လယ်စိုက်ချင်လျှင် ခံဝန်ထိုးရမည်ဟု မော်တိတ်ဒေသခံများကို စစ်တပ် ခြိမ်းခြောက်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသရှိ တောင်သူလယ်သမားများအား ကျေးရွာအတွင်း လယ်ယာလုပ် ငန်းများ ပြန်လည်ဝင်ရောက်လုပ်ကိုင်လိုပါက စစ်ကောင်စီတပ်ထံ စာရင်းသွင်းပြီး ခံဝန်ထိုးရမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လခန့်မှစပြီး စစ်ကောင်စီတပ်များ တပ်စွဲခြင်း၊ စစ်ကြောင်းထိုးခြင်းတို့ကြောင့် လက်ရှိတပ်စွဲထားသည့် နန့်သာကျေးရွာ အပါအဝင် အောင်းကုန်း၊ တုံ့တော်၊ အင်ပင်၊ မော်တိတ်၊ ရွာသာယာရွာနှင့်ကျွန်းတော စသည့် ကျေးရွာ များမှ ဒေသခံ ၇,၀၀၀ ခန့်သည် အိုးအိမ်လယ်ယာများကိုပစ်ပြီး တောတောင်များထဲ ထွက်ပြေးခိုလှုံနေရခြင်း ဖြစ်သည်။
အင်းတော်မြို့နယ်သည် စစ်အုပ်ချုပ်ရေး (Martial Law) နယ်မြေအဖြစ် ကြေညာခံထားရသည့် မြို့နယ်တခုဖြစ်ပြီး ယခု အခါ အင်းတော်မြို့နယ်ထဲရှိ မော်တိတ်ဒေသမှ တောင်သူများအား စစ်အုပ်ချုပ်ရေးအမိန့်များကိုနာခံရန်၊ ပြည်သူ့ကာ ကွယ်ရေးတပ် (PDF)များနှင့် ပတ်သက်မှုမပြုရန် စသည်ဖြင့် ခံဝန်ကတိထိုးခိုင်းနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မော်တိတ်ဒေသခံ လယ်သမားတဦးက “အခု မိုးလည်းကျလာတော့ ကျနော်တို့ဒေသက လယ်လုပ်စားတဲ့အရပ်ဆို တော့ စကစ က လာလုပ်ရင် စာရင်းပေးရမယ်၊ မှတ်ပုံတင်ပေးရမယ်။ အဲဒီပုံစံမျိုး ပြောနေတယ်ဗျ။ လုပ်ချင်ပေမယ့် စိုးရိမ်မှုရှိကြတယ်။ ဘာလို့ဆို သံသယတွေနဲ့ သူတို့က ရိုက်နှက်တာ၊ သတ်တာတွေတောင် ရှိနေတော့ လယ်လုပ် ချင်ပေမယ့်လည်း မလုပ်ရဲလောက်အောင် ဖြစ်နေရတယ်။ လယ်ပြန်လုပ်ရင် ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် သတ်ခိုင်း လိုက်တာနဲ့ အတူတူပဲဗျ” ဟု ဧရာဝတီကို ပြောသည်။
မော်တိတ်ဒေသရှိ တောင်သူများမှာ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးခြင်းအပြင် ယခုလို မိုးဦးကျကာလ၌ စပါးစိုက်ပျိုးလေ့ရှိသော်လည်း ယခုနှစ် မြေပဲပေါ်ချိန်တွင် စစ်ကောင်စီတပ်များသည် ပဲကောက်မည်(ရိတ်သိမ်းမည်) ဆိုပါက ၎င်းတို့ထံ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများပြ၍ ခံဝန်လက်မှတ်ထိုးမှသာ ဝင်ရောက်ခွင့်ပေးသဖြင့် ဒေသခံ တောင်သူများ သီးနှံမခူးစွတ်ခဲ့ရသည့် အခြေအနေများလည်း ကြုံခဲ့ရကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ ပဲသိမ်းချိန်တုန်းကလည်း ပဲသိမ်းချင်ရင် လက်မှတ်ထိုးရတယ်။ အိမ်ထောင်စုတွေ၊ မှတ်ပုံတင်တွေပေးပြီးတော့မှ ကောက်ရတာရှိတယ်။ အခုလယ်လုပ်တာကိုလည်း အဲဒီလိုလုပ်ရမယ်လို့ ကြေညာထား တယ်။ အဲဒီလို လက်မှတ်ထိုးဝင်ရင်လည်း သူတို့က မသင်္ကာလို့ဆိုပြီး တမျိုးမဟုတ်တမျိုးနဲ့ လုပ်တာဗျ။ ရိုက်တာ၊ နှက် တာ၊ သတ်တဲ့အထိ လုပ်တယ်။ အဲဒါကြောင့် မပြန်ရဲကြဘူး” ဟု ပြောသည်။
ထိုသို့သောအခြေအနေများကြောင့် ဒေသခံများအနေဖြင့် ယခုလဆန်းပိုင်း၌ ပဲကောက်ချိန်ဖြစ်သော်လည်း မကောက်ရဲ သဖြင့် ပဲစိုက်ပျိုးစရိတ် တဧကလျှင် ကျပ် ၈ သိန်းကျော်ထိ ဆုံးရှုံးမှုများရှိခဲ့သလို စစ်ကောင်စီတပ်က ရွာထဲလူမရှိသည့် နေအိမ်များမှ ပြည်သူပိုင်ပစ္စည်းများကိုလည်း ယူဆောင်ခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသ ခံများက ဆိုသည်။
