သတင်း

စစ်ကိုင်းတွင် မုန်တိုင်းကြောင့် စစ်ရှောင် ယာယီတဲများနှင့် စိုက်ခင်းများ ပျက်စီး

ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များမှ သီးနှံမျိုးစုံ စိုက်ဧက တသောင်းထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး စစ်ရှောင်များ၏ ယာယီတဲများလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီး မေ ၁၄ ရက်နေ့မှ စတင်၍ ယနေ့ (မေ ၁၆ ရက်) အထိ မူးတိမ်ချောင်းမှ ရေဝင်ရောက်ခြင်းကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ရွာပေါင်း ၄၉ ရွာရှိ စိုက်ဧက တသောင်းကျော် ရေနစ်မြှုပ်ကာ ဆုံးရှုံး ပျက်စီးခဲ့ခြင်းဖြစ်သည်။

ခင်ဦးမြို့ရှိ ဒေသခံတဦးက “စိုက်ခင်း တသောင်းကျော် ရေနစ်ပြီးတော့ ပျက်စီးသွားခဲ့တယ်။ ချောင်းနဲ့နီးတဲ့ စိုက်ခင်းတွေဆို ပိုဆိုးတယ်။ လတ်တလောမိုးကတော့ မရွာတော့ဘူး။ ရေတွေကတော့ စိုက်ခင်းထဲမှာ ပြည့်နေတယ်။ စက်တွေနဲ့လည်း စုပ်ထုတ်လို့မရဘူး။ ချောင်းထဲလည်း ရေကပြည့်နေတာဆိုတော့ သီးနှံတွေကတော့ ပျက်စီးသွားမယ့် အလားအလာပါပဲ” ဟု ပြောသည်။

ခင်ဦးမြို့နယ်သည် ပဲတီခင်းနှင့် နှမ်းစိုက်ခင်းများကို အဓိကထား စိုက်ပျိုး၍ အသက်မွေးဝမ်းကြောင်းပြုကြခြင်း ဖြစ်သည်။

နွေရာသီစိုက်ခင်းရေနစ်မြုပ်ခဲ့သည့်ကျေးရွာများမှာ ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ဂျပို့ ၊ ပေါက်သင့်တုံ ၊ မဒေါင်းကြီး ၊ ရှားတော ၊ ငါးရုံကြီး ၊ ကလုံ ၊ ရှင်မင်းဒွေ ၊ သရက်ကုန်း ၊ ကင်းပြစ် ၊ တဲစု ၊ မြစ်တော် ၊ မုံလှ ၊ သာဝတ္ထိ ၊ ကျွန်းတောကြီး ၊ မြင်းကျ ၊မကျီးအုပ် ၊ သရက်ပင်စု ၊ မြင်းဒေါင်း ၊ အင်းပတ် ၊ ချမ်းသာကုန်း ၊ ညောင်ပင်ခြံ ၊ ဆည်ကြီး ၊ မြကန် ၊ မရမ်းအင်း ၊ အောင်သာ၊ အင်းပေါက် ၊သဲကုန်းကြီး ၊ ကျီးအိုင် ၊ မုံတော ၊ ဒါန်းကုန်း၊မှန်သာ ၊ ကျွန်းစွယ်၊ ကျွန်းလည် ၊ သိမ်တော် ၊ညောင်ပင်ကြီးစု ၊ ရုံးစု ၊ မူးသာ ၊ တာတိုင် ၊ လက်ပံကွက် ၊ကံကြီးကုန်း ၊ သာဂရ အစရှိသည့် ၄၉ ရွာမှ စိုက်ခင်းများဖြစ်သည်။

ခင်ဦးမြို့နယ်နှင့် ကပ်လျက်ရှိ မူးမြစ်အနောက်ကမ်းမှ ဒီပဲယင်းမြို့နယ်တွင်လည်း မိုးပြင်းထန်စွာ ရွာသွန်းခဲ့သည့် အတွက် စိုက်ခင်း ၇၀ ရာခိုင်နှုန်းခန့်အထိ ပျက်စီးနိုင်ကြောင်း၊ ပဲခင်းများ ရေနစ်မြုပ်သွားခဲ့ပြီး လက်ရှိတွင် ရေများဖောက်ထုတ် ခြင်း ၊ စက်ဖြင့်စုတ်ထုတ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်အဖွဲ့ထံမှ သိရသည်။

