Move Forward Party (MFP) ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ်က နိုင်ငံရေးပါတီ ရှစ်ခုမှ ကိုယ်စားလှယ် ၃၁၀ ကျော် ပါဝင်သည့် ညွန့်ပေါင်းအစိုးရဖွဲ့ပြီး သူကိုယ်တိုင် ဝန်ကြီးချုပ်လုပ်မည့် အစီအစဉ်ကို မေလ ၁၉ ရက်နေ့တွင် တရားဝင်ကြေညာသည်။
သို့သော် ထိုညွန့်ပေါင်းအဖွဲ့အတွင် အကြီးမားဆုံး ပါတီနှစ်ခုဖြစ်သည့် MFP နှင့် ဖွေထိုင်းပါတီအကြား တင်းမာမှု ဖြစ်နေသည့် လက္ခဏာများ တွေ့နေရသည်။
ဖွေထိုင်းပါတီခေါင်းဆောင် ဒေါက်တာ ချိုနန် ဆရီကောက မေလ ၂၂ ရက်နေ့တွင် ထိုပါတီများ လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်သည့် နားလည်မှုစာချွန်လွှာတွင် ခြွင်းချက်များရှိကြောင်း သူ၏ပါတီက မြင်သည်ဟု ပြောသည်။ တော်ဝင်မိသားစုကို အကာအကွယ်ပေးသည့် ဥပဒေကို ပြင်ဆင်ရန် MFP ၏ အစီအစဉ်သည် နှစ်ဘက် ပွတ်တိုက်မှုဖြစ်သည့် အချက်တချက်ဖြစ်နိုင်သည်ဟု ၎င်းကပြောသည်။
“ညွန့်ပေါင်းအစိုးရဖွဲ့ရေး နားလည်မှုစာချွန်လွှာကို ကျနော်ကြည့်ပြီးသွားပြီ။ ဒီစာချွန်လွှာမူကြမ်းကို အဓိက ပါတီက ရေးဆွဲတာဖြစ်တယ်။ အဲဒီထဲက အချက်အချို့ကို ဖွေထိုင်းပါတီက အလေးအနက် ဆန့်ကျင်တယ်” ဟု ဒေါက်တာ ချိုနန်က အထက်ပါ ရှစ်ပါတီတို့ အိုကူရာ ပရက်စတေ့ ဘန်ကောက်ဟိုတယ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
MFP ကလည်း ညွန်ပေါင်းဖွဲ့မည့် ပါတီများအနေဖြင့် တော်ဝင်မိသားစုကို အကာအကွယ်ပေးသည့် ဥပဒေကို ပြင်ဆင်ရန်အချက်အား ထောက်ခံရမည်ဟု မဆိုလိုကြောင်း၊ ညွန့်ပေါင်း အစိုးရဖွဲ့နိုင်ရေးသာ အဓိကဖြစ်ကြောင်း မေလ ၁၉ ရက်နေ့တွင် ပြောကြားထားသည်။
မေလ ၁၄ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲ၏ တရားဝင် မထုတ်ပြန်ရသေးသော ရလဒ်များအရ MFP နှင့် ဖွေထိုင်းပါတီတို့သည် အောက်လွှတ်တော်တွင် နှစ်ပါတီပေါင်းနေရာ ၂၉၃ နေရာရထားသည်။ ကျန် နေရာ ၂၀ ကို ပါရာချာချက်၊ ထိုင်းဆန်ထိုင်း၊ ဆရီရူအမ်ထိုင်း (ထိုင်းလစ်ဘရယ်)၊ Fair ပါတီ၊ ပလန်ဆန်ခွန်မိုင် (New Force) နှင့် ပူထိုင်းရမ်ဖလန် စသည့် ခြောက်ပါတီက ခွဲဝေရရှိသည်။
MFP သည် အောက်လွှတ်တော်နေရာ အများဆုံးရသောကြောင့် ကျန်မဟာမိတ်ပါတီများက သူ့ကို ဝန်ကြီးချုပ်ခန့်ရန် သဘောတူကြောင်း မစ္စတာ ပီတက ပြောသည်။
“ကျနော်တို့ကိုပေးတဲ့ မဲတွေအားလုံးအတွက် ပြည်သူတွေကို ကျနော်ကျေးဇူးတင်တယ်။ ဒီမဲတွေဟာ မျှော်လင့်ချက်နဲ့ အပြောင်းအလဲလိုလားတဲ့ ဆန္ဒကို ကိုယ်စားပြုတယ်။ အစိုးရသစ်ဟာ ရိုးသားမှုနဲ့ အလုပ်လုပ်ပြီး ထိုင်းပြည်သူအားလုံးရဲ့အစိုးရ ဖြစ်စေရမယ်” ဟု ၎င်းကပြောသည်။
ဖွေထိုင်းပါတီထက် လွှတ်တော်နေရာ ၁၁ နေရာ ပိုမိုအနိုင်ရသောကြောင့် MFP ပါတီသည် ညွန့်ပေါင်းအစိုးရတွင် ခေါင်းဆောင်ဖြစ်မည် ဖြစ်သည်။ ထိုပါတီသည် ပထမ နားလည်မှုစာချွန်လွှာ မူကြမ်းရေးဆွဲထားသော်လည်း နောက်ဆုံးမူကြမ်းကို ပါတီ ရှစ်ခုလုံးမှ ကိုယ်စားလှယ်များပါသည့် ကော်မတီက ထုတ်ပြန်မည်ဖြစ်ကြောင်း မစ္စတာ ပီတက ပြောသည်။
