မဲဆောက်တွင် လုံခြုံရေး တင်းကျပ်၊ ဖမ်းဆီးမှု ဆက်တိုက်လုပ်နေ
ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ယခုရက်ပိုင်း မြို့တွင်းနေရာများတွင် ဂိတ်ချ စစ်ဆေးနေသလို မြန်မာလုပ်သားအများအပြား ရှိသည့် စက်ရုံအလုပ်ရုံများအတွင်း ပိုက်စိပ်တိုက် စစ်ဆေးမှုများ လုပ်နေကြောင်း သိရသည်။
မဲဆောက်မြို့အတွင်း မေလ ၂၂ ရက်နေ့မှစတင်၍ ထိုင်း နယ်မြေခံရဲတပ်ဖွဲ့ ၊ နယ်ခြားစောင့်တပ် ၊ ယာဉ်ထိန်းရဲနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများမှ လမ်းများပေါ်တွင် ဂိတ်ချ၍ ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသလို စက်ရုံငယ်များရှိသည့် နေရာများသို့လည်း ဝင်ရောက် စစ်ဆေး လျှက်ရှိကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
၎င်းက “ဂိတ်ချစစ်ဆေးတာတွေရှိသလို ဂိတ်ချထားတာ မဟုတ်ပေမယ့် ပတ္တရောင်ကားတွေ ပို ပတ်ပြီးတော့ မသင်္ကာရင် မသင်္ကာသလို ခေါ်ယူ စစ်ဆေးမေးမြန်းပြီး လိုအပ်သလို အရေးယူတယ်။ များသောအားဖြင့် အကျင့်ပျက်ရဲတွေက ငွေတောင်းခံတယ်။ မြန်မာနိုင်ငံသားတွေကို ငွေထုတ်စက်တွေလို သဘောထားပြီး ငွေတောင်းခံတာ များတယ်။ လုံခြုံရေးကို အကြောင်းပြုပြီးတော့။ အချုပ်ထဲ ရောက်သွားတဲ့လူတွေလည်း တော်တော်များတယ်” ဟု ပြောသည်။
ထိုကဲ့သို့ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းမှာ ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲအတွင်း လုံခြုံရေးအခြေအနေနှင့် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ မာလွေ လုံးချင်းအိမ်ရာဝင်းအတွင်း လက်နက်နှင့် ဆက်စပ်ပစ္စည်း အစိတ်အပိုင်းများကို သိမ်းဆည်းမိခဲ့ကာ မြန်မာ အမျိုးသမီး ၁ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ဖမ်းဆီးရမိခြင်းနှင့် ဆက်စပ်၍ ယခုကဲ့သို့ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲကာလဖြစ်သော မေလ ၁၁ရက်မှ ၁၇ ရက်နေ့အတွင်း လုံခြုံရေးအရ စစ်ဆေးမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ပိုက်စိတ်တိုက် စစ်ဆေးခြင်းမျိုး မရှိခဲ့ဘဲ ယခုကဲ့သို့ လက်နက်များ သိမ်းဆည်းမိခြင်းကြောင့် စစ်ဆေးမှုများကို ပိုမိုတင်းကျပ်စွာဖြင့် အရှိန်မြှင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
စက်ရုံငယ်များရှိသည့် နေရာများကို ရှောင်တခင်စစ်ဆေးခဲ့ခြင်းကြောင့် မဲဆောက်၌ ယမန်နေ့ (မေ ၂၂ ရက်) တရက် တည်းတွင် အထောက်အထား မပြည့်စုံသည့် မြန်မာလုပ်သား ၇၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားရေးဆောင်ရွက်နေသူများထံမှ သိရသည်။
အဆိုပါစီမံချက်ကို မေလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး နွေဦးတော်လှန်ရေးကြောင့် မဲဆောက်တွင် လာရောက်ခိုလှုံနေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် အထူး သတိထားကြရန်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှား သူများ က သတိပေးထားသည်။
