လူမှုကွန်ရက်မီဒီယာ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ခြင်းအတွက် Move Forward ပါတီ ရွေးကောက်ပွဲ အနိုင်ရခြင်းကို သြဇာကြီးသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်က မေလ ၁၆ ရက်နေ့တွင် ချီးကျူးလိုက်ပြီး နှစ်ပေါင်းများစွာ ဖရိုဖရဲအခြေအနေများ ဖြစ်စေသည့် အသက်အရွယ် အိုမင်းနေသော စစ်ဗိုလ်ချုပ်များ သိက္ခာရှိရှိ အနားယူသင့်ကြောင်း ပြောသည်။
ပြည်ပတွင် သွားရောက်နေထိုင်သည့် လုပ်ငန်းရှင်သူဌေးကြီး မစ္စတာ သက်ဆင်သည် မေလ ၁၄ ရက်နေ့ ထိုင်းရွေးကောက်ပွဲတွင် ဒုတိယနေရာမှ အနိုင်ရသော လူထုထောက်ခံမှုများသည့် ဖွေထိုင်းပါတီ၏ နောက်ကွယ်မှ မောင်းနှင်အား ဖြစ်သည်။ လူမှုကွန်ရက် မီဒီယာနှင့် အသုံးပြုသူများ ဖော်ထုတ်တင်ပြသည့် အကြောင်းအရာများ (UGC) သည် မဲဆွယ်ပွဲစရိတ် အကြီးအကျယ်သုံးခြင်းနှင့် မဲဝယ်ခြင်းကို အနိုင်ယူနိုင်ကြောင်း Move Forward ပါတီက သက်သေပြလိုက်သည်ဟု မစ္စတာ သက်ဆင်က ပြောသည်။
လူမှုကွန်ရက် အပလီကေးရှင်း Clubhouse မှ ထုတ်လွှင့်သည့် ဆွေးနွေးပွဲတခုတွင် မစ္စတာ သက်ဆင်က အထက်ပါ မှတ်ချက်ပေးခြင်းဖြစ်သည်။
“လူငယ်တွေ အများအပြားရှိပြီး TikTok မှာ အဖွဲ့ဝင်အများဆုံးဖြစ်တော့ Move Forward ပါတီက UGC တွေကို TikTok မှာ သုံးတယ်။ ဒါကြောင့်မို့ ပျံ့နှံ့မှု မြန်ဆန်ပြီး မဲဆွယ်သူတွေအနေနဲ့ ရင်းမြစ်တွေ အများကြီး မသုံးဘဲ သဘာဝကျကျ လုပ်ကိုင်နိုင်စေတယ်” ဟု ၎င်းကပြောသည်။
“စစ်တပ်အတွက်ကတော့ အချိန်နောက်ကျသွားပြီ။ အာဏာအလွန်အကျွံ သုံးတာဟာ ထိုင်းလူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့အရာ ဖြစ်တယ်။ ဒါကြောင့် ထိုင်းလူ့အဖွဲ့အစည်းက Move Forward ကို ထောက်ခံတာဖြစ်တယ်” ဟုလည်း မစ္စတာ သက်ဆင်က ပြောသည်။
အမြင်ကွဲပြားကြသည့် လုပ်ငန်းရှင်သူဌေးကြီး မစ္စတာ သက်ဆင်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ဖြုတ်ချခံရပြီးနောက် ထောင်ဒဏ်ကို ရှောင်ရှားရန် ပြည်ပတွင် သွားရောက်နေထိုင်သည်မှာ ၁၇ နှစ် ကြာပြီဖြစ်သော်လည်း ထိုင်းနိုင်ငံရေးတွင် အရေးပါသည့် ခေါင်းဆောင်ဖြစ်နေသည်။
“ဘာကိုမှ မပူပန်ဘဲ နိုင်ငံကို ပြန်ဖို့ ဆုံးဖြတ်ချက်ကို ကျနော် ဒီကနေ့ ချမှတ်ပြီးသွားပြီ။ အဝေးမှာ ၁၇ နှစ်လောက် နေရတာ မိသားစုကိစ္စ၊ နိုင်ငံကိစ္စကို စွက်ဖက်ခံရသလို ခံစားရတော့ ကြီးမားတဲ့ထောင်မှာ နေရသလိုပဲ” ဟု ၎င်းကပြောသည်။