မော်တိတ်ဒေသရှိ လယ် ၈ ဧက ပိုင်ဆိုင်သော လယ်သမားတဦးကလည်း “တပ်ထိုင်နေတော့ ကျနော်တို့အိမ်မှာရှိတဲ့ သိုလှောင်ထားတဲ့ ဆန်၊ စပါးတွေကို ယူတာရောင်းတာ လုပ်တယ်ဗျ။ ရှိတဲ့ပစ္စည်းတွေလည်းကုန်ပြီ။ အခုဆို ဆီဆုံတို့ ဘာတို့လည်း ထုတ်ရောင်းတယ်ဗျ။ အဲဒီတော့ မျိုးစပါးတောင် အခက်အခဲရှိတယ်။ ကျနော်တို့ ရွာတရွာလုံးက လယ်ပဲ လုပ်စားကြတာဆိုတော့ ဆုံးရှုံးမှုကတော့ အများကြီးပေါ့” ဟု ပြောသည်။
လက်ရှိတွင် မော်တိတ်ဒေသရှိ ဒေသခံတောင်သူလယ်သမားများအနေဖြင့် စစ်ရေးနှင့်ဝမ်းရေးအကြား ဗျာများနေရ သည်ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အခက်အခဲကတော့ ပြောစရာမရှိတော့ဘူး။ စိုးရိမ်မှုတွေရောဘာတွေရောပေါ့။ မိသားစုတွေ စုစုစည်းစည်း တိမ်းရှောင်ရတာလည်း မဟုတ်ဘူးဆိုတော့ နေရေးထိုင်ရေးမှအစ အခက်အခဲကတော့ အမျိုးမျိုးပဲ။ ကူညီထောက်ပံ့တဲ့သူရှိအုံးတော့ ကျနော်တို့ကို ပြည့်ပြည့်ဝဝမလုပ်ပေးနိုင်တာ ရှိတယ်လေ။ အခု ဒီနေ့လည်း လေ ယာဉ်နဲ့ ပစ်သွားတာ။ တိုက်ပွဲက တော်တော်ကြီးကြီးမားမား ဖြစ်နေတာ” ဟု ဧရာဝတီကို ပြောသည်။
အင်းတော်ဒေသရှိ ဒေသခံ ပဲစိုက်တောင်သူလယ်သမားတဦးကလည်း “ရွာထဲမှာ တပ်စွဲထားတယ်။ ဘေးရွာတွေကျ တော့လည်း မနက်ပိုင်းတွေ သူတို့က ဝင်တယ်၊ ဖမ်းဆီးတယ်၊ နှိပ်စက်တယ်။ ဒါမျိုးတွေလုပ်တော့ ကျနော်တို့လည်း မနေရဲဘူး။ လယ်လုပ်မယ်ဆိုရင်လည်း လုပ်နေတုန်း ဖမ်းတာဆီးတာလုပ်ရင် စီးပွားရေးနဲ့ အသက်ရှင်ဖို့ဆိုရင် အသက် ရှင်ဖို့ ဦးစားပေးနေရတာပေါ့” ဟု ဆိုသည်။
၎င်းတို့တရွာတည်းပင် အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ခန့်ရှိပြီး တခြားရွာများပါ ပေါင်းလိုက်ပါက စစ်ဘေးရှောင် များမှာ လူပေါင်း သောင်းဂဏန်းခန့်ရှိကြောင်း၊ စစ်ကောင်စီ၏ရန်ကို ကြောက်သဖြင့် လယ်ယာလုပ်ငန်းများ ဝင်ရောက် မလုပ်ကိုင်နိုင်သလို ထွက်ပြေးတိမ်းရှောင်နေချိန်တွင်လည်း စစ်ကောင်စီ၏ဗုံးဒဏ်ခံရမည့်အရေး စိုးရိမ်ထိတ်လန့်နေရ ကြောင်းလည်း ၎င်းက ပြောသည်။
မော်တိတ်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှာ တပ်မ ၇၇၊ တပ်မ ၈၈ နှင့် ယင်းတပ်လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ ၄၁၆ တို့ဖြစ်ပြီး ၎င်းတို့ဝင်ရောက်နေသည့် နှစ်လကျော်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ် များနှင့်လည်း တိုက်ပွဲများဖြစ်နေသလို စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိသည်။
လက်ရှိ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ Indaw Revolution-IR မှ တာဝန်ရှိသူတဦးက “မေလ ၂၃ ရက်နေ့က လေကြောင်းနဲ့ တိုက်ခိုက်တာ ရှိတယ်။ ရွာသာယာရွာရဲ့ ဘုန်းကြီးကျောင်းတော့ တော်တော်ပျက်စီးသွားတယ်။ ဒီနေ့ မှာလည်း ထိတွေ့မှုတွေ ဖြစ်နေတယ်။ စစ်ကောင်စီဘက်က အထိနာတယ်။ အဲဒီတော့ အင်းတော်ကုန်းဘက်ကနေ လက်နက်ကြီးနဲ့ပစ်နေတာ ရှိတယ်။ အခုမနက်တင် အချက် ၂၀ နဲ့ ၃၀ လောက်ရှိပြီ။ အခုမနက် ၁၁ နာရီလောက်က လည်း ကျွန်းတောဘက်ကို လေယာဉ်နဲ့လာပစ်သွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော အင်းတော်မြို့အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ရွာသာယာအနီးတိုက်ပွဲ တွင် စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့သောကြောင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သလို ယနေ့အချိန်ထိလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်နေ ကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီတပ်ကို တိုက်ရန် ဗန်းမောက်လူထု မြို့မှ ရှောင်ပေးဖို့ PDF သတိပေး
ပဲပေါ်ချိန် စစ်ကြောင်းထိုးသဖြင့် သီးနှံဖျက်ဆီးခံရမည်ကို တောင်သူများစိုးရိမ်