မကွေးတိုင်း ဆင်ဖြူကျွန်းမြို့၌ မိုခါမုန်တိုင်းအရှိန်ကြောင့် မေလ ၁၄ ရက်နေ့က စလင်းချောင်းရေ မြင့်တက်ခဲ့ရာ လူ ၃ ဦး ရေထဲမျောပါသေဆုံးကာ နေအိမ်အများအပြား ပျက်စီးခဲ့သည်။
အလွန့်အလွန်အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသဖြင့် ရခိုင်ရိုးမနှင့် ချင်းတောင်တန်းဘက်မှ ကျလာသော တောင်ကျရေများက စလင်းချောင်းအတွင်းဝင်လာသည့်အတွက် ရုတ်တရက်ရေကြီး ရေလျှံကာ ဆင်ဖြူကျွန်းမြို့နှင့် ကျေးရွာ ၂၀ ခန့်တွင် လူနေအိမ်များ နစ်မြုပ်သည် အထိ ဖြစ်ပွားခဲ့ရခြင်းဟု သိရသည်။
ဆင်ဖြူကျွန်းဒေသခံ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူတဦးက “မုန်တိုင်းမိုးက အဲဒီလောက်ထိ မများဘူး၊ ချင်းတို့ ရခိုင်တို့ဘက်က ရိုးမတွေက ကျလာတဲ့ ချောင်းရေတွေက ရုတ်တရက် အလုံးအရင်းနဲ့ ဝင်လိုက်လို့ အခုလောက်ထိ ဖြစ်သွားမျိုးပါ၊ လူက ၃ ယောက်သေတယ်၊ မြို့ပေါ်က ၂ ယောက်၊ နွယ်တမယ် ဘက်က တယောက်ပါ၊ ကျွဲ၊ နွားနဲ့ အိမ်မွေး တိရစ္ဆာန်က အကောင်ရေ ၁၀၀ အထက် သေဆုံးတယ်”ဟု ပြောသည်။
သေဆုံးသူများမှာ ဆင်ဖြူကျွန်းမြို့ပေါ်မှ ဒေါ်အေးသန်းနှင့် ဒေါ်ယဉ်မင်းစိုးတို့ သားအမိ ၂ ဦး၊ နွယ်တမယ်ကျေးရွာမှ အသက် အမျိုးသားတဦးတို့ ဖြစ်ပြီး သားအမိ ၂ ဦးမှာ မိခင်မျောပါသဖြင့် သမီးက လိုက်လံဆယ်ယူချိန် သမီးပါ မျောကာ သေဆုံးခဲ့ ရပြီး မိခင်၏ အလောင်းကို မေ ၁၅ ရက် နံနက်က မြို့အရှေ့ဘက် လယ်ကွင်းအတွင်းမှ လည်းကောင်း သမီး၏ အလောင်း ကို ညနေပိုင်းတွင် မြို့အရှေ့တောင်ဘက် စမ်းတွင်းကျေးရွာအနီးမှ တွေ့ရှိခဲ့ကြောင်း၊ နွယ်တမယ်ကျေးရွာသား အသက် ၂၂ အရွယ် ကိုရှိုင်းဆိုသူ အမျိုးသားမှာ မိခင်၏ ဈေးဆိုင်မှ ကုန်စိမ်းများ ရေမမျောစေရန် သယ်ယူနေရင်း ရေထဲသို့မျောပါ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ဆင်ဖြူကျွန်းဒေသခံများအနေဖြင့် မုန်တိုင်းဝင်မည်ကို လူမှုကွန်ရက်စာမျက်နှာထက်မှ သိရှိကြသော်လည်း ယခုလောက်ထိ ဖြစ်မည်ဟု ထင်မှတ်မထားကြောင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းမှလည်း မြေပြင်ကွင်းဆင်း၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးခြင်းမရှိသလို အသိပေး နှိုးဆော်ခြင်းများပင် မပြုခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဆင်ဖြူကျွန်း ဒေသခံတဦးကလည်း “စလင်းချောင်းရေက တအိအိ တက်တာမျိုးမဟုတ်ဘဲ ၅ မိနစ် လောက်အတွင်းမှာကို ရေက အလုံးအရင်းနဲ့ ဝင်တိုက်တာ၊ ရေက ဆောင့်တက်သလိုဖြစ်တာကြောင့် ပြင်ဆင်ချိန်မရလိုက်ကြဘဲ အပျက်အစီးတွေ များခဲ့တာ၊ စလင်းချောင်းနဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာ မြစ်အနီးက ရွာတွေကတော့ ဒီနေ့ထိ ရေမကျသေးဘူး၊ အဲဒီရွာတွေ ဘက်က ကယ်ဆယ်ရေးတွေလည်း လုံးဝ မရောက်ကြသေးဘူး”ဟု ပြောသည်။