ထိုနားလည်မှုစာချွန်လွှာသည် ပါတီများ ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းညွှန်ဖြစ်ပြီး အမျိုးသားရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုအကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်ဟု ၎င်းကပြောသည်။
နောက်ဆုံး အသေးစိတ် အချက်အလက်များကို မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ပြီး ထိုနေ့သည် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းသည့် ၉ နှစ်ပြည့်နေ့ ဖြစ်သည်။ သူသည် အစိုးရသစ် ဖွဲ့စည်းပြီးသည်အထိ အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဖြစ်နေသေးသည်။
အထက်ပါ ရှစ်ပါတီသည် အိမ်စောင့်အစိုးရမှ အစိုးရသစ်သို့ ကူးပြောင်းရေး လွယ်ကူစေရန် လုပ်ငန်းအဖွဲ့တခု ဖွဲ့စည်းမည်ဖြစ်သည်။ ထိုအဖွဲ့သည် ညွန့်ပေါင်းအဖွဲ့အတွင်း အခြားပါတီများ ပါဝင်လာရေးဖြစ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။
အောက်လွှတ်တော် ကိုယ်စားလှယ် ၃၁၃ နေရာသည် အစိုးရသစ်ဖွဲ့စည်းရေးအတွက် လုံလောက်သင့်သည်ဟု မစ္စတာ ပီတက ပြောကြားပြီး လွှတ်တော်က သူ့အနေဖြင့် ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာရေး ထောက်ခံမဲပေးမည်ဟု ယုံကြည်ကြောင်းလည်း ဖော်ပြသည်။
ထိုမဲကို အနိုင်ရရန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၃၇၆ ဦးက ထောက်ခံရန် လိုအပ်မည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက စစ်တပ်ကခန့်ထားသည့် ကိုယ်စားလှယ် ၂၅၀ ဦးပါ အထက်လွှတ်တော်သည် အောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ နှင့်အတူ ဝန်ကြီးချုပ်ရွေးချယ်ရာတွင် မဲပေးခွင့် ရှိသည်။
နားလည်မှု စာချွန်လွှာတွင် ပုဒ်မ ၁၁၂ မပါဝင်
ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၁၁၂ (တော်ဝင်မိသားစုကို အသရေ ဖျက်သည့် ဥပဒေ) ကို ပြင်ဆင်ရေး ကိစ္စကို မဟာမိတ် ဖွဲ့မည့်ပါတီများအကြား မဆွေးနွေးသေးကြောင်း ဒေါက်တာ ချိုနန်က ပြောသည်။
မဟာမိတ်အဖွဲ့၏ အဓိကပါတီက မိတ်ဘက်ပါတီများ၏ ထင်မြင်ချက်များ ပြုပြင်ရန် အဆိုပြုချက်များကို တံခါးဖွင့်ထားကြောင်းနှင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များက ထိုနားလည်မှု စာချွန်လွှာကို သဘောတူနိုင်သည် သို့မဟုတ် သဘောမတူနိုင်သည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ဖွေထိုင်းပါတီ ခေါင်းဆောင်က ပြောသည်။
“အဲဒီနားလည်မှု စာချွန်လွှာဟာ ကျနော်တို့ရဲ့ ပူးတွဲတည်ရှိမှုကို အဆုံးအဖြတ်ပေးနိုင်တယ်” ဟု ၎င်းကပြောသည်။
MFP က ရေးဆွဲသည့် မူကြမ်းတွင် တော်ဝင်မိသားစုကို အသရေ ဖျက်သည့် ဥပဒေ ပြင်ဆင်ရန် ပါ၊ မပါ မေးသောအခါ မပါကြောင်း ဒေါက်တာ ချိုနန်က ပြောသည်။
