ထိုင်းနိုင်ငံရေးလှုပ်ရှားမှု မြန်မာလုပ်သားများမပါဝင်ခဲ့ဟု MWRN ပြော
ထိုင်းနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ပြုလုပ်ခဲ့သည့် အလုပ်သမားအခွင့်အရေး တောင်းဆိုချီတက်ပွဲ အား အသုံးချ၍ မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မမှန် ကြောင်း အဆိုပါနေ့က ပါဝင်ဆန္ဒပြခဲ့သည့် အလုပ်သမား အရေး လှုပ်ရှားသည့် အဖွဲ့များက ပြောသည်။
မေဒေးနေ့တွင် ရွှေ့ပြောင်းလုပ်သားများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ထိုင်းအလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်၊ ရပ်ထိုင်း ဖောင်ဒေးရှင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) စသည့် အဖွဲ့များက စုပေါင်းချီတက် တောင်းဆိုခဲ့ကြရာတွင် ၎င်းတို့နှင့် မသက်ဆိုင်သည့်အဖွဲ့တခုမှ ထိုင်းနိုင်ငံဘုရင်စနစ်အား ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထိုင်းနိုင်ငံဘုရင်စနစ် ဖျက်သိမ်းရေးဆန္ဒပြသူများနှင့် အလုပ်သမားအခွင့်အရေး ဆန္ဒပြသူများကို ရောထွေး၍ ထိုင်းမီဒီယာများက ဖော်ပြခဲ့သည့်အတွက် ထိုင်းအစိုးရမှ ထိုင်းရာဇဝတ်မှုကျင့်ထုံး ဥပဒေ ၁၁၂ အရ အလုပ်လုပ်ခွင့် ရုပ်သိမ်း၍ ပြည်နှင်ဒဏ် ပေးခွင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ယခုဖြစ်စဉ်အတွင်း ထိုင်းဘုရင်စနစ်ကို ထိပါးသူများသည် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ မဟုတ်သည့် အတွက် မဟုတ်မမှန် သတင်းဖြန့်ဝေမှုများအား ရပ်တန့်ပေးရန် ရွှေ့ပြောင်း အလုပ်သမားအဖွဲ့ (MWG) က မေ ၉ ရက်က ထုတ်ပြန် တောင်းဆိုထားသည်။

ထိုတောင်းဆိုချက်ထဲတွင် ထိုင်းနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံရေးလက်နက်အဖြစ် အသုံးချခြင်းမှ ကာကွယ်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များကို တောင်းဆိုကြောင်းလည်း ပါဝင်သည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN)၊ မဟာချိုင်ရှိ အလုပ်သမားတာဝန်ခံ ကိုဇော်က “ဘန်ကောက်မြို့လယ်ခေါင်မှာ ဆန္ဒပြတဲ့ထဲမှာလည်း ဒီနိုင်ငံရေးနဲ့ ပတ်သက်ပြီး မပါဘူး။ မပါတာကို အလုပ်သမားရေး ဆန္ဒပြတဲ့သူတွေက သက်သက် ရွေးကောက်ပွဲ စည်းရုံးရေးဆင်းတဲ့ အဖွဲ့တွေနဲ့ တိုက်ဆိုင်သွားပြီးတော့ အလုပ်သမားတွေက နိုင်ငံရေး ဆန္ဒပြသလို ဖွခံလိုက်ရတာပဲ” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် တောင်းဆို ဆန္ဒပြခဲ့သည်မှာ ဖူလုံသည့် အနည်းဆုံး လုပ်ခလစာရရှိရေးအပြင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားအဖွဲ့များ လွတ်လပ်စွာ စည်းရုံးဖွဲ့စည်းခွင့်၊ ထိုင်းရောက် မြန်မာအလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်းများ ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးနိုင်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံညှိနှိုင်း ဆွေးနွေးပေးရန် စသည့် အချက်များပါရှိသော အိတ်ဖွင့်ပေးစာကို ထိုင်းအလုပ်သမား ဝန်ကြီးထံ ပေးပို့ခဲ့ခြင်းသာ ဖြစ်ကြောင်း သိရသည်။
