မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း နေအိမ်၊ ဘုရားကျောင်းများ အပါအဝင် အဆောက်အအုံပေါင်း ၁၀၀၀ ခန့် ထိခိုက်ပျက်စီးသည်ဟု ကနဦးသတင်းရရှိထားကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီက ဧရာဝတီကို ပြောသည်။
အဆိုပါ ထိခိုက်ပျက်စီးမှုများတွင် ဘုရားကျောင်း ၇ ကျောင်းနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) တပ်ရင်းဌာနချုပ် စခန်း အနည်းဆုံး ၃ ခု လည်းပါဝင်ပြီး လူထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍မူ လတ်တလော သတင်းရရှိထားခြင်း မရှိ သေးဟု ၎င်းက ဆိုသည်။
ဆလိုင်းထက်နီက “ကျနော်တို့ လက်လှမ်းမီသလောက် မတူပီ၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တွေအတွင်းမှာ အိမ်တွေ ထိခိုက်ပျက်စီးတာ ၁၀၀၀ နီးပါးလောက် ရှိတယ်။ ဘုရားကျောင်းတွေရော၊ ပြန်ပြင်လို့ရတဲ့အိမ်တွေရော၊ မရတဲ့အိမ်တွေ ရော၊ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံထားရတော့ တခြားဘက်တွေတော့ မသိရသေးဘူး။ လတ်တလော သိရ သလောက်တော့ လူထိခိုက်သေဆုံးမှုက မကြားရသေးဘူး” ဟု ပြောသည်။
ချင်းပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများအနက် အဆိုးဆုံးမှာ မတူပီမြို့နယ်ဖြစ်ပြီး စုစုပေါင်းအိမ်ခြေ ၅၀၀ ခန့် ပျက်စီးခဲ့ရကြောင်း၊ ပလက်ဝမြို့နယ်တွင် အိမ်ခြေ ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် အခြားမြို့နယ်များ တွင်လည်း ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ချင်းပြည်နယ်အစိုရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။
လတ်တလောရရှိထားသည့် ထိခိုက်ပျက်စီးမှု အရေအတွက်များမှာ ကနဦးသတင်းပေးပို့ချက်များသာဖြစ်ပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် အချို့ဒေသများအား ဆက်သွယ်၍ မရသေးကြောင်းလည်း ၎င်းက ရှင်းပြသည်။
ဆလိုင်းအိုက်ဇက်ခင်က “မုန်တိုင်းက ပလက်ဝမြို့နယ်တောင်ပိုင်းကနေ မတူပီဘက်ကို ဖြတ်ထွက်တိုက်တာဆိုတော့ အဲဒီဘက်မှာ တော်တော်လေး အထိအခိုက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်။ ကြိုတင်ပြင်ဆင်တဲ့အချိန်မှာလည်း ဖုန်းက မရဘူး။ သတင်းရဖို့က ဘယ်နှစ်ရက်လောက် ကြာမလဲမသိဘူး။ ဆမီးမြို့နယ်ထဲ စစ်ရှောင်စခန်းတွေလည်း ထိခိုက်မှု ရှိတယ်လို့ ကြားရတယ်။ ရခိုင်ပြည်နယ်နဲ့နီးစပ်နေတဲ့ လေးမြို့ချောင်း၊ သံတောင်ဘက်ခြမ်း၊ ဆမီးဘက်ခြမ်းမှာ ဖုန်းမရ သေးဘူး။ အဲဒီတော့ ဘယ်လောက်ထိခိုက်သွားလဲ ခန့်မှန်းမရသေးဘူး” ဟု ပြောသည်။
လတ်တလောရရှိထားသည့် သတင်းများအရ မင်းတပ်မြို့နယ် အနောက်တောင်ဘက်ခြမ်း၊ တိုက်နယ်အမှတ်(၁၀) ဒေသ အတွင်း ကျေးရွာများတွင် လူနေအိမ်၊ ဘုရားကျောင်းနှင့် စပါးကျီများ အပါအဝင် ထိခိုက်ပျက်စီးမှု များပြားသော်လည်း ထိခိုက်မှုပမာဏအသေးစိတ်ကိုမူ မသိရသေးကြောင်း ဒေသခံတဦးက ဆိုသည်။