“ဖွေထိုင်းပါတီနဲ့ ရှင်နာဝပ် မိသားစုရဲ့ အဓိက မူကတော့ ဘုရင်စနစ် အင်စတီကျူးရှင်းကို ချစ်ခင် လေးစားဖို့ပဲ ဖြစ်တယ်။ သူများတွေ ဘယ်လိုမြင်တယ်ဆိုတာက ကျနော်က ထိန်းချုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ကျနော်က ကျနော်ပဲဖြစ်ပြီး ဘုရင်စနစ်ကို အဆိုးမြင်လုပ်ဆောင်တာ မရှိလို့ ဝေဖန်မှုတွေကို ကျနော်လက်ခံတယ်။ ကျနော်က နိုင်ငံရေးတိုက်ပွဲမှာပဲ ပါဝင်တယ်။ အင်စတီကျူးရှင်းအနေနဲ့ ဘုရင်စနစ်ကို နက်နက်ရှိုင်းရှိုင်း လေးစားကြည်ညိုတယ်” ဟုလည်း သူကပြောသည်။
ထိုင်းနိုင်ငံသို့ ဇူလိုင်လတွင် ပြန်မည်ဖြစ်ကြောင်း မစ္စတာ သက်ဆင်က ထပ်လောင်းပြောကြားပြီး ထောင်ကျခံရန် အဆင်သင့် ရှိပါသလားဟု မေးသောအခါ ရှေ့ကြုံရမည့် မည်သည့်အရာကိုမဆို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြောသည်။
မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီက ဖွေထိုင်းနှင့် ၎င်း၏ ယခင်ပါတီများသည် အလုပ်သမား လူတန်းစား ထိုင်းသန်းပေါင်းများစွာ၏ ထောက်ခံမှုရသည့် လူထုစည်းရုံးခြင်းနှင့် မူဝါဒများကြောင့် ၂၀၀၁ ခုနှစ်နောက်ပိုင်း ကျင်းပသည့် ရွေးကောက်ပွဲတိုင်းတွင် တောင်ပြိုကမ်းပြိုနိုင်ခြင်း နှစ်ကြိမ် အပါအဝင် အနိုင်ရခဲ့သည်။
ဆွေးနွေးပွဲအတွင်း မစ္စတာ သက်ဆက်က သူ့မိသားစုသည် ဘုရင်စနစ်ကို သစ္စာခံကြောင်း ပြောကြားပြီး ဖွေထိုင်းပါတီသည် နန်းတော်ကို ထိခိုက်စေမည့် Move Forward ပါတီ၏ မည်သည့် လှုပ်ရှားမှုကိုမျှ ထောက်ခံမည် မဟုတ်ကြောင်းလည်း ပြောသည်။
ကိုးကား ။ ။ The Star သတင်း Thaksin lauds digital-savvy Move Forward for election triumph
You may also like these stories:
ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်
ထိုင်းဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိသူ ပီတ လင်ဂျာရွန်ရတ်
ရွေးကောက်ပွဲမတိုင်မီ ၂ ပတ်အလို ထိပ်တန်းထိုင်းဝန်ကြီးချုပ်လောင်း ရင်သွေးဖွားမြင်
၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ
ထိုင်းရွေးကောက်ပွဲအလွန် စိတ်ဝင်စားဖွယ်ရာများ
မျိုးဆက်ကွာဟမှုက ထိုင်းရွေးကောက်ပွဲအပေါ် ဩဇာကြီးနိုင်