သတင်း

မိုခါမုန်တိုင်းကြောင့် စစ်တွေတွင် သေဆုံးသူ ရာချီရှိနိုင်

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့ဝန်းကျင်တွင် သေဆုံးသူဦးရေမှာ ၄၀၀ ထက်မနည်း ရှိ ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ထံမှ သိရသည်။ ၎င်းတို့သည် မွတ်စလင်ဒုက္ခသည်များ ဖြစ်ကြသည်။

မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ မြို့ပြင်ရှိ မွတ်စလင် ကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည် ၄၀၀ ကျော် သေဆုံးကြောင်း NUG ၏ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက မြေပြင်သတင်းပေးပို့ချက်များကို ကိုးကား၍ ဧရာဝတီသတင်းဌာနကို ဖြေဆိုသည်။

ဦးအောင်ကျော်မိုးက “အလောင်းတွေက ခေါင်မိုးပေါ်တွေမှာရော၊ သစ်ပင်ကျိုးကျထားတဲ့ သစ်ကိုင်းတွေအောက်မှာ ရောပေါ့။ သွပ်မိုးတွေ ရိုတ်ခတ်လို့ သေတဲ့လူတွေလည်း အများကြီးရှိတယ်လို့ ပြောတယ်။ မြို့ပြင်က စခန်းတွေနဲ့ ခိုင်ခန့်တဲ့ အဆောက်အအုံတွေနဲ့ ဝေးတဲ့နေရာမှာ နေရတဲ့အခါမှာကျတော့ သူတို့အနေနဲ့ ခိုလှုံဖို့ တစုံတရာခက်သွား တယ်။ အချိန်မီ ခိုလှုံရသွားတဲ့လူတွေက ရသွားတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာလို့ ပြေးလွှားရင်း သေဆုံးရတာ” ဟု ဧရာဝတီကို ပြောသည်။

မွတ်စလင် ဒုက္ခသည်ဦးရေ ၂ သိန်းဝန်းကျင် နေထိုင်သည့် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များ၏ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားခြင်း၊ မုန်တိုင်း အန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် မပြောင်းရွှေ့ပေး ခြင်း၊ ၎င်းတို့ နေထိုင်ရာတွင် မုန်တိုင်းဒဏ်ခံနိုင်သည့် ခိုင်ခန့်သော အဆောက်အအုံများမရှိဘဲ ဝါးကာ ဓနိမိုးအဆောင် များ၊ တာပေါ်လင်မိုး ယာယီတဲများသာ ဖြစ်သောကြောင့် သေဆုံးမှုအရေအတွက် ပိုမိုများပြားခြင်းဖြစ်ကြောင်း၊ သေဆုံးစာရင်းသည် လက်လှမ်းမှီသလောက် ကောက်ယူရရှိထားသည့် အချက်အလက်များဖြစ်ပြီး ၄၀၀ ကျော်သည် တွေ့ရှိ အလောင်းများကို‌ ရေတွက်ထားသည့် စာရင်းဖြစ်ကြောင်း၊ လက်ရှိတွင် ပျောက်ဆုံးနေသူများလည်း ရှိနေသေး ကြောင်း မြေပြင်သတင်းအချက်အလက်များကို ကိုးကားပြီး ဦးအောင်ကျော်မိုးက ပြောသည်။

မိုခါမုန်တိုင်းက ဖျက်ဆီးလိုက်သော စစ်တွေမြို့မြင်ကွင်း

ထို့ပြင် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းများအရ စစ်တွေမြို့တွင် ၅ ဦး၊ ရသေ့တောင်တွင် ၁၃ ဦး၊ ကျောက်တော်တွင် ၄ ဦး၊ တောင်ကုတ် ၁ ဦး၊ ရမ်းဗြဲတွင် ၁ ဦးတို့ သေဆုံးခဲ့ကြောင်း လည်း ဧရာဝတီက သိရသည်။

