စစ်ကိုင်းမြို့မှ ၁၂မိုင်ခန့်ကွာသည့် ပဒူတိုက်နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ၃ ကြိမ်ပစ်သဖြင့် ရွာတွင်းရှိ အိမ်များ မီးလောင်ခဲ့သလို စစ်ကြောင်းများဝင်လာပြီး မီးရှို့ဖျက်ဆီးကြကြောင်း ဒေသခံများက ဆိုသည်။
ပဒူရွာသည် အိမ်ခြေ ၁၅၀၀ ခန့်ရှိသော တိုက်နယ်ရွာကြီးဖြစ်ပြီး ယမန်နေ့ မနက် ၉ နာရီခန့်တွင် ပြည်သူကာကွယ်ရေး တပ်များက ရဲစခန်းကို ဝင်ရောက်စီးနင်းကာ အချုပ်ဆောင်ကို မီးရှို့ခဲ့ကြောင်း၊ တိုက်ပွဲမှာ ညနေပိုင်းအထိ ဖြစ်ပွားခဲ့ပြီး လေကြောင်းမှ တိုက်သဖြင့် စခန်းမှ ဆုတ်ခဲ့ရကြောင်း 96 Soldiers-PDF အညာဒေသတပ်ခွဲ တာဝန်ခံ ကိုဇေယျာလွင် က ဧရာဝတီကို ပြောသည်။
“တနေ့လုံးမှာ လေယာဉ် ၃ ကြိမ်လာတယ်။ ညနေပိုင်းမှာ လူဖြည့်တဲ့လေယာဉ်ပါလာလို့ ကျနော်တို့ စခန်းသိမ်း တိုက်ပွဲအောင်မြင်ခါနီးကနေ ပြန်ဆုတ်လိုက်ရတယ်။ ညနေပိုင်းမှာ စခန်းထဲကို ရောက်နေပြီ။ အချုပ်ဆောင်ကို မီးရှို့ လိုက်တယ်။ နှစ်ထပ်တိုက်ဆောင်ကျန်နေတာ။ အဲဒီထဲကနေ သူတို့ ပြန်လည်ပစ်ခတ်နေချိန် လေယာဉ်ရောက်လာလို့ ပြန်ဆုတ်ခွာခဲ့ရတယ်။ စခန်းသိမ်းနိုင်ဖို့က လက်တကမ်းပဲ လိုတော့တယ်” ဟု ဆိုသည်။
အဆိုပါတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သော် လည်း အရေအတွက်အတိအကျကိုမူ အတည်မပြုနိုင်သေးကြောင်း 96 Soldiers-PDF ထံမှ သိရသည်။
ထို့ပြင် မေလ ၁၉ ရက်က စစ်ကိုင်းမြို့မှ ပဒူရွာဘက်သို့ ထွက်လာသည့် အင်အား ၄၀ခန့်ရှိ တပ်မ ၃၃ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သလို ၂၁ရက်တွင် အင်အား ၁၀၀ ဖြင့် ထပ်မံစစ်ကြောင်း ထိုးလာသော ကြောင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းမှ တာဝန်ခံက “၂၁ ရက်နေ့က စစ်ကြောင်းနှစ်ကြောင်း ခွဲလာတာကို ကျနော်တို့က လည်း ခွဲတိုက်နေတဲ့အချိန်မှာ ပဒူရဲစခန်းမှာရှိတဲ့အဖွဲ့ နောက်ပိုးပစ်ပေးလို့ အဲဒီစစ်ကြောင်းက ပဒူစခန်းထဲအထိ ဝင်နိုင် တာ။ မဟုတ်ရင် စခန်းထဲထိ ဝင်နိုင်ဖို့မရှိဘူး” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပဒူရွာအပြင် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ စာရေးအရှေ့ရွာ၊ စာရေးအနောက်ရွာ၊ ရွာသစ်ရွာ၊ ကျောက်ပနန်၊ ကံကြီးကုန်း၊ ခက်ခအရှေ့ရွာ၊ ခက်ခအနောက်ရွာ စသည့် ရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မေ ၂၁ ရက် ဝင်လာသော စစ်ကြောင်းရန်မှလွတ်ရန် ထွက်ပြေးသည့် ဒေသခံများ စီးနင်းလာသည့် ကား ၁ စီး တိမ်း မှောက် ရာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးသည့်အပြင် ၂၂ ရက်ကလည်း ခက်ခအရှေ့ရွာမှ သားအမိ ၂ ဦး ဘုရားဝင်ထဲ ယာယီခိုလှုံနေစဉ် အုတ်တံတိုင်းပြိုလဲကာ ပိမိပြီး ၅ နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
ပဒူရွာဒေသခံတဦးက “ခက်ခရွာကို ရှောင်နေတဲ့အချိန် နောက်နေ့မှာ ပဒူကို စစ်ကြောင်းဝင်လာတော့ ဒီဘက်လည်း လာနိုင်လောက်တယ်လို့ယူဆပြီး တခြားတရွာကို ပြောင်းမယ်ဆိုပြီး ပြောင်းတဲ့အချိန်မှာ ကားမှောက်တာ” ဟု ပြောသည်။
You may also like these stories :
ကန့်ဘလူခရိုင်တွင် စစ်ရှောင်ဦးရေ ငါးသောင်းကျော်အထိ မြင့်လာ
စစ်ကိုင်းတွင် မုန်တိုင်းကြောင့် စစ်ရှောင် ယာယီတဲများနှင့် စိုက်ခင်းများ ပျက်စီး
ကန့်ဘလူ ဒေသခံဖုန်းများအား ပျူစောထီးအဖွဲ့များ အဓမ္မသိမ်းယူနေ
PDF များကို ဆုကြေးငွေနှင့် မက်လုံးပေးစည်းရုံးမှု စစ်ကောင်စီ လုပ်ဆောင်လာ