တိုက်နယ်အမှတ် (၁၀)၊ မအောင်းရွာ၌ပင် အိမ် ၁၄ လုံး၊ စပါးကျီ ၉ လုံးနှင့် ဘုရားကျောင်း ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီအား လက်နက်ကိုင် ခုခံတိုက်ခိုက်မှုအားကောင်းသည့် ချင်းပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါး စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး မကြာခဏဆိုသလို စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများကြောင့် ဒေသခံ ပြည်သူများမှာ စစ်ဘေးရှောင် ထွက်ပြေးနေရသည့်ဒေသတခု ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီက လမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုအား ရင်ဆိုင်နေရပြီး ဆက်သွယ် ရေးလိုင်းများလည်း ဖြတ်တောက်ခံထားရသောကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ရှောင်ရှားရန်နှင့် ကြိုတင်ပြင်ဆင်မှု အပိုင်းများ၌ များစွာထိခိုက်စေခဲ့ကာ ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များ လုံလောက်စွာ မရရှိခဲ့ ကြောင်းလည်း ဒေသခံများက ဆိုသည်။
မုန်တိုင်းဝင်ရောက်ခဲ့သည်မှာ မေလ ၁၄ ရက်နေ့ကတည်းက ဖြစ်သော်လည်း လက်ရှိ သုံးရက်မြောက်နေ့အထိ ဒေသ အတွင်းမှ ကျေးရွာများနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။
ဆလိုင်းအိုက်ဇက်ခင်က “ဖုန်းလိုင်းတွေ ဖြတ်ထားတော့ တချို့အရေးကြီးတဲ့နေရာမှာ လူလွှတ်ပြီးပြောရတာတွေ ရှိတယ်။ အင်တာနက်လည်းမရတဲ့အတွက် လူထုကိုအသိပေးတဲ့နေရာမှာ ဘာမှလုပ်လို့မရတော့ဘူး။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ကိစ္စက လူထုက ကြိုတင်ပြင်ဆင်ထားရမယ့်အပိုင်းကို တော်တော်လေးထိခိုက်စေတယ်။ ဆက် သွယ်ရေးဖြတ်ထားတော့ လူထုက ဘာမှမသိတော့ဘူး။ ဒီတော့ ငုတ်တုတ်ပဲ ထိုင်နေရတဲ့သဘောပေါ့” ဟု ဆိုသည်။
လက်ရှိတွင်လည်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်စခန်းများတွင် တိမ်း ရှောင်ခိုလှုံနေရသော ပြည်သူများအတွက် စာဝတ်နေရေးခက်ခဲမှုများနှင့် အမိုးအကာလိုအပ်ချက်များ ရှိနေသည့်အတွက် နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့အစည်းများအနေဖြင့် ကူညီပံ့ပိုးပေးကြရန် ဆလိုင်းထက်နီက တိုက်တွန်းတောင်းဆို သည်။
၎င်းက “စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်တွေကလည်း အဲဒီဒေသတွေမှာ ရှိတယ်။ ပြည်သူတွေက စားဝတ်နေရေး ခက်ခဲနေတဲ့အချိန်မှာ အခုလိုလေမုန်တိုင်းတွေဘာတွေ လာတဲ့အချိန်ကျတော့ အခက်အခဲတွေပိုပြီးတော့ များလာတာပေါ့။ နိုင်ငံတကာရော၊ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းအသီးသီးရော ဒါတွေကိုစောင့်ကြည့်ပြီးတော့ ကူညီပံ့ပိုးပေး ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ချင်းပြည်နယ်တွင် မုန်တိုင်းဒဏ်ခံစားနေရသော်လည်း စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း၊ ဟားခါးမြို့နယ်အတွင်း ထိတွေ့ပစ်ခတ်မှုအချို့ ရှိနေသည့်အပြင် စစ်ရေးတင်းမာမှုများနှင့် လေကြောင်းဗုံးကြဲခံရမည့် အခြေ အနေများအား ဒေသခံလူထုအနေဖြင့် စိုးရိမ်နေကြောင်းလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ချင်းပြည်နယ်အတွင်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကမူ ရပ်ကွက်၊ ကျေးရွာ ငါးခုအတွင်း လူနေအိမ်နှစ်လုံး၊ ဘုန်းတော်ကြီးကျောင်းတကျောင်း၊ ဌာနဆိုင်ရာအဆောက်အအုံနှစ်လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းဖော်ပြထားသည်။
You may also like these stories:
ဆိုင်ကလုန်း မိုခါ ကြောင့် ရခိုင်တွင် သေဆုံးသူ ၇ ဦးထိ ရှိလာ
မိုခါမုန်တိုင်းကြောင့် ပုဂံက ဘုရားစေတီများပျက်စီး
မိုခါမုန်တိုင်းကြောင့် မိုးရေချိန်လက်မ စံချိန်တင် မြင့်တက်
ရခိုင်၌ စားသောက်ကုန်၊ ဆေးဝါး အိမ်ဆောက်ပစ္စည်း ဝယ်မရဖြစ်နေ