ရသေ့တောင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်စောဝေက “ဒုံးပိုက်မှာ မုန်တိုင်း ခိုလှုံနေကြတဲ့အချိန်မှာ ဓမ္မာရုံကြီး ပြိုကျတာ ကျား ၄ ဦး မ ၉ ဦး စုစုပေါင်း ၁၃ ဦးသေဆုံးသွားတယ်။ အဲဒီအထဲမှာ ၇ နှစ်အရွယ် မိန်းကလေး ၁ ဦး ပါပါတယ်။ ရသေ့တောင်တမြို့နယ်လုံးက ကျေးရွာတွေ တော်တော်ပျက်စီးသွားတယ်။ မြို့အနေနဲ့ ၉၀ ရာခိုင်နှုန်း အထက်ကို ပျက်စီးသွားတယ်” ဟု ပြောသည်။

မိုခါမုန်တိုင်းက ဖျက်ဆီးလိုက်သော စစ်တွေမြို့မြင်ကွင်း

ထိုသို့ သေကျေပျက်ဆီးမှု သတင်းများအား မုန်တိုင်းဒဏ်ကြောင့် အင်မတန်ခက်ခဲနေသော ဖုန်းဆက်သွယ်ရေးဖြင့် ဧရာဝတီက ရရှိနေချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၅ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး မုန်တိုင်း မဝင်ရောက်မီ ၅ ရက်ခန့်ကပင် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ကာ ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိခိုက်မှု အနည်းဆုံးဖြင့် ကျော်လွှားနိုင်ခဲ့ကြောင်း ပြောဆိုသည်။

ပျက်စီးမှုအများအပြားဖြစ်ပေါ်နေသည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဂွနှင့် မြောက်ဦး အစရှိသည့် မြို့နယ်များတွင် ဒေသခံ ပရဟိတအသင်းအဖွဲ့များနှင့် ကိုယ်ထူကိုယ်ထလုပ်ကိုင်သူများသာ အပျက်အဆီးများ ရှင်းလင်းနေကြရသည်။

ကျောက်တော်မြို့ခံ တဦးက “မြို့မှာရှိတဲ့ အဆောက်အအုံ အကုန်လုံးနီးပါးပဲ ပျက်စီးတာ။ ကျန်နေသေးတာက လက်ချိုးရေလို့ ရတယ်။ ပျက်စီးမှုတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ရတာ။ စစ်တပ်က လုပ်တာ ဘာမှကို ထိထိရောက်ရောက် မရှိဘူး။ ဖောရှောအနေနဲ့ ဓာတ်ပုံလာရိုက်တာ တွေတော့ ရှိမှာပေါ့။ ကိုယ်ထူကိုယ်ထ ရှင်းလင်းရေး လုပ်နေရတာ” ဟု ပြောသည်။

မိုခါမုန်တိုင်းက ဖျက်ဆီးလိုက်သော စစ်တွေမြို့မြင်ကွင်း

စစ်တွေမြို့မှာလည်း ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရပြီး မြို့ပေါ်တွင် ပရဟိတ အသင်းအဖွဲ့အကူအညီများဖြင့် ဖွင့်လှစ်ထားသော မုန်တိုင်းရှောင်စခန်း၂၀ ခန့်တွင်လည်း နေစရာအိမ်မရှိတော့၍ လာရောက်နေထိုင်နေကြသော မုန်တိုင်းသင့် ဒေသခံများ ရှိနေသေးကြောင်း သိရသည်။

စစ်တွေမြို့၊ မေတ္တာရောင်ခြည်အသင်းမှ ကိုလင်းလင်းက “ကိုယ်တွေလည်း ဒုက္ခသည် ဖြစ်သွားတာ။ စားနပ်ရိက္ခာအတွက် ရုံးမှာရှိတဲ့ ပိုက်ဆံတွေနဲ့ ဝယ်လိုက်တော့ ငွေလည်းကုန်၊ အဆောင်တွေလည်း အကုန်ပါသွားတယ်။ ဒါပေမယ့် ကိုယ့်အဆောင်ကို ပြန်မလုပ်အားသေးဘူး။ ဒီဘက်က လူတွေရဲ့ အခြေအနေကို ပြန်ကြည့်နေရတယ်” ဟု ပြောသည်။

ထို့ပြင် အချို့ ရိက္ခာပြတ်တောက်မှုများပင် ကြုံတွေ့နေရသလို၊ သောက်သုံးရေ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံ များထံမှ သိရသည်။

