်စီးတာ ၁၀၀ ဆိုရင် ရောင်းပေးနိုင်တာ ၁၀ အိမ်လောက်ပဲ ရှိတော့ သူတို့လည်း မရောင်းပေးနိုင်ဘူး၊ တာပေါ်လင် အမိုး ပေ ၃၀ ပတ်လည်ကို ၆သောင်း ၇ သောင်းရှိရာကနေ အခု ၁ သိန်းပေးတောင် မရောင်းဘူး။ ဆိုင်ပိုင်ရှင်လည်း အပြစ်ပြောလို့တော့ မရဘူး။ ဒါက တိုင်းပြည်မှာအုပ်ချုပ်တဲ့ကောင် တွေက နိုင်သလောက်လုပ်ပေးရမှာ” ဟု ဧရာဝတီကို ပြောသည်။
မေလ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဂွနှင့် မြောက်ဦး စသည့် မြို့နယ်များတွင် ပျက်စီးမှု အများအပြား ဖြစ်ပေါ်ခဲ့ပြီး စစ်တွေမြို့သည် ဆေးရုံ၊ ကျောင်းနှင့် မြို့မဈေး အပါအဝင် မြို့၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံး ရှုံးခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သော်လည်း လမ်းပိုင်းပျက်စီးမှု များကို ရှင်းလင်းနေဆဲဖြစ်ရာ အခြေခံစားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်း စသည့် ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက “ဆိုင်တွေကတော့ လုံးဝ မဖွင့်နိုင်သေးဘူး။ လက်ရှိ စားရေးသောက်ရေးကတော့ အခက်အခဲရှိမယ်ထင်တယ်။ ကျနော်တို့အသင်းကသူတွေ လည်း ကိုယ့်ရဲ့ကိစ္စနဲ့ ကိုယ်တောင် မဖြေရှင်းနိုင်သေးဘူး ဖြစ်နေကြတာ။ ပြီးတော့ အိမ်အမိုးတို့ဘာတို့ကလည်း ၉၀ ရာခိုင်နှုန်းလောက်က အကုန်ပါကုန်တာဆိုတော့။ ဆန်တို့ဘာတို့တော့ မြို့ထဲမှာရှိတယ်လို့ ကျနော်ကြားထားပါတယ်။ ပစ္စည်းရှားပါးလာရင်တော့ ဈေးတင်ရောင်းတဲ့သူတွေ ရှိနိုင်ပါတယ်” ဟု ဆိုသည်။
မုန်တိုင်း၏ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်သဖြင့် ရခိုင်ပြည်နယ် ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပြည်နယ်အစိုးအရတို့ ပူးပေါင်းပြီး ကုန်ဈေးနှုန်း မြင့်တက် ခြင်း မရှိစေရန် အတွက် ထိန်းညှိသွားရန်ရှိကြောင်းလည်း ၎င်းက ပြောသည်။
Center Peace In Development အမှုဆောင် ဒါရိုက်တာ ဦးထွန်းကြည်က “စစ်တွေဘက်မှာ အခု ကုန်ဈေးနှုန်းတွေ တအားတက်နေတယ်။ သယ်ယူပို့ဆောင်ရေး ကုန်းလမ်းမှာဆိုလည်း အရင်က ပုဏ္ဏာကျွန်းနဲ့စစ်တွေ ၅၀၀၀ ကျပ်ပဲ ရှိတာ။ အခု ကျပ် ၁၅၀၀၀ လောက်ဖြစ်တော့ ၁၀၀၀၀ ပိုတက်သွားတာမျိုး ဖြစ်နေတယ်။ ဆိုတော့ ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်လုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်းတွေရယ်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုတော့ မဖြစ်မနေ နိုင်ငံတော်အဆင့် ထိန်းချုပ်ထားဖို့ လိုအပ်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။ စီးပွားရေးသမားကတော့ သူ့လောဘ အတိုင်း လုပ်မှာပဲလေ။ စနစ်တကျ ထိန်းချုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်းများ ရခိုင်ပြည်နယ်သို့ ဝင်ရောက်ရန် ခက်ခဲနေသည့်အတွက် လက်ရှိတွင် ရှိပြီးသား ကုန်စည်များဖြင့် မျှဝေသုံးစွဲရန် အဆင်ပြေသေးသော်လည်း ယခုတပတ်အတွင်း ယင်းကုန်စည် များ ကုန်သွားနိုင်သည့် အခြေအနေ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့ ကမ်းရိုးတန်းသွားသင်္ဘောပိုင်ရှင်များအသင်းက အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်း စသည်တို့ ပါရှိသော သင်္ဘော ၃ စီး(တန်ချိန် ၈၀၀၀ မှ ၉၀၀၀ ဝန်းကျင်ရှိ) အဆင်သင့်ပြေးဆွဲရန် လုပ်ထားပြီး ရက်ပိုင်း အတွင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသော်လည်း မည်သည့်နေ့ရက်အချိန်တွင် ရောက်ရှိမည်ကိုမူ အတိအကျ မသိရသေးပေ။
You may also like these stories:
ဆိုင်ကလုန်း မိုခါ ကြောင့် ရခိုင်တွင် သေဆုံးသူ ၇ ဦးထိ ရှိလာ
မိုခါမုန်တိုင်းကြောင့် မိုးရေချိန်လက်မ စံချိန်တင် မြင့်တက်
မုန်တိုင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်တန့်