မြန်မာတွင် ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက် အီရန်သည် ၎င်း၏လက်နက်များအတွက် ဈေးကွက်သစ် တွေ့သွားသည်။
အီရန်မှ ဘိုးရင်း 747 ကုန်တင်လေယာဉ်တစီးသည် ယမန်နှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း နေပြည်တော်နှင့် ရန်ကုန်တွင် သုံးကြိမ်ဆင်းသက်ခဲ့သည်။
အီရန်ကုန်တင်လေကြောင်းလိုင်း Qeshm Fars Air ၏ ထိုလေကြောင်းခရီးစဉ်သည် အီရန်တွင် ဒုတိယ အကြီးမားဆုံးမြို့ဖြစ်သော မက်ရှ်ဟက်မှ စတင်ပြီး နောက်တရက်တွင် ပြန်သွားကြောင်း လေကြောင်းပျံသန်းမှု ခြေရာခံ အချက်အလက်များက ပြသနေသည်။
Qeshm Fars Air က မည်သည့်ပစ္စည်းများကို မြန်မာသို့ ယူဆောင်လာသနည်း။
ထိုလေကြောင်းခရီးစဉ်များအနက် တခုတွင် စစ်ဘက်သုံးဒရုန်းများနှင့် အင်ဂျင်များဟု ယူဆရသည့် သေတ္တာ ၂၁ လုံး သယ်ဆောင်လာသည်။ မြန်မာနိုင်ငံမြို့တော်တွင် အီရန် ကုန်တင်လေယာဉ်များ ဆင်းသက်ခြင်းကြောင့် ထိုလေယာဉ်များသည် စစ်ကောင်စီကို ပဲ့ထိန်းဒုံးကျည်များ အပါအဝင် အင်အားပြင်းသောလက်နက်များ ထောက်ပံ့နေသည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများကို ဖြစ်စေသည်။
အီရန်တော်လှန်ရေးအစောင့်တပ် ကိုယ်စား ဆီးရီးယားပြည်တွင်းစစ်မှ တီဟီရန် ကျောထောက်နောက်ခံပြု အုပ်စုများသို့ လက်နက်များ ပို့ဆောင်ပေးသောကြောင့် Qeshm Fars Air ကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားပြီး ဖြစ်သည်။ သို့သော် အီရန်သည် မြန်မာသို့ လက်နက်များထောက်ပံ့နေကြောင်း မြန်မာလေတပ်မှ ဘက်ပြောင်းလာသူများနှင့် ထိုကိစ္စကိုသိသော အခြားသတင်းရင်းမြစ်များက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က မြန်မာသို့ ရောက်လာသည့် အီရန်ကိုယ်စားလှယ်အဖွဲ့တွင် တော်လှန်ရေး အစောင့်တပ်နှင့် ဆက်စပ်သူများပါဝင်ကြောင်း ဧရာဝတီသတင်းဌာနက တွေ့ခဲ့သော စာရင်းအရ သိရသည်။ ထိုသူများအနက် တဦးမှာ တော်လှန်ရေးအစောင့်တပ် တပ်မှူးဟောင်းနှင့် လွန်ခဲ့သောနှစ်က သူ၏ 747 လေယာဉ် အာဂျင်တီးနားတွင် ဆင်းသက်စဉ် လက်နက်မှောင်ခိုမှု သံသယဖြင့် အဖမ်းခံရသည့် လေယာဉ်မှူး ဂိုလန်ရီဇာ ဂါဆီမီ ဖြစ်သည်။ Qeshm Fars Air ဘုတ်အဖွဲ့ဝင်တဦးဖြစ်သော ဂါဆီမီသည် ထိုလေယာဉ်ကို သူကိုယ်တိုင် မြန်မာသို့ မောင်းနှင်ခဲ့ခြင်း ဟုတ်၊ မဟုတ် မသိရပေ။
သို့သော် မြန်မာတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာနှင့် အီရန်တို့သည် လျှို့ဝှက်စစ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်နေသည်ဟု ကောက်ချက်ချနိုင်သည်။ စစ်အာဏာမသိမ်းမီက နေပြည်တော်နှင့် တီဟီရန်တို့သည် ခပ်ကင်းကင်း နေကြသည်။
စစ်ကောင်စီသည် ၎င်းတို့၏ ဒရုန်းများကို ပြန်လည်ပြင်ဆင်ရန် အီရန်မှ အစိတ်အပိုင်းများ ဝယ်ယူနေကြောင်း မြန်မာလေတပ်မှ ခုခံတော်လှန်ရေး အင်အားစုဘက်သို့ ပြောင်းလာသည့် အရာရှိအများအပြားက ပြောသည်။ ဘီဘီစီ မြန်မာပိုင်းနှင့် အေးရှားတိုင်းမ်၏ အဆိုအရ မြန်မာစစ်ကောင်စီသည် အီရန်မှ MD550 ဒရုန်းအင်ဂျင်များနှင့် ဒုံးကျည်များ ဝယ်ယူနေကြောင်း သိရသည်။ ထိုအချက်ကို လေတပ်အရာရှိဟောင်း အများအပြားကလည်း အတည်ပြုသည်။