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က “စစ်အာဏာရှင်တွေ မီးရှို့လို့ အရမ်းထိခိုက်နေတဲ့ ဒီပဲယင်းမြို့နယ်ဟာ သဘာဝဘေးကြောင့် ပဲတွေရေနစ်ပြီးအပျက်အစီးများတာကလည်း ထိခိုက်မှုတခု ဖြစ်ပြန်တယ်။ ဒီတော်လှန်ရေး အမြန်အောင်မှ ပြည်သူတွေဘဝလည်း အေးချမ်းပါလိမ့်မယ်ဗျာ” ဟု ပြောသည်။

စစ်ကိုင်းတိုင်း၊ မြောင်ဒေသတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရေနစ်မြှုပ်နေသော သီးနှံစိုက်ခင်းများကို ရိတ်သိမ်းနေကြပုံ/Ko Nway Oo -Myaung

မိုခါမုန်တိုင်းကြောင့် မိုးများ အဆက်မပြတ် ရွာသွန်းနေသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိကျေးရွာများသို့ စစ်ကောင်စီတပ်မှ မေလ ၁၄ ရက်နေ့ က စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ သုံးထောင်ခန့် ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ဒေသခံတဦးက “စစ်ရှောင်တွေကတော့ ရွာတွေကို မပြန်နိုင်ကြရသေးဘူး။ တောထဲမှာ ဖြစ်သလိုနေထိုင်ရပြီး စားစရာအခက်အခဲတွေလည်း ရှိနေတယ်။ အခုလောလောဆယ်တော့ တချို့က လှည်းတွေပါတယ်။ လှည်းတွေကို အမိုးတွေအုပ်ပြီး ဖြစ်သလိုပဲ နေကြရတာပေါ့” ဟု ပြောသည်။

အလားတူ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ခံရသည့် ကျေးရွာ ၃ရွာအပါအဝင် ကျေးရွာ ၅ ရွာမှာ မိုးဆက်တိုက်ရွာသွန်းခဲ့ခြင်းကြောင့် ရေနစ်မြုပ်ခဲ့ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးအဖွဲ့က ပြောသည်။

အဆိုပါကျေးရွာများရှိ ဒေသခံများမှ ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့၍ အထိအခိုက်မရှိခဲ့သော်လည်း ရွာများအတွင်း ရေများဝင်ရောက်နေခြင်းကြောင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ခင်ဦးနယ်တွင် မုန်တိုင်းပြီးသော်လည်းစစ်ကြောင်းထိုး မီးရှို့ခံမှုများကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များနှင့် စိုက်ခင်းများ ရေနစ်မြှုပ်နေပုံ/ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး

အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတဦးက “တချို့ မီးရှို့ခံထားရတဲ့ အိမ်တွေအနေနဲ့ အိမ်က မိုးမလုံတော့တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ လေကတော့ အရမ်းမကြမ်းဘူး။ မိုးကတော့ အဆက်မပြတ် ရွာတယ်။ ယာယီစစ်ရှောင်နေကြတဲ့ ချင်းတွင်းမြစ်ကမ်းနံဘေးကတဲလေးတွေကတော့ ရေကြီးနစ်မြှုပ်တဲ့ထဲပါသွားတယ်။ ဘာမှမရလိုက်ဘူး။ နီးစပ်ရာလေးတွေမှာ သွားရောက်ပြီးတော့ နေထိုင်ကြရတာပါပဲ” ဟု ပြောသည်။

လက်ရှိတွင် မိုးရွာသွန်းခြင်းမရှိသော်လည်း ဝင်လာသည့်ရေများမှာ ပြန်မကျသေးသည့်အတွက် အကူအညီ လိုအပ်နေသူများအတွက် အမြန်ဆုံး အကူအညီပေးကြရန်လည်း တိုက်တွန်းထားသည်။

