စစ်ကောင်စီက စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်တွင် စစ်ကြောင်းများအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ဆက်တိုက်လုပ် နေသဖြင့် စစ်ရှောင် ငါးသောင်းကျော်အထိ မြင့်လာသလို နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်နေရသည့် ရွာများမှာလည်း ၃၀ ကျော်အထိ ရှိလာကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှသိရသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “စစ်ကြောင်းဆက်တိုက်ထိုးနေတာရယ်၊ ရွာတွေကို မီးရှို့ဖျက်ဆီးခံနေရတာတွေအပြင် ပျူစောထီးတွေရဲ့ ရန်ကို ကြောက်တာတွေကြောင့်ရယ်၊ တိုက်ပွဲဖြစ်တာတွေကြောင့်လည်း နေရပ်ခွာပြီး ဘေးလွတ်ရာကို ရှောင်ကြရတာ၊ စစ်ရှောင်တွေကတော့ ဆက်တိုက် မြင့်တက်နေတာပါပဲ၊ အဓိကတော့ စစ်ကြောင်းထိုးတာကြောင့် ရွာအတွင်း ပြန်မဝင်နိုင်ဘဲ အမြဲတမ်းစစ်ရှောင်ရွာတွေ ဖြစ်သွားကြတာ”ဟု ပြောသည်။
ထိုသို့ များပြားလာသည့် စစ်ရှောင်များအတွက် အဓိကကျသည့် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြေခံသုံး ဆေးဝါးများ လိုအပ်ချက် မြင့်မားလာသည့်အပြင် မြွေဆိပ်ဖြေဆေးကဲ့သို့သော အရေးပေါ်ကုသရာ၌ သုံးစွဲရသည့် ဆေးဝါးများလည်း လိုအပ်နေကြာင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်းသို့ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ဖောင်းပြင်မြို့ အခြေစိုက် ခမရ ၃၆၈၊ ကလေးမြို့ အခြေစိုက် ခမရ ၃၆၁၊ ကန့်ဘလူအခြေစိုက် အမြောက်တပ်ခွဲ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ မချမ်းဘောအခြေစိုက် ခလရ ၁၃၇၊ အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံတပ်ရင်းများနှင့် နယ်မြေခံ ပျူစောထီး များ ပူးပေါင်း၍ စစ်ကြောင်း ၄ ခုဖြင့် ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထန်းကုန်းတိုက်နယ်မှ စစ်ဘေးရှောင်ကူညီနေသူတဦးက “လက်ရှိမှာကို စစ်ကြောင်း ၄ ကြောင်းနဲ့ ဆက်တိုက် စစ်ကြောင်း ထိုးနေတာ၊ အရင်ကတော့ စစ်ကြောင်းလာရင် ရှောင်၊ ပြန် ထွက်ရင် ရွာတွေကို ပြန်ဝင်ပေါ့။ အခုက အိမ်ပြန်ချင်ပေမယ့် ပြန်ဖို့မလွယ်သေးတာရယ်၊ အချို့ဆိုရင် နေစရာ မရှိတော့တာတွေကြောင့် အခက်အခဲတွေ ဖြစ်နေကြတယ်”ဟု ပြောသည်။
