သတင်း

မြင်းခြံထောင်မှ ခေါ်ထုတ်သွားသည့် နိုင်/ကျဉ်းများ၏ အသက်အန္တရာယ် စိုးရိမ်နေရ

မန္တလေးတိုင်း မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထောင်တွင်းမှ ခေါ်ထုတ်သွားပြီး ပြန်ပို့ဆောင်ခြင်း မရှိသေးသလို အစာငတ်ခံဆန္ဒပြမှုများလည်း ထောင်တွင်းဖြစ်ပေါ်နေကြောင်း မြင်းခြံထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

၎င်းနိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်မှာ စိုးရိမ်နေရပြီး ကျန်ရှိ နိုင်/ကျဉ်းများက အိပ်ဆောင်မှူး ထောင်ဝန်ထမ်းထံ သွားရောက်မေးမြန်းရာ မသိရှိဟုသာ ဖြေကြားခဲ့ပြီး ထောင်ပိုင်ထံတင်ပြမေးမြန်းရန် တောင်းဆိုမှုအပေါ်လည်း အကြောင်းပြန်ခြင်း မရှိကြောင်း၊ ထို့အတွက် ထောင်တွင်းသတင်းများအား အဆက်မပြတ် နားစွင့်၍ ဝန်းရံပေးကြရန် နိုင်ငံရေး အကျဉ်းသားများက မေတ္တာ ရပ်ခံထားကြောင်းလည်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီနှင့် မုံရွာလူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီများက အသိပေး သတင်းထုတ်ပြန်ထားသည်။

မြင်းခြံထောင်နှင့် နီးစပ်သည့် ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက “ကျနော်တို့ နောက်ဆုံးသိရတာကတော့ မြင်းခြံထောင်မှာ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်/ကျဉ်း ၁၂ ယောက်ကို စစ်တပ်က အကြောင်းပြချက်မရှိဘဲ ခေါ်ထုတ်သွားပြီး ရိုက်နှက်စစ် ဆေးတာတွေ လုပ်နေတယ်။ တဦးက သေဆုံးသွားပြီလို့ သိရပေမယ့် သတင်းတိတိကျကျသိရဖို့ စုံစမ်းနေဆဲပဲ။ အဲဒီလို အခြေအနေတွေကြောင့် နိုင်/ကျဉ်းတွေက ၂၂ ရက်ကစပြီး အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ သိရတယ်” ဟု ပြောသည်။

မေ ၂၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းခြံဗဟိုအကျဉ်းထောင် အိပ်ဆောင်ဝန်း ၂ ရှိ ကိုကျော်မင်းနိုင်နှင့် ကိုသက်မောင်မောင်အား ထောင်ဝန်ထမ်းများမှ လာရောက်ခေါ်ဆောင်သွားသလို ညပိုင်း ၁၀ နာရီခွဲခန့်တွင် ကိုကျော်မျိုး တင့်နှင့် ကိုဇော်ဇော်အောင်တို့အား ထပ်မံခေါ်ဆောင်သွားပြီး ည ၁၁ နာရီခန့်အချိန်၌ ကိုဥက္ကာကို ထပ်မံခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင် ကိုကျော်တင့်ဦး၊ ကိုအောင်မျိုးသန့်၊ ကိုကျော်ဇင်ဦး၊ ကိုစိုးရာဇာတို့ကို လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ခေါ်ဆောင်သွားသူများအနက် ကိုဥက္ကာအား ရိုက်နှက်စစ်ဆေးရာမှ သေဆုံးသွားကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

ကိုဥက္ကာမှာ မုံရွာဒေသခံတဦးဖြစ်ပြီး မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တဦးလည်း ဖြစ်သည်။

မေလ ၂၃ ရက်တွင်လည်း ကိုရဲမင်းထွေး(ခ) ကိုမင်းသွေး၊ ကိုဇော်လှိုင်းနှင့် ကိုကျော်စိုးတင့်တို့ ၃ ဦးကို ထပ်မံခေါ်ထုတ်သွားကြောင်း သိရသည်။

မြင်းခြံမြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက “ကိုဥက္ကာ ကျဆုံးသွားတယ်ဆိုတာ သတင်းထွက်လာပေမယ့် ဒီနေ့အထိ တော့ ရုပ်အလောင်း ထုတ်ပြတာမျိုး မရှိသေးဘူး။ အဓိက သူတို့ကို ဘာကြောင့် ခေါ်ထုတ်တယ်ဆိုတာကို မသိရသေးဘူး။ သူတို့အားလုံးက အမိန့်ချထားပြီး ထောင်ကျတွေဆိုတော့ နောက်ဆက်တွဲအမှုဆိုတာမျိုးလည်း ဆက်စပ်လို့မရနိုင်တော့ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့လည်း တောက်လျှောက်စုံစမ်းနေတယ်။ အားလုံးရဲ့ အသက်အန္တရာယ်တွေကို စိုးရိမ်နေရတယ်” ဟု ပြောသည်။