စစ်ဘေးရှောင် ကူညီနေသူဆားလင်းကြီးဒေသခံတဦးက “ကျနော်တို့တွေ မီးရှို့ခံရလို့ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေအနေနဲ့ ဒုက္ခမျိုးစုံခံခဲ့ရတယ်။ အခုက သဘာဝဘေးဖြစ်တဲ့အခါမှာလည်း ကျနော်တို့ ပြည်သူတွေပဲ ခံရတာပေါ့ဗျာ။ စိတ်ဓာတ်ကျမသွားဖို့ဘဲ အရေးကြီးပါတယ်။ နာဂစ်တုန်းကလည်း စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် လူတွေမသေသင့်ဘဲ သေခဲ့ရတယ်” ဟု ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် ဆားလင်းကြီးမြို့နယ်အပြင် ယင်းမာပင်မြို့နယ်အတွင်းရှိ ရေမြှုပ်နေသည့် ကျေးရွာများရှိ အိမ်ထောင်စုများထံသို့လည်း အစားအသောက်များ သွားရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း တောင်ပိုင်း၊ ယင်းမာပင်မြို့နယ်တွင် မေလ ၁၄ရက်နေ့ ည ၈ နာရီခန့်က မြောက်ယမားဆည် လက်တံကျိုးသွားခဲ့ခြင်းကြောင့် ယမားချောင်း ရေလျှံခဲ့ရာ ချောင်းတလျှောက်ရှိ ဂုဏ်တော၊ ဒုံးတော၊ ပြန်လှည့်၊ သီးကုန်း၊ လည်ငေါက်၊ ကန်သာ၊ ရှမ်းရွာ၊ သဲတောကြီး၊ ရွှေပန်းခိုင်၊ ရေကြည်ပင်၊ ရွာ သာ၊ ကျေးစာကျနှင့် ဘိန်းနွယ်ချောင် အစရှိသည့် ရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသောဒေသခံများမှာ ညတွင်းချင်း အရေးပေါ် တိမ်းရှောင်ခဲ့ရသည်။

ခင်ဦးနယ်တွင် မုန်တိုင်းပြီးသော်လည်းစစ်ကြောင်းထိုး မီးရှို့ခံမှုများကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များနှင့် စိုက်ခင်းများ ရေနစ်မြှုပ်နေပုံ/ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး

အဆိုပါ ရေဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် ဒေသခံများမှာ ကုန်းမြင့်ပိုင်းတွင်ရှိသည့် ကျေးရွာများနှင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ယင်းမာပင်ဒေသခံတဦးက ပြောသည်။

ထို့ပြင် သိမ်းဆည်းထားသည့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးသည့်အပြင် မိုးဆက်တိုက်ရွာသွန်းသဖြင့် စိုက်ခင်းအများအပြားလည်း ရေနစ်မြုပ်ကာ ပျက်စီးသွားသည်ဟု သိရသော်လည်း အသေးစိတ်ကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ခင်ဦးနယ်တွင် မုန်တိုင်းပြီးသော်လည်းစစ်ကြောင်းထိုး မီးရှို့ခံမှုများကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များနှင့် စိုက်ခင်းများ ရေနစ်မြှုပ်နေပုံ/ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး

မိုခါမုန်တိုင်း အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်လည်း မေလ ၁၂ ရက်ညပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ဒေသစိုက်ပျိုးရေး သီးနှံများဖြစ်သော ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း အပါအဝင် စပါးခင်းများ ရေနစ်မြုပ်ကာ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ချောင်းမကျေးရွာအုပ်စု၊ ကနီခြံအုပ်စု အစရှိသည့် ကျေးရွာများကို မေလ ၁၂ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ တစ်သောင်းသုံးထောင်ကျော်မှာ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးရွာ ရေကြီးနေသည့်ကြားမှပင် တောထဲ၊ တောင်ထဲသို့ ထွက်ပြေးနေရကြောင်း၊ မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာ သယ်ယူသည့် ကုန်သွယ်ရေးလမ်းကြောင်းလည်း ပြတ်တောက်ကာ စစ်ဘေးရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ရေကြီးရေလျှံနေပုံ/Pyae Aung Naing(Kani)

မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်သည် ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး မကွေးနှင့် စစ်ကိုင်းတိုင်းတို့သည် ဒုတိယထိခိုက်မှုအများဆုံးဖြစ်ခဲ့ကာ နေအိမ်များနှင့် အခြေခံအဆောက်အအုံများဖြစ်သော လမ်းနှင့်တံတားများ ပျက်စီးခဲ့ရကြောင်းNUG က ထုတ်ပြန်သည်။

ထို့ပြင် မုန်တိုင်းကြောင့် ရခိုင်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း၊ မန္တလေး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့တွင် သေဆုံးသူ ၁၈ ဦးထိရှိခဲ့ပြီး စစ်ကိုင်းတိုင်း မြို့နယ် ၂ မြို့နယ်ရှိ ကျေးရွာ ၃၄ ရွာမှ ဒေသခံ ၂၂,၀၀၀ ကျော်နှင့် မကွေးတိုင်း မြို့နယ် ၂ မြို့နယ်မှ ဒေသခံ ၂၅၀၀ နီးပါးကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

You may also like these stories:

မိုခါမုန်တိုင်းကြောင့် မိုးရေချိန်လက်မ စံချိန်တင် မြင့်တက်

မိုခါမုန်တိုင်းကြောင့် ပုဂံက ဘုရားစေတီများပျက်စီး

မုန်တိုင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်တန့်

Loading