မင်းအောင်လှိုင် စစ်ကောင်စီသည် လွန်ခဲ့သော နှစ်နှစ်က စစ်အာဏာသိမ်းသောအခါ အဓိက ရည်မှန်းချက် နှစ်ခုကို ထုတ်ပြန်ကြေညာသည်။ ယင်းတို့မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဖြစ်သည်။
ထိုအချိန်မှ စတင်ပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့် စကားသည် စစ်ကောင်စီခေါင်းဆောင် တဖွဖွရွတ်နေသည့် ဂါထာဖြစ်သည်။
သို့သော် ဖွံ့ဖြိုးတိုးတက်မှု အသွင်သဏ္ဍန်အမျိုးမျိုးကို ဖော်ပြသည့် ကမ္ဘာ့အညွှန်းကိန်းများတွင် မြန်မာသည် အလျင်အမြန် နောက်ပြန်ဆုတ်နေကြောင်း ပြသနေသည်။
အာရှ အန္တရာယ်ဇုန်
ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်းအရ စစ်တပ်ကအုပ်ချုပ်သော မြန်မာနိုင်ငံသည် အာရှတွင် အန္တရာယ်အများဆုံး ဖြစ်နေပြီး အာဖဂန်နစ္စတန်၏အထက် အဆင့် ၉ သို့ရောက်နေကာ မြန်မာနှင့်ကပ်လျက်တွင် ယီမင်၊ ဆီးရီးယား၊ ရုရှား၊ အီရတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်နှင့် အီရန်တို့ ရှိနေသည်။
မြန်မာသည် အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံးနိုင်ငံဖြစ်သည်ကို အငြင်းပွားစရာမရှိဘဲ “အန္တရာယ်များ”သည့်အဆင့်တွင် ရောက်နေသည့် တခုတည်းသော ဒေသတွင်းနိုင်ငံဖြစ်သည်။
အမေရိကန်နှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံများက ၎င်းတို့နိုင်ငံသားများ မြန်မာသို့ ခရီးမသွားရန် သတိပေးထားသည်။ စစ်ကောင်စီကိုယ်တိုင်ကပင် တနိုင်ငံလုံးကျယ်ပြန့်သည့် ခုခံတော်လှန်ရေး လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားနေရသောကြောင့် ၎င်းတို့အရာရှိများနှင့် စစ်သားများ ပြည်တွင်းခရီးသွားလျှင်ပင် သတိထားရန် သတိပေးထားရသည်။
တချိန်တည်းတွင် မြန်မာနိုင်ငံသားများသည် စစ်ကောင်စီတပ်များ၏ အငြင်းပွားဖွယ် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် အကြောက်တရားဖြင့် နေထိုင်ရသည်။ ခရီးသွားလုပ်ငန်း အင်တာနက် စာမျက်နှာဖြစ်သည့် Travelling Lifestyle က မြန်မာသည် အာရှတွင် အန္တရာယ်အများဆုံးနိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်းကို ကိုးကားဖော်ပြသည်။
ယခုအခါ ဖြုတ်ချခံလိုက်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ်က မြန်မာသည် ထိုအညွှန်းကိန်းတွင် အဆင့် ၁၂ ရှိသည်။
ကမ္ဘာ့ထိပ်တန်း ရိက္ခာဖူလုံမှုမရှိသော ၁၀ နိုင်ငံ
စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၏ အရေးအပါဆုံးဖြစ်သည်။ ထို့ကြောင့် နိုင်ငံမှလူအများအပြား အငတ်ဘေး ရင်ဆိုင်နေရသည်ဟု ဖော်ပြလျှင် မလျော်ကန်သလို ဖြစ်နေသည်။ သို့သော် ထိုအချက် မှန်ကန်နေသည်မှာ စစ်ကောင်စီကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံသည် ပိုမိုဆိုးရွားလာသည့် စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ယခုလ အစောပိုင်းတွင် သတိပေးသည်။ ထိုအဖွဲ့က ထုတ်ပြန်သည့် ဆိုးရွားသော စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများစာရင်းတွင် မြန်မာသည် အဆင့် ၆ သို့ ရောက်နေပြီး မြန်မာထက်ဆိုးသော နိုင်ငံများတွင် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အီသီယိုပီးယား၊ အာဖဂန်နစ္စတန်၊ နိုက်ဂျီးရီးယားနှင့် ယီမင်တို့သာ ရှိသည်။
ပဋိပက္ခ၊ စီးပွားရေး ကမောက်ကမဖြစ်ခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်သော သဘာဝ ဘေးအန္တရာယ်များသည် ဆိုးရွားသော ရိက္ခာမလုံလောက်မှု ဖြစ်စေသည့် အခြေခံအကြောင်းများဖြစ်သည်ဟု FAO က ပြောသည်။ ကံမကောင်း အကြောင်းမလှစွာပင် မြန်မာသည် ထိုအခြေအနေ သုံးခုလုံးကို ရင်ဆိုင်နေရသည်။ စစ်ကောင်စီကလည်း မြန်မာနိုင်ငံအလယ်ပိုင်း စိုက်ပျိုးရေးအဓိက ဒေသများတွင် လယ်ယာများနှင့် စိုက်ပျိုးရန် သိုလှောင်ထားသော သီးနှံများကို မီးရှို့ခြင်းဖြင့် အခြေအနေ ပိုမိုဆိုးရွားစေသည်။
လက်နက်ကိုင် ပဋိပက္ခ၊ လောင်စာနှင့် အစားအစာဈေးနှုန်း မြင့်မားခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် အခြား ပြဿနာများကြောင့် တနိုင်ငံလုံးမှ မိသားစုများသည် အခက်အခဲများ ရင်ဆိုင်နေရသည်။