ထိုသို့ ခေါ်ထုတ်သွားသူများအနက် ကိုကျော်ဇင်ဦးဆိုသူသာ ထောင်တွင်း ပြန်လည်ရောက်ရှိလာပြီး ကျန်သူများမှာ မေလ ၂၃ ရက်နေ့ထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် နိုင်ငံရေးအကျဉ်းသားများက ထောင်မှပို့ဆောင်သည့် ထမင်းနှင့် ဟင်းများကို ငြင်းဆန်ကာ ဆန္ဒပြနေကြခြင်း ဖြစ်ကြောင်း သိရသည်။

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက “ခေါ်ထုတ်သွားသူတွေထဲက မြင်းခြံက ကျော်ဇင်ဦးကတော့ ၂၂ ရက်နေ့ ညနေမှာ ပြန်ရောက်လာတယ်လို့ သိရတယ်။ ဘာအကြောင်းကြောင့် ခေါ်ထုတ်သွားတယ်ဆိုတာ မပြောဘူး။ ကျန်တဲ့သူတွေအတွက် ထောင်သားတွေအားလုံးက စိုးရိမ်နေကြတယ်။ ရိုက်နှက်ပြီး စစ်ဆေးခံနေတယ်လို့ပဲ သိရတယ်။ ဘယ်နေရာမှာရှိနေကြပြီး ဘယ်လောက်ထိ နှိပ်စက်ခံနေကြရသလဲဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေသည့် မြင်းခြံအကျဉ်းထောင်တွင် မေလ ၂၂၊ ၂၃ ရက်များကလည်း အိပ်ဆောင်များအား တန်းဖွင့်ပေးခြင်းမရှိဘဲ သော့ခတ်ပိတ်လှောင်ထားကြောင်း၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက အုတ်ရိုးအတွင်း၌ တပ်စွဲထားပြီး လုံခြုံရေးကိုလည်း တင်းကျပ်ထားကြောင်း သိရသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူအား ဧရာဝတီက အကြိမ်ကြိမ်ဖုန်းခေါ် ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိပါ။

မန္တလေးမြို့မှ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေသူတဦးက “ကျနော်တို့ သတင်းကြားရတာကတော့ မြင်းခြံ ထောင်ထဲက နိုင်/ကျဉ်းတွေဆီမှာ ဖုန်းမိတယ်။ အဲဒီလိုကနေ ဝင်စစ်ပြီးတော့မှ အခုနိုင်/ကျဉ်းတွေကို စစ်ဆေးစရာရှိတယ် ဆိုပြီး ခေါ်ထုတ်သွားတာလို့ သိရတယ်။ ဒီနေ့ထိ ကြားနေရတဲ့ သတင်းတွေကတော့ မကောင်းဘူး” ဟု ပြောသည်။

အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြနေခြင်းကြောင့် ထောင်တွင်းလုံခြုံရေး တင်းကျပ်ထားသော်လည်း ထောင်ပြင်ပတွင်မူ ထောင်ဝင်စာများ ပုံမှန်အတိုင်း လက်ခံပေးနေသေးပြီး ပုံမှန်အခြေအနေ ရှိနေကြောင်း မြင်းခြံဒေသခံများထံမှ သိရသည်။

မြင်းခြံထောင်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ တောင်သာတို့မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ရှိနေပြီး မန္တလေးအိုးဘိုထောင်နှင့် မုံရွာ အကျဉ်းထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကိုလည်း ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း၌ မြင်းခြံထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၃ မေလ ၂၃ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ ၂၂,၆၃၅ ဦးအနက် ၆,၀၃၀ ဦး ထောင်ဒဏ်ချခံထားရသလို ၁၈,၃၁၅ ဦးထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း၊ ထို့ပြင် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ မျက်ကွယ်သေဒဏ်ချခံရသူ ၄၂ ဦး အပါအဝင် ၁၅၆ ဦးထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံရထားရသည့် သေဒဏ်ချခံရသူ ၁၁၄ ဦးထိ ရှိကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ နွေဦးတော် လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ၃,၅၆၇ ဦး ရှိကြောင်း သိရသည်။

You may also like these stories:

မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ခံနေရ

အင်းစိန်ထောင် ပေါက်ကွဲမှုအပြီး နိုင်/ကျဉ်းများ အငြိုးထားဖိနှိပ်ခံရ

မြင်းခြံတွင် NLD ပါတီဝင်နှင့် ဒေသခံ ၁၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

နာမည်ဆိုးနဲ့ ကျော်တဲ့ အိုးဘိုးထောင်

Loading