“အငတ်သာ နေရတော့တယ်။ မုန်တိုင်းမဖြစ်ခင် ကုန်ခြောက်ဝယ်ထားတဲ့ လူတန်းစားတွေတော့ အဆင်ပြေပေမယ့် မရှိဆင်းရဲသားတွေ၊ နေ့စားလုပ်တဲ့လူတွေကတော့ ငတ်ပြတ်နေတာပေါ့” ဟု ကျောက်တော်မြို့ခံ တဦးက ဆိုသည်။

မိုခါမုန်တိုင်းက ဖျက်ဆီးလိုက်သော စစ်တွေမြို့မြင်ကွင်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ဖြစ်သည့် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံ စသည့် မြို့နယ်များကို သဘာဝဘေး အန္တရာယ် ကျရောက်သည့်ဒေသများအဖြစ် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ထုတ်ပြန်သည့်စာရင်းတွင်မူ ရခိုင်ပြည်နယ်တွင်၂ ဦးနှင့် ဧရာဝတီတိုင်းတွင် ၁ ဦး သေဆုံးပြီး ၁၃ ဦး ထိ ခိုက်ဒဏ်ရာရကြောင်း၊ တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကွက်ကျေးရွာများတွင် လူနေအိမ်ပေါင်း ၈၆၄ လုံး၊ သာသနိက အဆောက်အအုံ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အအုံ ၃၈ ခု ပျက်စီးကြောင်း ဖော်ပြထားသည်။

မိုခါမုန်တိုင်းက ဖျက်ဆီးလိုက်သော စစ်တွေမြို့မြင်ကွင်း

ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဆိုင်ကလုန်းမိုခါမုန်တိုင်းသည် မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် စံချိန်တင် အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းများထဲမှ တခု ဖြစ်ကြောင်း ထုတ်ပြန်သည်။

မိုခါမုန်တိုင်းက ဖျက်ဆီးလိုက်သော စစ်တွေမြို့မြင်ကွင်း

မုန်တိုင်းသင့်နေရာများတွင် အမိုးအကာ၊ ကျန်းမာရေး၊ အိမ်သုံးပစ္စည်းများ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အကူ အညီများ လိုအပ်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တောတို့မှ ပျက်စီးဆုံးရှုံးမှုများနှင့် အရေးပေါ် လိုအပ်ချက်များကို ဦးစားပေး စစ်တမ်း စတင်ကောက်ယူရန် ဆောင်ရွက်နေကြောင်း UNOCHA ယနေ့ ထုတ်ပြန်သည်။

တချိန်တည်းတွင် ရခိုင်ပြည်နယ်အပါအဝင် ထိခိုက် ပျက်စီးမှုများသော မုန်တိုင်းသင့်ဒေသများသို့ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အမြန်ဆုံးပေးနိုင်ရန်အတွက် သွားလာခွင့်နှင့် အဟန့်အတားမရှိ ပို့ဆောင်ခွင့်ပေးရန် ယူကေ၊ ကနေဒါနှင့် ပြင်သစ်နိုင်ငံတို့က တောင်းဆိုထားသည်။

မိုခါမုန်တိုင်းက ဖျက်ဆီးလိုက်သော စစ်တွေမြို့မြင်ကွင်း

ကနေဒါနိုင်ငံံသံရုံး (မြန်မာ) က အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ၎င်းတို့၏ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ရန် သွားလာခွင့်နှင့် အရင်းအမြစ်များပေးရန်မှာ အရေးပါ၍ အလျင်အမြန် လိုအပ်သည့်ကိစ္စရပ်ဖြစ်ပြီး အရပ်သားပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ကို မြန်မြန်နှင့် လုံလုံခြုံခြုံနှင့် အတားအဆီးမရှိ ပေးနိုင်ရေး ခွင့်ပြုပေးရန် တောင်းဆိုသည်။

You may also like these stories:

မိုခါမုန်တိုင်းကြောင့် ပုဂံက ဘုရားစေတီများပျက်စီး

မိုခါမုန်တိုင်းကြောင့် မိုးရေချိန်လက်မ စံချိန်တင် မြင့်တက်

ရခိုင်၌ စားသောက်ကုန်၊ ဆေးဝါး အိမ်ဆောက်ပစ္စည်း ဝယ်မရဖြစ်နေ

မုန်တိုင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်တန့်

Loading