MD550 အင်ဂျင်များကို အမေရိကန် ပြည်ထောင်စုက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ကတည်းက ပိတ်ဆို့အရေးယူထားသည့် Mado (Oje Parvaz Mado Nafar) အမည်ရှိ အီရန်ကုမ္ပဏီတခုက ထုတ်လုပ်သည်။
မြန်မာလေတပ် လေယာဉ်မှူးဟောင်းများ၏ အဆိုအရ Mado သည် မြန်မာစစ်တပ်၏ လက်ရှိဒရုန်းများမှ ပျက်စီးနေသော အစိတ်အပိုင်းများကို ပြုပြင်ရန် MD550 ဒရုန်းအင်ဂျင်များ ပေးပို့ကြောင်း သိရသည်။ ဒရုန်း ပြုပြင်ပြင်ဆင်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာလေတပ်တွင် လုပ်ဆောင်သည်ဟု သိရသည်။
လွန်ခဲ့သောနှစ်က ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် အီရန်သည် ရုရှားသို့ Shahed-136 တခါသုံးဖောက်ခွဲ တန်ဖိုးနည်းဒရုန်းများ အပါအဝင် ဒရုန်းထောင်ပေါင်းများစွာ ပေးပို့သည်။ ထိုဒရုန်းများသည် ယူကရိန်းတွင် ပျက်ဆီးမှု အကြီးအကျယ် ဖြစ်စေသည်။
ထိုကျူးကျော်စစ် စတင်ပြီးနောက် မော်စကိုနှင့် တီဟီရန်ဆက်ဆံရေးသည် များစွာ ပိုမိုနီးကပ်သွားသည်။
ရုရှားက အီရန်မှ ဒရုန်းများနှင့် ဒုံးကျည်များ ရရှိလိုပြီး အီရန်က ရုရှားမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး လိုချင်သည်။
အလားတူစွာပင် မြန်မာနှင့် ရုရှားဆက်ဆံရေးသည် မြန်မာတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြင့်မားလာပြီး စစ်ကောင်စီသည် မော်စကိုမှ ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် အခြားစစ်လက်နက် ပစ္စည်းများ ဝယ်ယူသည်။ ကုလသမဂ္ဂ၏ မကြာသေးမီက အစီရင်ခံစာတစောင်အရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်လက်နက်ပစ္စည်း အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူကြောင်း၊ အများစုကို ရုရှားနှင့်တရုတ်ထံမှ ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် မော်စကိုသည် ယူကရိန်း ကျူးကျော်စစ်အတွက် လက်နက်ခဲယမ်းများကို သုံးနေရသောကြောင့် စစ်ကောင်စီသည် စစ်လက်နက်ပစ္စည်း အစိတ်အပိုင်းများကို ရင်းမြစ်အများအပြားမှ ဖြန့်ခွဲဝယ်ယူနေသည်။
အီရန်သည် ဖိနှိပ်သောအစိုးရများ၊ ဆီးရီးယားနှင့် ယီမင် ပြည်တွင်းစစ်များတွင် တီဟီရန် မဟာမိတ် စစ်အုပ်စုများကို လက်နက်ရောင်းချသည့် သမိုင်းရှိသောကြောင့် စစ်ကောင်စီအတွက် အခြားရွေးချယ်စရာ နိုင်ငံတခု ဖြစ်လာကြောင်း ထင်ရှားသည်။
မြန်မာစစ်တပ်သည် မြောက်ကိုရီးယားနှင့် နက်ရှိုင်းသော လျှို့ဝှက်ဆက်ဆံရေး ရှိသည်မှာလည်း နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
၂၀၁၆-၁၇ ခုနှစ်တွင် မြန်မာစစ်တပ်သည် လေ့ကျင့်ရေးလေယာဉ်ဟောင်းများကို ပြန်လည်ပြုပြင်ရန် စစ်အင်ဂျင်နီယာများ အီရန်သို့ စေလွှတ်ခဲ့ကြောင်း လေတပ်အရာရှိဟောင်း အများအပြားက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ အီရန်သည် ၎င်းတို့ တရားမဝင် ရရှိထားသည့် စစ်ဘက်နည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းနိုင်စွမ်း ရှိသည်ဟု ကျော်ကြားသည်။
