မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမိုခါ ဝင်ရောက်ပြီးနောက် ထောင်နှင့်ချီသော ကျွဲနွားတိရစ္ဆာန်များ သေဆုံးသောကြောင့် ကျေးလက် လယ်ယာ လူမှုအသိုက်အဝန်းတွင် ပျက်စီးမှု အကြီးအကျယ်ဖြစ်စေသည်။
မိုခါကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် မိုးအကြီးအကျယ်ရွာသွန်းပြီး လေတိုက်နှုန်း တနာရီ မိုင် ၁၂၀ အထိဖြစ်ကာ ရခိုင်ပြည်နယ်တခုတည်းတွင်ပင် လူပေါင်း ၁၄၅ ဦးသေဆုံးသည်ဟု စစ်ကောင်စီပြောသည်။
သို့သော် ပျောက်ဆုံးနေသူ အများအပြား ရှိသောကြောင့် အမှန်တကယ်သေဆုံးမှုနှုန်းသည် ထိုထက်ပိုမိုမြင့်မားမည်ဟု ဒေသခံများ စိုးရိမ်နေကြသည်။
ထိုမုန်တိုင်းသည် ရခိုင်ပြည်နယ် မြို့တော်စစ်တွေရှိ ကမ်းရိုးတန်းမှ ကျေးရွာများကို ပျောက်ကွယ်သွားစေပြီး နေအိမ်များကို ဖျက်ဆီးကာ ကျွဲနွား တိရစ္ဆာန်များနှင့် ဒေသခံများကို သေဆုံးစေသည်။
မုန်တိုင်းဒဏ် အဆိုးဆုံးခံရသော ရခိုင်ပြည်နယ်၏ မြို့နယ်တခုဖြစ်သော ရသေ့တောင် မြို့နယ်တခုတည်းတွင်ပင် မုန်တိုင်း ဒီရေကြောင့် ကျွဲနွားတိရစ္ဆာန် အနည်းဆုံး ၂၀၀၀ သေဆုံးသည်။
ရခိုင်ပြည်နယ် လူဦးရေး ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကို မှီခိုပြီး ကျွဲနွားများကို လယ်ယာလုပ်ငန်းတွင် အသုံးပြု သောကြောင့် ကျွဲနွားများ ဆုံးရှုံးခြင်းသည် စိုက်ပျိုးရေး လူမှုအသိုက်အဝန်းအတွက် အကြီးအကျယ် ဆုံးရှုံးမှုဖြစ်ကြောင်း ကျေးရွာသားတဦးပြောသည်။
ရသေ့တောင် ဒေသခံများသည် ကျွဲနွားများကိုသာမက မျိုးစပါးများကိုလည်း ဆုံးရှုံးရသည်။
“မိုးရာသီရောက်တော့မယ်။ ကျနော်တို့ ကျွဲနွားအများစုက ရေမျောပါကုန်ပြီ။ ဒီနှစ်ဘယ်လိုလုပ် စပါးစိုက်တော့မလဲ” ဟု ကျေးရွာသား တဦးပြောသည်။
ဒေသခံတဦး Facebook တွင် တင်ထားသော ဓာတ်ပုံများ၌ ရသေ့တောင်မြို့နယ် ကမ်းခြေတလျှောက်မှ ကျွဲနွားအလောင်းများကို တွေ့ရသည်။
“ရွာ ၁၀ ရွာတည်းမှာတင် ကျွဲနွားအလောင်း ၂၀၀၀ ကျော်တယ်။ အဆက်အသွယ်တွေ ပြတ်နေလို့ တခြားရွာတွေမှာ ဘယ်လောက်သေလဲ မသိဘူး” ဟု သူပြောသည်။
ပေါက်တော မြို့နယ်မှ ကျွဲနွားများလည်း မိုခါမုန်တိုင်းကြောင့်ဖြစ်သည့် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသည်။
ကျွဲနွားများသည် မိုခါမုန်တိုင်းကြောင့် သေဆုံးကြောင်း ပေါက်တောမြို့နယ်မှ ကျေးရွာ ၄ ရွာသို့ သွားရောက်ခဲ့ကြောင်း စေတနာ့ဝန်ထမ်းတဦးပြောသည်။
“ကျေးရွာသားတွေရဲ့ ပြောကြားချက်အရ ရွာ ၃ ရွာမှာ ကျွဲနွား ၄၀ ရာခိုင်နှုန်း မုန်တိုင်းအတွင်း ဆုံးရှုံးပြီး ကျန်တဲ့ ကျွဲနွားတွေကလည်း အအေးမိတာနဲ့ အစာနဲ့ရေ မရှိလို့ သေလုနီးပါးဖြစ်နေပြီ” ဟုလည်း သူပြောသည်။
မုန်တိုင်းဒဏ်ခံဒေသများသည် စစ်ကောင်စီထံမှ မည်သည့် အကူအညီမျှ မရသောကြောင့် ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များတွင် အခြေအနေ ဆက်လက်ဆိုးရွားနေသည်။
သရက်ချောင်း၊ အလယ်ရွာ၊ ရွာမနှင့် သဲကုန်းကျေးရွာများမှ ရေတွင်းများသို့ ပင်လယ်ရေများ ဝင်ကုန်သည်။
ယခုအခါကျေးရွာများသည် ပတ်ဝန်းကျင်ရွာများမှ ရေသယ်ယူနေရပြီး ကျွဲနွားများအတွက် ရေမလုံလောက်ပေ။
“ကျနော်တို့အတွက်ကော ကျွဲနွားတွေအတွက်ပါ ရေမရှိဘူး။ ရေငတ်လို့ ကျွဲနွားတွေသေတော့မယ်” ဟု ရွာသား တဦး ပြောသည်။
အနီးရှိ စစ်ကိုင်းနှင့် မကွေးတိုင်းများမှ လယ်ယာလူမှုအသိုက်အဝန်းများလည်း မိုခါမုန်တိုင်းကြောင့် ထိခိုက်ကြသည်။
စစ်ကိုင်းနှင့် မကွေးတိုင်းများမှ မြို့နယ် ၉ ခုတွင်လည်း ကျွဲနွား ၂၃၀၀ ကျော် မုန်တိုင်းကြောင့် သေဆံးသည်ဟု စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရက သောကြာနေ့တွင် ပြောသည်။
You may also like these stories:
ရခိုင်တွင် ကုန်စျေးနှုန်းတွေတက်၊ အမိုးအကာရရှိရေး အခက်အခဲဖြစ်နေ
ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု
မုန်တိုင်းဒဏ်သင့် မြောက်ဦး၌ ရေသန့်နှင့်အမိုးအကာများ အရေးပေါ်လို
မုန်တိုင်းကြောင့် မကွေးတိုင်းတွင် နှမ်းခင်းများ ပျက်စီး