ချောင်းရေမြင့်တက်မှုကြောင့် ဆင်ဖြူကျွန်းမြို့ အပါအဝင် စလင်းချောင်းရိုးတလျှောက်ရှိ ကျီးသိုက်၊ နောင်တော်ကြီး၊ ကညှပ်၊ ပေါင်းဆည်၊ ယမ်းဘိုကုန်း၊ နွယ်တမယ်၊ ငှက်ပျောတော၊ ရွာသစ်ကြီး၊ ဖုံးမိုကုန်း၊ ဥယျာဉ်စု၊ ခရေကုန်း သရက်ချဉ်၊ တောင်ပို၊ ချောင်းဖြူ အပါအဝင် ကျေးရွာ ၂၀ ခန့်ထိ ရေနစ်မြုပ်ခဲ့သလို ငါးမျက်နှာဘုရား ရေကန်မှ ရေပြည့်လျှံပြီး ကန်ပေါင် ကျိုးသွားခဲ့ကြောင်းလည်း သိရသည်။
ဒေသခံတဦးက “ဝုန်းဒိုင်းဆိုပြီး ဖြစ်သွားတာဆိုတော့ တော်တော်များများ ဘာမှ သိမ်းဆည်းချိန် မရလိုက်ကြဘူး၊ မုန်တိုင်းရှိတယ်ဆိုတာ လိုင်းပေါ်ကနေ သိနေရပေမယ့် အခုလောက်ထိ ဖြစ်လိမ့်မယ်လို့ ထင်မထားကြတာလည်း ပါတယ်၊ စလင်းချောင်းတလျှောက်က ရွာတွေ အကုန် ရေမြှုပ်တာ၊ တထပ်အိမ်တွေဆို တအိမ်လုံးကို မြှုပ်တာ၊ ရေက ရုတ်တရက် တက်လာတာဆိုတော့ ဘာမှ ယူချိန်မရလိုက်ဘူး၊ အချို့အိမ်တွေဆိုရင် အလုံးလိုက် ရေထဲမျောပါသွားတာ၊ အဲဒီလို လူတွေ ဆိုရင် အသက်ရှင်ဖို့ကို ကြိုးစားပြီး ရုန်းထွက်ခဲ့ကြရတာ”ဟု ပြောသည်။

လူတရပ်ကျော်ခန့်အထိ ရေတက်လာခြင်းဖြစ်ရာ စပါးကျီ၊ အိမ်၊ နွား၊ ကား၊ သုံးဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် လယ်ယာ သုံး စက်ပစ္စည်းများ ရေနှင့်အတူ မျောပါပျက်စီးခြင်းများ ဖြစ်ခဲ့သည့်အပြင် စိုက်ခင်းများလည်း ရေဖုံးလွှမ်း ပျက်စီးမှုများ ရှိခဲ့ကြောင်း နွယ်တမယ်ရွာတွင်ပင် ပျက်စီးဆုံးရှုံးမှု ပိုများကြောင်း စလင်းမြို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူတဦးက ပြောသည်။
ယနေ့တွင် ဆင်ဖြူကျွန်းမြို့ပေါ်၌ ရေများ ပြန်လည်ကျဆင်းနေပြီဖြစ်သောကြောင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေ သော်လည်း စလင်းချောင်းနှင့် ဧရာဝတီမြစ်ဆုံနေရာနားရှိ ရွာများတွင် ယနေ့အချိန်ထိ ရေ ပြန်မကျသေး သောကြောင့် ရှင်းလင်းရေးလုပ်ငန်းများ မလုပ်နိုင်သေးကြောင်း သိရသည်။
အသက် ၃၀ ဝန်းကျင်အရွယ် ဆင်ဖြူကျွန်းဒေသခံတဦးက “ကျနော်တို့ အလယ်တန်းကျောင်းသား လောက်တုန်းက တခါ ဖြစ်ဖူးသေးတယ်ဆိုပေမယ့် အခုလောက်ထိ မဆိုးခဲ့ဘူး၊ အခုက တော်တော်ဆိုးဆိုးကို ဖြစ်တာ၊ အခုက မုန်တိုင်း ကြောင့် ဆိုတာထက် စလင်းဆည်ကနေ ရေလွှတ်လိုက်တာလည်း ပါတယ်၊ ရေကတော့ ပြန်ကျသွားပြီဆိုပေမယ့် အိမ်တိုင်းမှာ နုန်း တွေ၊ ဗွက်တွေက တတောင်လောက်ထိ တင်ကျန်ရစ်ခဲ့တယ်၊ အဲဒီလိုမျိုးတွေဆိုတော့ အိမ်တိုင်းက ရှင်းတာလင်းတာ အနည်းဆုံး တပတ်လောက်ထိ ကြာနိုင်တယ်”ဟု ပြောသည်။
ဆင်ဖြူကျွန်းမြို့ပေါ်တွင် ချောင်းရေပြန်ကျသော်လည်း ရွာများမှာမူ ရေနစ်မြှုပ်နေဆဲဖြစ်ပြီး သွားလာရေး အခက်အခဲများ ရှိနေ၍ ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း၊ ရေကျသွားသည့် ကားလမ်းမဘေးရှိ ဆင်ဖြူကျွန်းနှင့် နွယ်တမယ် ရွာများသို့ သွားလာ၍ ရပြီဖြစ်သောကြောင့် KS Rescue Magway (မကွေး လူမှုကူညီရေးအသင်း)မှ နယ်ခံတာဝန်ရှိသူ များဖြင့် ချိတ်ဆက်ပြီး စားနပ်ရိက္ခာနှင့် အမိုးအကာလှုဒါန်းရေး စီစဉ်နေကြောင်း သိရသည်။
