သတင်း

ကိုဝေမိုးနိုင်ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် နောက်ထပ် ထောင်ဒဏ် နှစ် ၂၀ ချမှတ်

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီ တရားရုံးက နိုင်ငံတော်ပုန်ကန်မှုအတွက် အပြစ်ရှိသည်ဟု မေလ ၁၉ ရက်နေ့တွင် ဆုံးဖြတ်ကာ နောက်ထပ်ထောင် နှစ် ၂၀ ချလိုက်သောကြောင့် သူကျခံရမည့် စုစုပေါင်းထောင်သက်မှာ ၅၄ နှစ် ရှိသွားပြီဖြစ်သည်။

အသက် ၂၈ နှစ်အရွယ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာတွင် မော်တော်ဆိုင်ကယ်ဖြင့် ဆန္ဒပြပွဲတခုကို ဦးဆောင်နေစဉ် ကားဖြင့် ဝင်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးခဲ့သည်။

ကိုဝေမိုးနိုင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းတွင် မုံရွာမှ ဆန္ဒပြပွဲများတွင် ပါဝင်သောကြောင့် အစိုးရ ဆန့်ကျင်မှု၊ ဥပဒေနှင့်မညီသော စုဝေးခြင်း၊ လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ လူသတ်မှု၊ နိုင်ငံတော်ပုန်ကန်မှု အပါအဝင် စွပ်စွဲချက် ၁၀ ခုနှင့် ရင်ဆိုင်နေရသည်။ ယခုထောင်ချခြင်း မတိုင်မီက စစ်ကောင်စီက သူ့ကို စွဲချက် ရှစ်ခုအတွက် ထောင်ဒဏ် စုစုပေါင်း ၃၄ နှစ် ချထားပြီးဖြစ်သည်။

မုံရွာထောင် တရားရုံးက မေလ ၁၉ ရက်နေ့တွင် ရာဇဝတ်မှုဥပဒေ ပုဒ်မ ၁၂၂ ဖြင့် နောက်ထပ် ထောင်ဒဏ် နှစ် ၂၀ ထပ်ပေါင်း ချမှတ်လိုက်ခြင်းဖြစ်သည်။

ကိုဝေမိုးနိုင်သည် သူ၏ မိခင်နှင့် မိနစ်အနည်းငယ်တွေ့ရပြီး ကျန်းမာရေးကောင်းနေကြောင်း သတင်းရင်းမြစ်တခုက ပြောသည်။

မုံရွာ ပြည်သူ့သပိတ်ကော်မတီက ထိုသို့ထောင်ချထားခြင်းကို ပြစ်တင်ရှုတ်ချလိုက်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် တောင်းဆိုသည်။

“စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နောက်လိုက်တွေကသာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်သူတွေ ဖြစ်တယ်” ဟု အထက်ပါ ကော်မတီက မေလ ၁၉ ရက်နေ့တွင် ပြောသည်။

ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းနှင့် သပိတ်ကော်မတီဝင်ဖြစ်သော ကိုဝေမိုးနိုင်ကို ဖမ်းဆီးပြီးနောက် မုံရွာထောင်တွင် ထိန်းသိမ်းထားသည်။

သူသည် ရဲနှစ်ဦး သတ်ဖြတ်ခံရသည့် အမှုအတွက် နောက်ထပ် လူသတ်မှုတခုကိုလည်း ရင်ဆိုင်နေရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီသည် လူပေါင်း ၃,၅၀၀ ကျော်ကို သတ်ဖြတ်ထားပြီး လူပေါင်း ၂၂,၄၀၀ ကျော်ကို ဖမ်းဆီးကာ ၎င်းတို့အနက် ၁၈,၀၀၀ သည် ထောင်အတွင်းတွင် ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။

You may also like these stories:

မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်နှစ် ၂၀ ထပ်မံချခံရ

ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက သေဒဏ်ပေးနိုင်သည့် ပုဒ်မ တပ်

ကိုဝေမိုးနိုင်၏ ရှေ့နေများ ဝရမ်းထုတ်ဖမ်းဆီးခံရသဖြင့် အမှုများ ကိုယ်တိုင်ထုချေနေရ

နွေဦးတော်လှန်ရေးထဲက အကျဉ်းစံ ပန်ဒါ

ကိုဝေမိုးနိုင်ကို နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မများစွာဖြင့် ထပ်တိုး၍ အရေးယူ

ကိုဝေမိုးနိုင်အပါ ၄၂ ဦးကို လူသတ်မှုဖြင့် တရားစွဲတင်

Loading