မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် မိုခါမုန်တိုင်းအရှိန်ကြောင့် မေလ ၁၃ ရက်မှစတင်၍ မိုးများသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ပုဂံဘုရားစေတီပုထိုးများအတွင်း ရေဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
အားကောင်းသော မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မေလ ၁၃ ရက် နံနက် ၉ နာရီခန့်မှစ၍ မိုး သည်းထန်စွာ ရွာသွန်းရာ ပုဂံနယ်မြေအတွင်းရှိ မင်းနန်သူချောင်းရေ မြင့်တက်လာပြီး လမ်းပေါ်သို့ ရေကျော်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
ပုဂံဒေသခံ တဦးက “ဒီနေ့အထိ ဘုရားတော်တော်များများကတော့ ရေတွေ ဝင်နေတယ်။ စူဠာမဏိဘုရားဆိုရင် ဒီနေ့ထိ ရေတွေ စုပ်ထုတ်နေရတုန်း၊ မင်းအိုချမ်းသာဘုရားဝန်းကျင်ဆိုရင် ရေတွေ အိုင်နေပြီး ဘုရားတဆူဆိုရင် အုတ်ကန်ထဲ ရေလှောင်ထားသလိုကို ဖြစ်နေတာ။ ရေတောင်ကူးလို့ရတဲ့ အနေအထားမှာ ရှိတယ်။ အဓိကတော့ မြို့ဟောင်းထဲမှာ ရေတွေ ဝင်၊ ဝပ်ပြီး တင်နေတာ များတယ်။ ပြီးတော့ စူဠာမဏိဘုရားနားက တဆူကလည်း ရေတွေ ဝင်နေတယ်၊ အချိန်မီ စုပ်ထုတ်ရင်ထုတ် မထုတ်ရင် ဘုရားက ရေနူးပြီး ပြိုကျသွားမယ့် အခြေအနေမှာ ရှိနေတယ်” ဟု ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ စူဠာမဏိဘုရားကြီးအတွင်းသို့ မိုးရေဝင်ရောက်မှုသည် ၁ ပေခန့်ရှိ၍ ယင်းမိုးရေများအား ရေစုပ်စက်များဖြင့် စုပ်ထုတ်လျက်ရှိကြောင်း၊ ယနေ့တွင် မိုးရွာသွန်းမှု မရှိတော့သဖြင့် ချောင်းရေ ပြန်ကျသွားပြီဖြစ် ကာ ရေဝင် ရေဝပ်နေသည့် နေရာများအား ရေစုပ်ထုတ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အပျက်အစီးများအား ရှင်းလင်း ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
“ဝင်လာတဲ့ရေက အချိန်ကြာကြာ ဝပ်နေပြီး ဘုရားအောက်ခြေပိုင်းရေမြုပ်ရင် ဘုရားတွေအတွက် စိတ်ပူစရာ ကောင်း တယ်။ ဘုရားတွေမှာ ရေဝင်တာ နှစ်တိုင်းလိုလို ဖြစ်နေတာ အတော်ကြာပြီ၊ မနေ့ကတည်းက ရေဝင်နေတာတွေကို စက်တွေနဲ့ စုပ်ပြီးတော့ ထုတ်နေကြပေမယ့် ဝင်တဲ့ရေက တော်တော်များတော့ ဒီနေ့အထိ လုပ်နေကြတာကို တွေ့ရ တယ်” ဟု ပုဂံဒေသခံက ပြောသည်။
မုန်တိုင်းမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ စူဠာမဏိဘုရား ပုရဝုဏ် အတွင်း ရေဝင်ခြင်း၊ အနော်ရထာမင်းနန်းတော်ရာ အဆောင် ဘီ ရေဝင်ခြင်း၊ အာနန္ဒာဘုရားကြီးအတွင်း ရေဝင်ခြင်း၊ ဓမ္မရာဇကဘုရားကြီး အနောက်မြောက်ထောင့် ရင်ပြင်အုတ်ခုံအုတ်ပြိုခြင်း (အလျား ၁၅ ပေ၊ အကျယ်၂ ဒသမ ၅ ပေ၊ အမြင့် ၈ ပေခန့်)၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင် မြောက်ဘက်တံတိုင်းပဲ့ကျခြင်း(အလျား ၈ ပေ၊ အနံ၂ ပေခန့်)၊ သဗ္ဗညုဘုရားတောင်ဘက် အုတ်တံတိုင်းပဲ့ကျခြင်း (အလျား ၁၃ ပေ၊ အမြင့် ၃ ပေ၊ ထု ၁ ပေ ၄ လက် မခန့်)၊ ပုထိုး သားများဘုရား အရှေ့ဆင်ဝင်မျက်နှာစာ မုခ်ကပ်ပဲ့ကျခြင်း (အလျား ၁၅ ပေ၊ ထု ၃ ပေခန့်အုတ် ၁ လွှာ) တို့ ဖြစ်ပွားခဲ့ ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲက သတင်း ထုတ်ပြန်ထားသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဦးကျော်မျိုးဝင်းက “မိုးကြီးပြီး ပုဂံဘုရားတွေမှာ မိုးရေယိုကျတာ၊ ဘုရားပရဝုဏ်ထဲ ရေဝင်တာ၊ ရင်ပြင်၊ မုခ်ဦးနဲ့ တံတိုင်း ပြိုကျတာတွေတော့ ရှိခဲ့ပါတယ်၊ မိုးက ဆက် တိုက် မရပ်မနား ရွာပေမယ့် ကျနော်တို့ ကြိုပြီး ပြင်ဆင်ထားလို့ အချိန်တန်ရင် ရေဆင်းသွားမှာပါ၊ ခနပါပဲ၊ အရင်ကလို အချိန်အကြာကြီး ရေဝပ်ရေအိုင်တာတွေ မဖြစ်တော့ပါဘူး၊ အခုထိလည်း ရေစုပ်ထုတ်တာ၊ ရေထွက်ပေါက်တွေ ဖောက်လုပ်ပေးတာ။ မိုးကာတွေနဲ့ ကာရံတာတွေကို လုပ်နေကြပါတယ်၊ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ စောင့် ကြည့်စစ်ဆေးမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
