သတင်း

စာရေးဆရာဝေဟင်အောင်နှင့်အဖွဲ့အား ဖမ်းဆီးမှု၊ ကူညီကယ်ဆယ်ရေးကို ခြိမ်းခြောက်ရာ ရောက်

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တက်ကြွစွာ လုပ်နေသည့် စာရေးဆရာ ဝေဟင်အောင်နှင့် အဖွဲ့ဝင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခြင်းက ဒေသတွင်း ကယ်ဆယ်ရေးလုပ်နေသည့် အရပ်ဘက်အဖွဲ့ အစည်းများကို ခြိမ်းခြောက်မှု ဖြစ်ကြောင်း ဝေဖန်ပြောဆိုကြသည်။

စာရေးဆရာ ဝေဟင်အောင် အပါအဝင် ၅ ဦးကို ယမန်နေ့က စစ်တွေမြို့မှ ထွက်ခွာစဉ် စစ်ကောင်စီမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် စာရေးဆရာ ဝေဟင်အောင်၊ ၎င်း၏ သမီးနှင့် တပည့်ဖြစ်သူတို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန် ၂ ဦးကိုမူ တရားမဝင်ကြေညာထားခြင်းခံရသော သတင်းဌာနများနှင့် ဆက်သွယ်မှုများ ရှိနေသဖြင့် ဆက်လက် ဖမ်းဆီးစစ် ဆေးသွားမည်ဟု စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ(မြန်မာပိုင်း)သို့ ဖြေကြားထားသည်။

ထိုလုပ်ရပ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတခုမှ တာဝန်ရှိသူက “ ဒီလုပ်ရပ်က ဒေသတွင်းမှာ ကူညီ ကယ်ဆယ်ရေး လုပ်နေတဲ့ တခြား CSO(အရပ်ဘက်အဖွဲ့အစည်း) တွေကို ခြိမ်းခြောက်တဲ့ အနေအထား ဖြစ်ပါတယ်။ စစ်ကောင်စီက သူ့ဆီကပဲ အကူအညီတွေကို အားလုံးဆင်းသက်ရမယ်၊ တဆင့်သွားရမယ်ဆိုတဲ့ စီမံကိန်းရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်တွေမြို့ပေါ်ကဲ့သို နေရာတွင်သာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး ပြည်နယ်တွင်းရှိ မုန်တိုင်းဒဏ်သင့် တခြားမြို့နယ်များကို ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များကသာ လုပ်ဆောင် နေလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့မည်ဆိုပါက စစ်ကောင်စီ၏ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ထောက်ခံချက် တောင်းခံခိုင်းခြင်း၊ ရန်ကုန်- စစ်တွေလမ်းပိုင်းနှင့် စစ်တွေမှ တခြားမြို့နယ်များသို့ သွားရာလမ်းပိုင်းများတွင်လည်း စစ်ဆေးရေးဂိတ်များ ချ၍ ကန့်သတ်ထိန်းချုပ်နေကြောင်း စစ်တွေမြို့ အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“ တချို့ ကားတွေကို သူတို့ ပြန်လှည့်ခိုင်းတာတွေတောင်ရှိတယ်။ ရခိုင့်တပ်တော် AA က အခု မုန်တိုင်း သင့်ဒေသတွေမှာ သူတို့ထက် သာလွန်လုပ်နိုင်တဲ့ တချို့အပိုင်းလေးတွေ ရှိတယ်။ ဒါကို စစ်ကောင်စီက သူတို့လည်း ထိန်းချုပ်နိုင်တယ်ဆိုတဲ့ အကြောင်း ပါဝါပြချင်ပုံရတယ်။ အဲဒီတော့ အရပ်ဘက်အဖွဲ့အစည်းတွေက အရင်လို လွတ်လွတ်လပ်လပ် လုပ်မရတော့ဘဲ အခြေအနေ ကြည့်နေရတယ်” ဟု ၎င်းကဆိုသည်။

လတ်တလောတွင်လည်း ရခိုင်ပြည်နယ်အတွင်း ကမာ္ဘ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC တို့၏ ကူညီထောက်ပံ့မှု အနည်းငယ်သာ တွေ့ရသေးပြီး တခြားသော အဖွဲ့ အစည်းများ၏ အကူအညီများကို မတွေ့ရှိ ရသေးကြောင်း၊ ထိုသို့သော အခြေအနေတွင် ဒေသခံအရပ် ဘက်အဖွဲ့အစည်းများအပေါ် ကန့်သတ်ထားခြင်းသည် မုန်တိုင်းသင့်ပြည်သူများအတွက် အခက်အခဲများ ပိုဖြစ်လာစေမည်ဖြစ်ကြောင်း သူကပြောသည်။