ကန့်ဘလူခရိုင်အတွင်းရှိ ထန်းကုန်းတိုက်နယ်မှ သရက်ခေါင်း၊ တင်ကုတ်ကြီး၊ သိုးဘိုး၊ ချင်မြစ်ကျင်း၊ ဖလံချိုင်၊ ညောင်ဇင်၊ အင်းလယ်ကြီး၊ ဉာဏ်အင်း၊ ကိုးတောင်ဘို့တိုက်နယ်မှ ဇီးကနား၊ လျှော်ဖြူကုန်း၊ နှောကုန်း၊ ဂုံညှင်းလျှို၊ ကျခတ်အိုက်၊ ကိုင်းမ၊ သျှားချောင်း၊ မိသလ္လင်ကုန်း၊ ကိုးတောင်ဘို့၊ ပေါက်ကုန်း၊ ဇော်ချောင်း၊ အလယ်ခုံကျေးရွာ၊ ချပ်သင်း တိုက်နယ်မှ ချပ်သင်း၊ ချပ်ကြီး၊ ပုဏ္ဏားကြီး၊ ပုဏ္ဏားငယ်၊ လေးတွင်းစဉ်၊ ပင့်သာတိုက်နယ်မှ ပင့်သာ၊ ချောင်းခြား၊ မကျီးကုန်းကျေးရွာ၊ ဇီးကုန်းတိုက်နယ်မှ ရေကြည်ဦးကျေးရွာ၊ မလည်တိုက်နယ်မှ ပဇီကြီး စသည့် ကျေးရွာများမှာ ယနေ့အထိ ကျေးရွာများ အတွင်း ပြန်ဝင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါကျေးရွာများမှ စစ်ဘေးရှောင်များသည် နီးစပ်ရာတောအရပ်များ၊ ဘေးလွတ်သည့်ကျေးရွာများမှ ဘုန်းတော်ကြီး ကျောင်းများ၊ တောတိုက်များတွင် ယာယီတဲထိုးများ ထိုးကာ နေထိုင်လျက်ရှိပြီး စစ်ရှောင် ငါးသောင်းကျော်အနက် နေရပ်သို့ ပြန်မဝင်နိုင်သည့် စစ်ဘေးရှောင်ဦးရေ တသောင်းကျော်ထိ ရှိကြောင်း သိရသည်။
ကိုးတောင်ဘို့ကျေးရွာမှ စစ်ရှောင်တဦးက “ရွာကနေ ထွက်ပြေးလာတာတာ ၇ လကျော် သွားပြီ၊ ရွာမှာ အိမ်က မီးလောင် သွားလို့ ပြန်နေလို့ မရတော့ဘူး၊ တောတိုက်ထဲမှာ အဆင်ပြေသလိုပဲ နေနေရတာပေါ့၊ မိသားစုက ၆ ယောက် ရှိတယ်၊ အလုပ်တွေလည်း လုပ်လို့မရတော့ ဝင်ငွေ မရှိတာလည်း ကြာပြီ၊ စားဖို့တောင် အနိုင်နိုင်ဖြေရှင်းနေရတာ၊ ကူညီထောက်ပံ့ ပေးတာလေးတွေနဲ့ပဲ အချင်းချင်း ရှိတာလေးတွေကို ဝေမျှစားသောက်နေကြရတာပေါ့”ဟု ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များကို ယခင်က နယ်မြေခံလူမှုရေးအဖွဲ့များနှင့် ဘေးလွတ်သည့်ကျေးရွာများက ပုံမှန်လှူဒါန်းပေးနေသော်လည်း ယခုအခါ ယင်းကျေးရွာများဘက်သို့ပါ စစ်ကြောင်းများ ထိုးလာခြင်းကြောင့် စားနပ်ရိက္ခာ လိုအပ်ချက်များပါ ရှိလာနေကြောင်းလည်း သိရသည်။
ချပ်သင်းကျေးရွာမှ စစ်ရှောင်တဦးကလည်း “ရွာပြန်ရင် စစ်တပ်နဲ့ ပျူတွေ ဖမ်းခံရမှာလည်း ကြောက်တယ်၊ ဒီမှာက အနေ အစား ဆင်းရဲတော့ ကိုယ့်အိမ်ကို ပြန်ချင်တာပေါ့၊ ကြာပြီလေ ထွက်လာတာ၊ အိမ်တွေလည်း သူတို့တွေ မီးရှို့ ဖျက်ဆီး လိုက်လို့ ပြာပုံပဲ ကျန်တော့တယ်၊ လောလောဆယ်မှာတော့ မိသားစု ၁၀ စု ၁၅ စုလောက် စုပြီးတော့ ယာယီတဲတွေနဲ့ပဲ နေရတာပေါ့၊ ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူရတာပဲလေ၊ အခုလိုအချိန်မှာ ဘယ်သူက ကာကွယ်ပေးမှာလဲ”ဟု ပြော သည်။
ထို့အပြင် ဒေသခံများ ပြန်နေထိုင်၍ မရနိုင်တော့သည့် ရွာပေါင်း ၂၄ ရွာထိ ရှိလာပြီဖြစ်သလို ဇီးကုန်းတိုက်နယ် အတွင်းရှိ ရွာများအား ခမရ ၃၆၈ စစ်ကြောင်းမှ မေလ ၁၈ ရက်က မီးရှို့ခြင်းကြောင့် မကျီးကုန်းကျေးရွာမှ နေအိမ် ၁၄ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ မေလ ၁၉ ရက်နေ့တွင် ဆူးတပ်ကျေးရွာအား ဒုတိယအကြိမ် ဝင်ရောက်၍ ထပ်မံမီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ နေအိမ် ၂၀ လုံး ပျက်စီးခဲ့ရသလို မေလ ၂၀ ရက်နေ့တွင် ဖုတ်ကုန်းကျေးရွာအား စီးနင်းမီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆူးတပ်ကျေးရွာသည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလက ပထမအကြိမ် မီးရှို့ခံထားရပြီး နေအိမ် ၅၆ လုံးမီးလောင်ခဲ့ကာ ယခုအခါ ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက တအိမ်တက် တအိမ်ဆင်း မွှေနှောက်ကာ အဖိုးတန်ရွှေ၊ ငွေနှင့် တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
ထို့အတူ မေလ ၁၉ ရက်နေ့ကလည်း ဇီးကုန်းတိုက်နယ်အတွင်းရှိ ဘုတ်ကုန်းရွာတွင် ၂ ရက်ခန့် ယာယီတပ်စွဲထားသည့် အင်အား ၁၅၀ ခန့်ပါ ခမရ ၃၆၈ စစ်ကြောင်းနှင့် Underground Warriors ၊ မြေပြင်လှုပ်ရှားညီနောင်များအဖွဲ့ ၊ MPF-U18၊ လင်းယုန်နီ၊ နယ်မြေခံ ပ က ဖ အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့များက ဘုတ်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အထိနာခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘုတ်ကုန်းကျေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ခမရ ၃၆၁နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် မေလ ၂၁ ရက်နေ့က ကန့်ဘလူမြို့အရှေ့ဘက်ခြမ်း ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းဘေးရှိ စံပယ်နံ့သာအုပ်စု ပစ်တိုင်းထောင်ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သလို ခမရ ၃၆၈နှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်းက ဘုတ်ကုန်းကျေးရွာအား ထပ်မံ မီးရှို့ခဲ့ကြာင်း သိရသည်။
ယခုအခါ ခမရ ၃၆၈ စစ်ကြောင်းသည် ကန့်ဘလူရှိ အမြောက်တပ်ခွဲသို့ ပြန်လည်ဝင်ရောက်သွားပြီး၊ ခမရ ၃၆၈ စစ်ကြောင်းသည် မေလ ၂၁ ရက်နေ့မှ စတင်ကာ ဖုတ်ကုန်းကျေးရွာသို့ ဝင်ရောက်တပ်စွဲထားသလို မင်းရွာတောကျေး ရွာဘက်သို့လည်း စစ်ကြောင်းခွဲ၍ ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယခုလပိုင်းအတွင်း ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်၊ထန်းကုန်းစံပြကျေးရွာနှင့် ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာများ အတွင်းရှိ ဒေသခံများအား ပျူစောထီးသင်တန်း မဖြစ်မနေတက်ရောက်ရန် ဖိအားပေး ခိုင်းစေမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
ကန့်ဘလူ ဒေသခံဖုန်းများအား ပျူစောထီးအဖွဲ့များ အဓမ္မသိမ်းယူနေ
ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ
တိုက်ပွဲမပြတ်တဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်များ ခက်ခဲကျပ်တည်းလာ