“တော်ဝင်မိသားစု အသရေ ဖျက်မှုဥပဒေ ပြင်ဆင်ရေးဟာ ပါတီအားလုံး သဘောတူနိုင်တဲ့အချက် ဖြစ်ရမယ်” ဟုလည်း သူကပြောသည်။
ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေး ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် မစ္စတာ ပီတက ကြာသပတေးနေ့တွင် ငြင်းဆန်သည်။ ထိုဥပဒေကို ပြင်ဆင်ခြင်းသည် တော်ဝင်အင်စတီကျူးရှင်းအတွက် အကာအကွယ်ကို ထိခိုက်စေမည်ဟု ယုံကြည်သည့် လူဦးရေအစိတ်အပိုင်းကြောင့် MFP ပါတီသည် ကြီးမားသည့် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။
MFP ပါတီ ထိပ်သီးအဖွဲ့ဝင်တဦးဖြစ်သူ ဆီရီကန်ညာ တန်ဆာခွန်ကမူ “ပါတီအားလုံးက ပုဒ်မ ၁၁၂ ကို သဘောတူရင် သဘောတူညီချက်ထဲမှာ ထည့်ဖို့အသင့်ပါ။ ဒါပေမယ့် အစိုးရဖွဲ့ရေးအတွက် မဖြစ်မနေ လိုအပ်ချက်တော့ မဟုတ်ပါဘူး” ဟု ရုပ်သံအစီအစဉ်တခုတွင် ပြောကြားသည်။
ရွေးကောက်ပွဲ အနိုင်ရမှုတွင် တတိယနေရာလိုက်နေပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရေးတွင် အရေးပါနေသည့် ဘွန်ဂျိုင်ထိုင်းပါတီက တော်ဝင်မိသားစု အသရေ ဖျက်မှုဥပဒေ ပြင်ဆင်ရေးကို ထောက်ခံမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
တော်ဝင်မိသားစု အသရေ ဖျက်မှုဥပဒေ ပြင်ဆင်ရေးကို ထောက်ခံရန် အခြားပါတီများကို တွန်းအားပေးခြင်း မပြုလုပ်မှသာ MFP ပါတီအတွက် ပူးပေါင်းမဲများ ရနိုင်မည်ဟု သုတေသီများကလည်း ပြောသည်။
သူ၏အရည်အချင်းပြည့်မီမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိကြောင်း မစ္စတာ ပီတက ပြောသည်။ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ပါလန် ပရာချာရက်ပါတီဝင်တဦးက ပီတသည် မီဒီယာကုမ္ပဏီတခုတွင် ရှယ်ယာပိုင်သည်ဟု စွပ်စွဲပြီး ရွေးကောက်ပွဲကော်မရှင်တွင် တိုင်ကြားသည်။ ထိုအချက်သည် ကိုယ်စားလှယ်လောင်းအရည်အချင်း မပြည့်မီစေမည့်အချက်ဖြစ်သည်။
ထိုမီဒီယာ ကုမ္ပဏီသည် iTV Plc ဖြစ်ပြီး ၂၀၀၇ ခုနှစ်ကတည်းက ထုတ်လွှင့်မှု ရပ်ဆိုင်းကာ ထိုင်းစတော့ အိတ်ချိန်းတွင် ၂၀၁၄ ခုနှစ်က စာရင်းပယ်ဖျက်ထားသည်။ ထိုရှယ်ယာများကို ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သွားသည့် သူ၏ဖခင်ပိုင်ဆိုင်ပြီး မစ္စတာ ပီတသည် ထိုရှယ်ယာများကို စီမံခန့်ခွဲပေးနေသူသာ ဖြစ်သည်။ iTV ၏ လုပ်ငန်းလိုင်စင် ယနေ့အထိ သက်တမ်းရှိနေခြင်းမှာ အစိုးရသို့ ပေးရန်ရှိသည် လုပ်ငန်းလုပ်ပိုင်ခွင့်ငွေနှင့် ပတ်သက်သည့် အမှုတခု မပြီးပြတ်သေးသောကြောင့် ဖြစ်သည်။
ကိုးကား ။ ။ Bangkok Post, Reuters
You may also like these stories:
Move Forward ပါတီကို သက်ဆင် ချီးကျူး
Move Forward ပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရဖွဲ့ရေးက ဆပ်ပြာပူဖောင်းလား
ထိုင်းဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိသူ ပီတ လင်ဂျာရွန်ရတ်
အတိုက်အခံများ ထိုင်းရွေးကောက်ပွဲနိုင်၊ စစ်တပ်ကို စိန်ခေါ်မှုဖြစ်လာ