မဲဆောက်တွင် နေထိုင်သူတဦးက “မြန်မာ အလုပ်သမားတန်းလျားတွေ၊ နှစ်ထပ်ဆောင်တွေ သတိထားနေရမှာ။ တချို့တွေ အိမ်တွေထဲအထိ ဝင်တယ်။ ဈေးနားတွေမှာလည်း ဖမ်းနေတယ်” ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသူတချို့တဝက်ကို လဝကရုံးများတွင် တဦးလျှင် ဘတ် ၅ထောင်ဖြင့် အလုပ်ရှင်သူဌေးမှ သွားရောက် ထုတ်ယူရကြောင်း ဖမ်းဆီးခံရသူအလုပ်သမားများနှင့် ဆက်စပ်သူများက ဆိုသည်။
ဦးမိုးကြိုးက ဆက်လက်၍ “မဲဆောက် တောင်ဘက် ၊ အရှေ့တောင် ၊ မြောက်ဘက်တွေမှာ ဂိတ်ချစစ်ဆေးတဲ့အခါမှာ မနက်တပိုင်းလေးတင်ကို မြန်မာနိုင်ငံသား ၇၀လောက် အဖမ်းခံရတယ်။ တရက်တည်းပဲ။ အဲဒီလူတွေကတော့ ထိုင်းဥပဒေအရ အချုပ်ထဲထောင်ထဲမှာ မနေချင်ရင် တရက်ကို ဘတ် ၅၀၀ ပေးရင် လွတ်မယ်။ မပေးနိုင်ရင် တလခွဲ (၄၅ ရက်) အချုပ်ထဲ နေကြရမှာ” ဟု ပြောသည်။
ယင်းကဲ့သို့ စီမံချက်ဖြင့် အစစ်အဆေးများ တင်းကျပ်နေခြင်းကြောင့် အထောက်အထားမရှိသော မြန်မာရွှေ့ပြောင်း လုပ်သားများကို ခန့်ထားသည့် စက်ရုံငယ်အချို့မှာ စက်ရုံပိတ်ကာ အလုပ်သမားများကို နေရပ်သို့ ပြန်လွှတ်လိုက် ကြောင်း မဲဆောက်ဒေသခံတဦးက ပြောသည်။
ထို့အပြင် မေလ ၁ ရက်နေ့ကလည်း ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်-အုန်းဖန် ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသည့် မြန်မာလူငယ် ၂ဦးအား သေနတ် ၂လက်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ မသူဇာ က “ကိုယ်ရောက်ရှိနေတဲ့နေရာမှာ အသိ သတိ ကပ်ပြီး တော့ သွားတာ၊လာတာ နေတာထိုင်တာတွေ သတိထားကြဖို့ ၊ တခါတလေကျရင် ကိုယ်တိုင်မသိဘဲ ကြားညှပ် ပြီး ပါသွားတာတွေကိုလည်း သတိထားဖို့လိုတယ်။ သူတို့နိုင်ငံရဲ့ စည်းမျဉ်းဥပဒေတွေကို လေ့လာထားဖို့လိုတယ်။ အထောက်အထားလုပ်ပေးတဲ့ စီမံကိန်းအသစ်က မရောက်လာသေးဘူးဆိုရင် အပြင်ထွက်တာတွေ လူစုလူဝေး လုပ်တာတွေကို သတိထားရမယ့် အချိန်ဖြစ်တယ်” ဟု ပြောသည်။
မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ယခုရက်ပိုင်းအတွင်း အသွားအလာ ၊ အနေအထိုင် ဆင်ခြင်ကြရန်နှင့် နိုင်ငံရေးဖြင့် လာရောက်ခိုလှုံသူများအနေဖြင့်လည်း တော်လှန်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ဆင်ခြင်ကြရန် အလုပ်သမားရေးဆောင်ရွက်သူများက သတိပေးသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာလူမျိုး ၂ သိန်းကျော်ခန့် နေထိုင်လျက်ရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီထံမှ သိရသည်။
You may also like these stories:
APEC အစည်းအဝေးကာလ ထိုင်းရောက် မြန်မာများကို လုံခြုံရေးသတိပေး
မဲဆောက် စက်ရုံတချို့ ရှောင်တခင်စစ်ဆေး မြန်မာ၁၈ဦးခန့် ဖမ်းဆီးခံရ