ဆင်ဖြူကျွန်းမြို့နယ်မှ စာရေးဆရာတဦးက “မြို့ပေါ်က နေအိမ်တွေက အနည်းဆုံး ၃ ပေလောက်ထိ ရေဝင်တယ်၊ အိမ်က အထည်ဆိုင်ဖွင့်ထားတာဆိုတော့ မသိမ်းနိုင်လိုက်တဲ့အထည်တွေ တော်တော်များများ ဆုံးရှုံးသွားရတယ်၊ အချို့အနိမ့်ပိုင်း ကဆိုရင် အိမ်အလုံးလိုက် မျောပါသွားတာမျိုး ရှိတယ်၊ ဆန်စက်တွေဆိုရင်လည်း ဆန်အိတ်တွေ ရေထိပြီး တော်တော် များများ ပျက်စီးကြတယ်၊ ဆုံးရှုံးမှုကတော့ ဆင်းရဲပါတယ်ဆိုတဲ့ အိမ်မျိုးတောင် တအိမ်ကို အနည်းဆုံး ၁၀ သိန်းအထက်မှာ ရှိတယ်”ဟု ပြောသည်။
မကွေးတိုင်းအတွင်း တောင်ကျရေများကြောင့် မန်းချောင်း၊ ရိုးချောင်းတို့တွင်လည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ အနိမ့်ပိုင်းဒေသများတွင် ရေကြီးနစ်မြှုပ်ခြင်းများ ဖြစ်ပွားခဲ့ပြီး မင်းဘူးမြို့နယ်အတွင်းရှိ မန်းစက်တော်ရာ( ရွှေစက်တော်) ဘုရားဝင်းတွင်လည်း မိုခါမုန်တိုင်းအရှိန်ကြောင့် မေလ ၁၄ ရက်နေ့က မန်းချောင်း ရေတိုးလာကာ ရေကြီးနစ်မြုပ်ခဲ့ပြီး ယခုအခါ ရေပြန်ကျသွားပြီဖြစ်ကြောင်း သိရသည်။
အလားတူ ယောဒေသ ဆောမြို့နယ်တွင်လည်း မိုခါမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တောင်ကျချောင်းရေ များကြောင့် စစ်ဘေးရှောင်များ၏ ယာယီတဲများ ပျက်စီးမှု ရှိခဲ့သလို ပဆုပ်ကျေးရွာနှင့် လက်ပန်းကျေးရွာကို ဆက်သွယ် ထားသည့် ကြိုးတံတားမှာလည်း ရေစီးအတွင်း မျောပါသွားကြောင်း၊ မုန်တိုင်းကြောင့် ရေနစ်မြှုပ်နေသော ကျေးရွာများနှင့် စိုက်ပျိုးထားသည့် လယ်ယာမြေများလည်း ပျက်စီးဆုံးရှုံးများ ရှိနေသော်လည်း ဒေသခံများဖြင့် အဆက်အသွယ်မရသေး၍ ထိခိုက်သေဆုံး၊ ပျက်စီးမှုများ မသိရသေးဟု ဂန့်ဂေါခရိုင်ပကဖက ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်ပြည်နယ်များနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းများတွင်လည်း လူသေဆုံး၊ ပျောက်ဆုံး၊ ထိခိုက်ဒဏ်ရာရကာ နေအိမ်များ၊ အခြေခံအဆောက်အအုံများ၊ လမ်း တံတားများ၊ သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ကျွဲ၊ နွား၊ ဆိတ်၊ ဝက်စသည့် အိမ်မွေးတိရစ္ဆာန်များလည်း ရေထဲမျောပါ သေဆုံးခြင်းများ ရှိကြောင်း၊ ထိခိုက်မှုအများဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး မကွေး၊ စစ်ကိုင်းတိုင်းသည် ထိခိုက်မှု ဒုတိယအများဆုံးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။
You may also like these stories:
မိုခါမုန်တိုင်းကြောင့် စစ်တွေတွင် သေဆုံးသူ ရာချီရှိနိုင်
စစ်ကိုင်းတွင် မုန်တိုင်းကြောင့် စစ်ရှောင် ယာယီတဲများနှင့် စိုက်ခင်းများ ပျက်စီး
ချင်းပြည်နယ်အတွင်း မုန်တိုင်းကြောင့် အဆောက်အအုံ ၁၀၀၀ ခန့် ပျက်စီး
မိုခါမုန်တိုင်းကြောင့် ပုဂံက ဘုရားစေတီများပျက်စီး