ရခိုင့်တပ်တော် AA သည် မိုခါမုန်တိုင်း မတိုက်မီ ၎င်းတို့ ထိန်းချုပ်နိုင်သော ဒေသတချို့တွင် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခြင်း၊ အရေးပေါ်ရွေ့ပြောင်းခြင်းတို့ကို လုပ်ဆောင်ပေးခဲ့သလို မုန်တိုင်းဒဏ်ခံခဲ့ရသော မြောက်ဦးမြို့ အပါအဝင် မြို့နယ်တချို့ကို အပျက်အစီးများရှင်းလင်း လုပ်ဆောင်ခြင်းအပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေလျက်ရှိကြောင်း AA ထံမှသိရသည်။

“ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူတွေကို UlA/AA အနေနဲ့က ကျနော်တို့ တတ်နိုင်သလောက် စွမ်းအားရှိ သလောက် ကူညီကယ်ဆယ်ရေးတွေကို အဓိကထားလုပ်ဆောင်နေပါတယ်။ ပထမဆုံးကတော့ အမိုးအကာအောက်ကို ရောက်အောင် လုပ်ပေးနေတယ်။ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ယာယီနေလို့ရတဲ့ အိမ်တွေလည်း တည်ဆောက်ပေးနေပါတယ်” ဟု ရခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ထိုအခြေအနေတွင် စစ်ကောင်စီမှ နိုင်ငံတကာအဖွဲ့အစည်းများအား မုန်တိုင်း သင့်ဒေသများသို့ သွားရောက်ကာ လွတ်လပ်စွာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ခွင့် မပြုခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ကန့်သတ် ထိန်းချုပ်လာမှုများသည် နိုင်ငံရေးအမြတ်ထုတ်မှု တခုသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေး အဖွဲ့များက ဝေဖန်သည်။

Arakan CSO Network မှ တာဝန်ရှိသူတဦးကလည်း “ အခုလို အရေးပေါ် အခြေအနေမျိုးမှာ နိုင်ငံရေးအတွက် အသုံးချ နေမယ်၊ အမြတ်ထုတ်နေမယ်ဆိုရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဟာ တော်တော်လေး နှောင့်နှေး သွားနိုင်ပါတယ်။ အရေးပေါ်အကူအညီ လိုနေသူတွေအတွက်လည်း တော်တော်ဒုက္ခ ဖြစ်သွားနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများသော ရခိုင်ပြည်နယ်သို့ အကူအညီထောက်ပံ့များ ပို့ဆောင်နိုင်ရန် ယခုထက်ပိုပြီး တက်တက် ကြွကြွလုပ်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ အခု ရခိုင်ပြည်နယ်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတာ တော်တော်လေးကို နောက်ကျနေတဲ့ အခြေအနေမှာရှိပါတယ်။ အခက်အခဲ အရမ်းဖြစ်နေတဲ့ နေရာတွေက ပြည်သူတွေက ဒီအချိန်မှာ အကူအညီ မရဘူးဆိုရင် ဒီမိသားစုတွေဟာ လူမှုရေးအရရော၊ ကျန်းမာရေးအရရော ပိုပြီး ဆိုးရွားသွားမယ့် အခြေအနေတရပ်ကို ရောက်သွား နိုင်ပါတယ် ” သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ၊ ရသေ့တောင်နှင့် မောင်တောသို့ ဆက်သွယ်ထားသည့် အငူမော် ကားလမ်းဘေးတွင် တည်ရှိသော မုန်တိုင်းသင့်ကျေးရွာများတွင် လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ လာရောက်ပြီး ထိရောက်သော အကူအညီပေးမှု တစုံတရာ မရှိသေးဘဲ အရေးပေါ် အကူညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့သည် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး မုန်တိုင်းဗဟိုချက်ဖြစ်ခဲ့သော ရခိုင်ပြည်နယ်သည် အများဆုံးထိခိုက် ပျက်စီးခဲ့ရသည်။

ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar)၏ ခန့်မှန်းထားချက်အရ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် စုစုပေါင်းလူဦးရေ ၅ ဒဿမ ၄ သန်းကျော် ထိခိုက်ခံစားရနိုင်ပြီး အမိုးအကာ၊ ကျန်းမာရေး၊ အိမ်သုံးပစ္စည်းများ၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအကူအညီများ လိုအပ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာကလည်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသော ရခိုင်ပြည်နယ် အပါအဝင် ဒေသများသို့ အရပ်ဘက်အဖွဲ့အစည်းများ နှင့် နိုင်ငံတကာမှ လူသားချင်း စာနာထောက်မှု အကူအညီများ အမြန်ဆုံး ပေးနိုင်ရန်အတွက် သွားလာခွင့်နှင့် အဟန့်အတားမရှိ ပို့ဆောင်ခွင့်ပေးရန်လည်း စစ်ကောင်စီကို တောင်းဆိုထားကြသည်။

You may also like these stories:

မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား

ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်

ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ကျွဲနွား အများအပြား သေဆုံး

မုန်တိုင်းဒဏ်သင့် မြောက်ဦး၌ ရေသန့်နှင့်အမိုးအကာများ အရေးပေါ်လို

Loading