အခြေခံစားသောက်ကုန်နှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းဈေးနှုန်းများသည် လွန်ခဲ့သော နှစ်နှစ်အတွင်း သုံးဆတိုးလာသည်။ ထို့ကြောင့် နှိုင်းယှဉ်ချက်အားဖြင့် တည်ငြိမ်သောမြို့များတွင် နေထိုင်သူများသည်ပင် စားသုံးမှုလျှော့ချပြီး အချို့သည် တနေ့ထမင်းတနပ်သာ စားကြရသည်။ ပဋိပက္ခဇုန်ဖြစ်သော ကျေးလက်ဒေသတွင် စစ်ကောင်စီ တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသူများသည် အခြားအရပ်သားများက လှူဒါန်းနေသည့် အစားအသောက်ကိုသာ မှီခိုနေရသည်။
သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း အောက်ဆုံးနီးပါးရောက်နေ
စစ်ကောင်စီက မီဒီယာများကို ဖိနှိပ်သောကြောင့် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည့် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ သို့ ရောက်နေသည်။
ယခုအခါ မြန်မာသည် တရုတ်နိုင်ငံပြီးလျှင် သတင်းသမားကို ဒုတိယ ထောင်ချမှုအများဆုံး နိုင်ငံဖြစ်ပြီး လူဦးရေအချိုးအစားအရ ပြန်လည်တွက်ပါက သတင်းသမားထောင်ချမှု အများဆုံးနိုင်ငံ ဖြစ်သည်။
NLD အစိုးရခေတ်က မြန်မာသည် ထိုအညွှန်းကိန်းတွင် အဆင့် ၁၃၉ ၌ ရှိခဲ့သည်။
ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်စရာဖြစ်နေ
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF) က မြန်မာနိုင်ငံသည် ဘာသာရေး လွတ်လပ်ခွင့်အရ အထူးစိုးရိမ်စရာဖြစ်ကြောင်း ဖော်ပြသည်။ ထိုစာရင်းတွင် တရုတ်၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယားတို့ ပါဝင်သည်။
သာသနာပြုမင်းအဖြစ် မင်းအောင်လှိုင်က သူ့ကိုယ်သူ သံသယဖြစ်စရာ ပုံဖော်နေပြီး သူ၏စစ်တပ်သည် နိုင်ငံ၏လူများစု ဗုဒ္ဓဘာသာများကို ကိုယ်စားပြုသည်ဆိုသော်လည်း စစ်ကောင်စီတပ်များက မြန်မာနိုင်ငံအလယ်ပိုင်းမှ ကျေးရွာများကို မီးရှို့တိုက်ခိုက်သောအခါ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကိုလည်း ချမ်းသာမပေးပေ။
စစ်ကောင်စီတပ်များသည် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အမိန့်ပေးကွင်းဆက်ထံမှ ခွင့်ပြုချက်တောင်းရန် မလိုဘဲ ချင်းနှင့် ကယားပြည်နယ်၊ မကွေးနှင့်စစ်ကိုင်းတိုင်းများတွင် ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်း ရာနှင့် မချီသည့်တိုင် ဒါဇင်ပေါင်းများစွာကို မီးရှို့ခဲ့သည်။
မြန်မာမှ ဘာသာရေး လူနည်းစုများအပေါ် စစ်ကောင်စီဖိနှိပ်မှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က မေလ ၁၅ ရက်နေ့တွင် ၂၀၂၂ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်သောအခါ ဝေဖန်လိုက်ပြီး ဘာသာရေးလွတ်လပ်ခွင့်အတွက် ရဲရင့်စွာရပ်တည်သူများကို ဝါရှင်တန်က ထောက်ခံမည်ဖြစ်ကြောင်း ကြေညာသည်။
အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က ရိုဟင်ဂျာမွတ်ဆလင်များအား စစ်တပ်က ဖြိုခွဲမှုများကို ကိုးကားပြီး ၂၀၂၀ ပြည့်နှစ် NLD အစိုးရအောက်တွင် မြန်မာကို အထူးစိုးရိမ်စရာ နိုင်ငံစာရင်းတွင် ထည့်သွင်းထားသည်။
အဂတိလိုက်စားမှုအများဆုံး နိုင်ငံတခု
ပွင့်လင်းမြင်သာမှု နိုင်ငံတကာ အဖွဲ့အစည်း (TI) က ပြုစုသည့် ၂၀၂၂ ခုနှစ် အဂတိလိုက်စားမှု အယူအဆဆိုင်ရာ အညွန်းကိန်း (CPI) တွင် မြန်မာသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၅၇ တွင်ရောက်နေပြီး အာရှ-ပစိဖိတ်တွင် အဂတိလိုက်စားမှု အဆိုးနိုင်ငံနေရာကို မြောက်ကိုရီးယားနှင့် အပြိုင်လုနေသည်။
၂၀၂၀ ပြည့်နှစ် CPI အစီရင်ခံစာတွင် NLD အစိုးရအောက်မှ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်ကထက် ၁၃ နေရာ တက်လာခဲ့ဖူးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Global Indices Record Myanmar’s Rapid Decline Under Junta Rule ကို ဘာသာပြန်သည်။)
You may also like these stories:
အဂတိအညွှန်းကိန်းတွင် မြန်မာ အဆင့် ၁၅၇ သို့ ကျဆင်း
စစ်အာဏာသိမ်း ခေတ်ဆိုးကြီးထဲက သတင်းသမားများ
အာဏာရှင်လက်အောက် ပျောက်ဆုံးသွားတဲ့ အလုပ်သမားထုရဲ့အသံ
နှစ်အစ၌ပင် မြန်မာ့ကုန်ထုတ်လုပ်မှု အခြေအနေ ကျဆင်းလာဟု IHS စစ်တမ်းကဆို
မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်းသာ တိုးမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း