၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၁၆ ဦးသည် ထောင်အတွင်း သို့မဟုတ် တိမ်းရှောင်နေစဉ် သေဆုံးကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ပြောကြားလိုက်သည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသော ကိုယ်စားလှယ်များ လွှတ်တော်သစ် ခေါ်ယူဖွင့်လှစ်ရန် ပြင်ဆင်နေစဉ် နံနက်စောစောတွင် အာဏာသိမ်းခဲ့သည်။ ထိုရွေးကောက်ပွဲရလဒ်များကိုလည်း စစ်ကောင်စီက ပယ်ဖျက်ခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မထမ်းဆောင်ရဘဲ ဖမ်းဆီးခံရ သို့မဟုတ် ပုန်းအောင်းကာ သို့မဟုတ် မဲဆန္ဒရှင် သန်းပေါင်းများစွာ၏ ဆန္ဒကို လျစ်လျူရှုသော စစ်ကောင်စီကို တော်လှန်ဆန့်ကျင်ကြသည်။
အာဏာသိမ်းပြီး ဖျက်သိမ်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည် CRPH က သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၁ ဦး ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ၈၇ ဦး အဖမ်းခံရပြီး ၎င်းတို့အနက် အနည်းဆုံး ၈၈ ဦးသည် ထောင်အတွင်းတွင် ရှိနေသေးကြောင်း ဖေါ်ပြသည်။
ဖမ်းဆီးခံရသည့် လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါးသည် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို နိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှဖြစ်သည်။
စစ်ကောင်စီသည် NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များကို စနစ်တကျ ပစ်မှတ်ထားပြီး ဖမ်းဆီးမှုများ၊ အကြမ်းဖက်မှုများနှင့် ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို ဖျက်ဆီးရန် ကြိုးစားသည်။
ထိုသို့ ဖမ်းဆီးခံရသူများတွင် ပဲခူးမြို့နယ်ပါတီ ဥက္ကဌ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဦးညွှန်ရွှေသည် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ထောင်တွင်း၌ ကိုဗစ်နိုင်တင်း ဖြစ်ပြီး လုံလောက်သော ဆေးကုသမှု မရသောကြောင့် သေဆုံးရကြောင်း CRPH က ဆိုသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို လွန်ခဲ့သောနှစ် ဇူလိုင်လတွင် စစ်ကောင်စီတပ်များက ဖမ်းဆီးညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။
NLD အစိုးရ တနင်္သာရီတိုင်း စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်ဆန်း ထိုင်းနိုင်ငံတွင် တိမ်းရှောင်နေစဉ် ဗုဒ္ဓဟူးနေ့က ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သည်။ သူသည် ၂၀၂၀ ခုနှစ် တနင်္သာရီတိုင်းလွှတ်တော်အတွက် ရွေးကောက်ခံရသူ လည်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူ ၅ ဦးနှင့် ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ၉ ဦး ပုန်းအောင်းနေစဉ် လုံလောက်သော ဆေးဝါးကုသမှု မရရှိသောကြောင့် သေဆုံးသည်ဟု CRPH က ဖေါ်ပြသည်။
စစ်ကောင်စီသည် NLD လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဖြူဖြူသင်းနှင့် အခြားထင်ရှားသော ခုခံတော်လှန်ရေး ခေါင်းဆောင်များကို နိုင်ငံသားဖြစ်ခွင့် ရုတ်သိမ်းခဲ့သည်။
ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်နှင့် ဦးလွင်ကိုလတ်တို့သည် အမျိုးသား ညီညွတ်ရေး အစိုးရတွင် ဝန်ကြီး တာဝန် ထမ်းဆောင်သူများဖြစ်သည်။
စစ်ကောင်စီအောက်တွင် ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေအကြံဉာဏ် ရယူခွင့်၊ အများပြည်သူရှေ့တွင် ကြားနာစစ်ဆေးခံခွင့်၊ ထောင်တွင်းတွင် မိသားစုနှင့် တွေ့ဆုံခွင့် စသည့် အခွင့်အရေးများအား အများအားဖြင့် ဆုံးရှုံးရကြောင်းလည်း CRPH က ဖေါ်ပြသည်။
ထို့အပြင် စစ်ကောင်စီသည် ဖမ်းဆီးထားသူများကို ညှင်းပမ်းနှိပ်စက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေမျိုးများကို ဓားစာခံအဖြစ် ဖမ်းဆီးကာ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို သိမ်းယူကြောင်းလည်း ဖေါ်ပြထားသည်။
“ထိုသို့သော လုပ်ရပ်များဖြင့် စစ်ကောင်စီသည် ရွေးကောက်ခံကိုယ်စားလှယ်များအပေါ် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖေါက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်”ဟု CRPH က ဖေါ်ပြသည်။
You may also like these stories:
စစ်အာဏာသိမ်း ခေတ်ဆိုးကြီးထဲက သတင်းသမားများ
ကန်ဂျီနာဂါအိ၏ နောက်ဆုံးဓာတ်ပုံများ ထုတ်ပြန်
အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ
ပဲခူးတိုင်းတွင် အမျိုးသမီးနှင့် ကလေးငယ်များ အစုလိုက်အပြုံလိုက် သတ်ခံရ
ဒေါက်တာဇော်မြင့်မောင် မိသားစုပိုင်အိမ်ဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်