မိုးရွာသွန်းမှုနှင့်အတူ လေပြင်းများလည်းတိုက်ခတ်ခဲ့ခြင်းကြောင့် မေလ ၁၄ ရက် နေ့လယ်ပိုင်းက ညောင်ဦးမြို့နယ်၊ ညောင်ဦး- ချောက်ကားလမ်းပေါ်ရှိ ရွာသာကျေးရွာတွင် တည်ထားသော ဉာဏ်တော်အမြင့်ပေ ၇၀ ရှိ ရွှေဘုံသာ စေတီတော် သပိတ်မှော်ရစ်အထက်ပိုင်းမှ စကာ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ခံတဦးက “ရှေးဟောင်းဘုရားငုပ်တိုကို ငုံပြီး ပြန်တည်ထားတာ၊ မူလ ဘုရားဒကာကတော့ တောင်သူကြီး မင်းလို့တော့ ရှေးလူကြီးတွေ ပြောတာကို မှတ်သားဖူးတယ်။ ပြန်ပြီး ပြုပြင်ထားတာကို နှစ် ၁၀၀ လောက်ရှိပြီလို့ သိရ တယ်၊ ဒီရက်ပိုင်းထဲ မိုးကလည်း သည်းကြီးမည်းကြီး ရွာနေတာဆိုတော့ မိုးဒဏ်လေဒဏ်တွေကြောင့် အခုလို ပြိုကျ တယ်လို့ သုံးသပ်ရတာပေါ့” ဟု ပြောသည်။
အဆိုပါ ရွှေဘုံသာစေတီတော်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပြင်ပတွင်ရှိသော စေတီတော်တဆူဖြစ်ပြီး ရှေး ဟောင်းဘုရားကုန်းအား ပြန်၍ ငုံကာ အသစ်တည်ထားခြင်းဖြစ်ကြောင်း၊ ယခု ပြိုကျပျက်စီးမှုသည်လည်း ပြန်၍ ငုံကာ တည်ထားသည့် အသစ်များ ပြိုကျပျက်စီးခဲ့ခြင်းဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ မှ ဦးကျော်မျိုးဝင်းက ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြ တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဇုန်နယ်မြေရှိ ရှေးဟောင်း အဆောက်အအုံများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ် ခဲ့သည်ဟု သတင်း ထုတ်ပြန်ထားသည်။
ထိုသို့ ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် ရှေးဟောင်း အဆောက်အအုံများနှင့် နံရံပန်းချီများ ထိခိုက်ပဲ့ကျပျက်စီးမှု မတွေ့ရှိ ရဘဲ အချို့ ရှေးဟောင်းအဆောက်အအုံ အနည်းငယ်တွင်သာ သာမန် မိုးရေယိုစိမ့်မှုများ ဖြစ်ပေါ်သည်ကို တွေ့ရှိရ ကြောင်း၊ အချို့ဘုရားအခြေနေရာတွင် ရေအနည်းငယ်ဝပ်နေသဖြင့် Conservation Guideline များနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေစီးဆင်းသည့် လမ်းကြောင်းများအနက် ပုဂံမျှော်၊ ရွှေနန်းရင်တော် ဘုရားစု တဝိုက်မှ ရေများအနော်ရထာလမ်းမကြီးကို ဖြတ်ကျော်စီးဆင်းခဲ့သဖြင့် ရွာဟောင်းကြီးဘုရားအနီးတွင် ရေများ ယာယီ ဝပ်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုရေများ မဝပ်စေရန်အတွက် ရေစီးမြောင်း၊ ရေခေါ်မြောင်းအား ဆက်လက် ဆောင် ရွက်လျက်ရှိပြီး အဆိုပါရေဝပ်ဧရိယာမှ ရေများ ပုဂံမြို့ရိုးကျုံးအတွင်း စီးဆင်းမည့်နိုင်မည့်လုပ်ငန်းစဉ်အား မကြာမီ ကာလတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟုလည်း အသိပေး ထုတ်ပြန်ထားသည်။
ယခုအခါ ရခိုင်ပြည်နယ်သို့ အလွန့်အလွန် အားကောင်းသည့် အဆင့်ဖြင့် တိုက်ခတ်သွားခဲ့သည့် ဆိုင်ကလုန်းမိုခါ မုန်တိုင်းသည် မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် စံချိန်တင် အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်း များထဲမှ တခုဖြစ်ကြောင်း၊ ဆိုင်ကလုန်းမိုခါမုန်တိုင်းသည် ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျား ဝင် ရောက်ခဲ့ပြီးနောက် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားလျော့သွားခဲ့ပြီ ဖြစ်သော်လည်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်- အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိကြောင်း၊ နောက် ၆ နာရီ အတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ဆိုင်ကလုန်း မိုခါ ကြောင့် ရခိုင်တွင် သေဆုံးသူ ၇ ဦးထိ ရှိလာ
မုန်တိုင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်တန့်
မိုခါမုန်တိုင်းကြောင့် မိုးရေချိန်လက်မ စံချိန်တင် မြင့်တက်