စစ်အာဏာသိမ်းမှုနှင့် နိုင်ငံတဝန်း အုံကြွမှုများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသောကြောင့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့ခံရပြီးနောက် စစ်ကောင်စီသည် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ်နှင့် အီရန်အပြင် အခြားနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ထားသည်။
စစ်ကောင်စီသည် ထိုနိုင်ငံများထံမှ ရရှိသော စစ်လက်နက်ပစ္စည်းများဖြင့် ကရင်၊ ကချင်၊ ကယား၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းနှင့်ပဲခူးတိုင်း အပါအဝင် တနိုင်ငံလုံးမှ ခုခံတော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို မြေပြင်နှင့်ဝေဟင်မှ စစ်ဆင်နေသည်။
၂၀၀၅ ခုနှစ်တွင် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က သမ္မတ ဘုရှ်၏ “မကောင်းဆိုးရွား ဝင်ရိုးစွန်းနိုင်ငံများ” တွင် အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား အပြင် မြန်မာ၊ ကျူးဘား၊ ဘယ်လာရုစ်နှင့် ဇင်ဘာဘွေကိုပါ တိုးချဲ့ထည့်သွင်းခဲ့သည်။ ထိုနိုင်ငံများသည် အမေရိကန် ပြည်ထောင်စုက အနီးကပ်စောင့်ကြည့်ရန် လိုအပ်သည့် “အာဏာရှင်အခြေစိုက်စခန်းများ” ဖြစ်သည်ဟု မြင်သည်။
“သေချာတာကတော့ ကျမတို့ ကမ္ဘာမှာ အာဏာရှင်အခြေစိုက်စခန်းတွေ ရှိနေသေးပြီး အမေရိကန် ပြည်ထောင်စုဟာ တိုက်ကြီးတွေအားလုံးက အဖိနှိပ်ခံပြည်သူတွေနဲ့အတူ ရပ်တည်တယ်။ ကျူးဘားက၊ မြန်မာက၊ မြောက်ကိုရီးယားက၊ အီရန်က၊ ဘယ်လာရုစ်ကနဲ့ ဇင်ဘာဘွေက ပြည်သူတွေနဲ့အတူ ရပ်တည်တယ်ဆိုတာပဲ” ဟု မစ္စ ရိုက်စ် ပြောခဲ့ဖူးသည်။
ယနေ့မြန်မာသည် ထိုနိုင်ငံများအနက် သုံးနိုင်ငံဖြစ်သည့် ရုရှား၊ ဘယ်လာရုစ်နှင့် အီရန်မှသာမက တရုတ်နိုင်ငံထံမှ လက်နက်များကိုပါ ဝယ်ယူနေသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ် ယူလက်ဇီမာ ဘာရာဗီကောကို နေပြည်တော်တွင် ကြိုဆိုသည်။ အခြားကိစ္စများအပြင် သံတမန်ဆက်ဆံရေးနှင့် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှစ်ဖက်ဆွေးနွေးသည်ဟု စစ်ကောင်စီသတင်းစာများတွင် ဖော်ပြခဲ့သည်။
တချိန်တည်းတွင် စစ်ကောင်စီသည် မြောက်ကိုရီးယားနှင့် လျှို့ဝှက်ဆက်ဆံရေးကိုလည်း အသစ်တဖန် ပြန်လည် စတင်နေနိုင်သည်။
ထို့ကြောင့် ဘိုင်ဒင်အစိုးရနှင့် အနောက်နိုင်ငံများသည် ထိုမကောင်ဆိုးရွား ဝင်ရိုးစွန်းနိုင်ငံဟောင်းကို မည်သို့ အပြစ်ပေးမည်နှင့် ပတ်သက်သည့် မေးခွန်းတခု မေးစရာရှိလာသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Turns to Iran for Missiles and Drones ကို ဘာသာပြန်သည်။)
You may also like these stories:
အီရန်စစ်တပ် မြန်မာတွင် ဘာလာလုပ်သနည်း
စစ်ရေးအသုံးစရိတ် စစ်ကောင်စီ ပိုတိုးချဲ့
မြန်မာ့စစ်လက်နက်ထုတ်လုပ်မှု ကြီးထွားလာနေ
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်