အလုပ်သမားနေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ရွှေ့ပြောင်းလုပ်သားတဦးက “တောင်းဆိုတာတွေက ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေကို ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးပေးဖို့ မြန်မာအာဏာပိုင်နဲ့ ဆွေးနွေးပါ။ နောက်တခုက အလုပ်သမားတယောက်ရဲ့ လုပ်အားခကို မိသားစု ၃ ယောက်စာ ဖူလုံဖို့၊ အလုပ်သမားသမဂ္ဂများ အချင်းချင်း ထိန်းကျောင်းကြဖို့ တောင်းဆိုခဲ့တာ” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ထိုင်းဘုရင်စနစ်ကို ဖျက်သိမ်းရေးလှုပ်ရှားမှုမှာ ထိုင်းနိုင်ငံရေးသမားများ၏ လုပ်ဆောင်မှုသာဖြစ်သော်လည်း ထိုင်းပြည်တွင်း မီဒီယာအချို့က ရွှေ့ပြောင်းလုပ်သားများ ပြုလုပ်သည်ဟု ရေးသား ဖော်ပြမှုများ ပြုလုပ်ခဲ့သည့်အတွက် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုအား ခံစားရကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများက သုံးသပ်သည်။

ကိုဇော်က “ထိုင်းလူမျိုးတွေနဲ့ ပတ်သက်တဲ့ အရေးအသား အပြောအဆိုကို မကျွမ်းကျင်ဘဲနဲ့ ထိုင်းတွေကြားထဲမှာ ဝင်မရောဖို့ အဓိက အဲဒါပြောချင်တယ်။ သူတို့ရဲ့ နိုင်ငံရေး၊ ဘုရင်စနစ်က ဘယ်လောက်ထိ ကြီးမားတယ်၊ ပြစ်ဒဏ်ရှိတယ်ဆိုတာ မသိရဘူး။ အခုဆိုရင်လည်း ကိုယ်တိုင် မပြုလုပ်ခဲ့ပေမယ့် ထိုင်းလူမျိုးတွေရဲ့ လမ်းကြောင်းနဲ့ တိုက်ဆိုင်ခဲ့တာတောင် သတင်းက ကြီးသွားတော့ နောက်ဆို ဆင်ခြင်ရမှာပေါ့” ဟု ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံရေးစနစ်များနှင့်ပတ်သက်၍ ဆန္ဒပြ တောင်းဆိုခြင်းများတွင် မပါဝင်ကြရန် လိုအပ်သော်လည်း နိုင်ငံတကာ အလုပ်သမား အခွင့်အရေး ဥပဒေများနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားတောင်းဆိုမှုများကိုမူ ဥပဒေအရ ခွင့်ပြုထားကြောင်း သိရသည်။
ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်သူ ရှေ့နေ ဦးအောင်မျိုးသန့်က “ကိုယ့်ဘက်ကနေ နိုင်ငံခြားမှာ အလုပ် လာရောက် လုပ်ကိုင်တာ ဖြစ်ကြတာမို့လို့ မြန်မာနိုင်ငံသားအနေနဲ့ကတော့ ထိုင်းနိုင်ငံနဲ့ ကင်းကွာလို့ မရဘူး။ ထိုင်းနဲ့ မြန်မာက မိုင်ပေါင်းထောင်ကျော် ထိစပ်နေတယ်။ ဒါကြောင့် ဘယ်မှာပဲနေနေ ဥပဒေကို လိုက်နာပြီးတော့ သူများအသုံး ချခံရတယ်ဆိုတာကလည်း အသိတရားထားပြီးတော့ ဆင်ခြင်ဖို့ လိုပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံရေး အပြောင်းအလဲကြားထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် သတိထား၍ နေထိုင်ပြုမူကြရန် လိုအပ်ပြီး ထပ်မံ၍ တစုံတရာ လူစုလူဝေးများ ပြုလုပ်သည့်အခါများတွင်လည်း ထိုင်းအာဏာပိုင်များက စောင့်ကြည့် မှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများက ဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၅ သန်း ဝန်းကျင်ထိရှိနေပြီး စစ်တပ် အာဏာသိမ်းသည့် နှစ်နှစ်ကျော် အတွင်း ထိုင်းနိုင်ငံသို့ တရားဝင် လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားဦးရေ ၄ သိန်းကျော် ရှိကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်များသူများထံမှ သိရသည်။
You may also like these stories:
လုပ်ခလစာ တရက် ဘတ် ၇၀၀ ကျော် ပေးရန် ထိုင်းအလုပ်သမားအဖွဲ့များ တောင်းဆို