တိုကျိုအခြေစိုက် အာဆီယံ-ဂျပန် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဌာနသည် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားဝန်ကြီးဌာနများကို ထောက်ပံ့ခဲ့ကြောင်း Justice For Myanmar (JFM) က ဖော်ပြသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီးဌာန၏ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တခုအတွက် ငွေကြေးထောက်ပံ့ကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများနှင့် အများပြည်သူ သတင်းရင်းမြစ်များက ဖော်ပြနေသည်။
ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ထားသည့် စစ်ကောင်စီဝန်ကြီး ဦးကံဇော်က ဖွင့်လှစ်ပေးသည့် မတ်လတွင် ကျင်းပသော အခမ်းအနား အနည်းဆုံးတခုကို ၂၀၂၂-၂၃ ခုနှစ် ထောက်ပံ့ငွေဖြင့် ငွေကြေးထောက်ပံ့သည်။ ငွေကြေး မည်မျှထောက်ပံ့ခဲ့သည်ကို အထက်ပါဌာနက JFM သို့ ပြောကြားရန် ငြင်းဆန်သည်။
ဂျပန်အစိုးရနှင့် မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် တနိုင်ငံစီကို ကိုယ်စားပြုသော အထက်ပါဌာနသည် စီးပွားရေးအရ ထိတွေ့ဆက်ဆံရန် အားပေးပြီး စစ်ကောင်စီဝန်ကြီးဌာနများနှင့် အစီအစဉ်အများအပြားဖြင့် စစ်ကောင်စီဝန်ထမ်းများကို စွမ်းရည်မြှင့်တင်ပေးကာ စစ်ကောင်စီကို တရားဝင်အောင်လုပ်ပေးနေသည်ဟု စွပ်စွဲခံရသည်။
အထက်ပါဌာနတွင် မြန်မာကို ဂျပန်နိုင်ငံဆိုင်ရာ စစ်ကောင်စီ သံအမတ် ဦးစိုးဟန်က ကိုယ်စားပြုသည်။
အထက်ပါဌာနသည် စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနနှင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရန် စစ်ကောင်စီ၏ အားထုတ်မှုများကို အားပေးနေကြောင်း JFM က ပြောသည်။ ထိုဌာနသည် စစ်ကောင်စီကို တရားဝင်မှုနှင့် နိုင်ငံခြားဝင်ငွေရင်းမြစ်တခု ပေးသည်ဟုလည်း JFM က ဆက်လက်ဖော်ပြသည်။
အာဆီယံနှင့် ဂျပန်တို့သည် ချစ်ကြည်ရင်းနှီး ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့် ကျင်းပမည်ဖြစ်သည်။ ထိုနှစ်ပတ်လည်က အာဆီယံနှင့် ဂျပန်၏ မြန်မာနှင့်ချစ်ကြည်ရင်းနှီးမှုသည် တရားမဝင် စစ်ကောင်စီအတွက် ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများတွင် အသတ်ခံရသည့် ပြည်သူများအတွက် မဟုတ်ကြောင်း ပြသနေသည်ဟု JFM ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။
“အာဆီယံနှင့် ဂျပန်တို့၏ စစ်ကောင်စီကို ထောက်ခံမှု ချက်ချင်းမရပ်ပါက အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ် ၅၀ ပြည့်သည် မြန်မာပြည်သူများ၏သွေးများ ထာဝရ စွန်းထင်းသွားမည် ဖြစ်သည်” ဟု မရတနာမောင်က ပြောသည်။
“အာဆီယံ-ဂျပန် ဌာန၏ စစ်ကောင်စီနှင့် လှုပ်ရှားမှုများသည် မြန်မာကိုထိန်းချုပ်သည့် စစ်ကောင်စီ၏ တရားမဝင် မအောင်မြင်သော အားထုတ်မှုများကို ထောက်ကူရာရောက်ပြီး စစ်ကောင်စီကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အတင့်ရဲစေသည်” ဟုလည်း မရတနာမောင်က ပြောသည်။
ခရီးသွားဝန်ကြီးဌာနသည် မြန်မာတွင် ဂျပန်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် စစ်ကောင်စီဝန်ကြီး ဦးဌေးအောင်နှင့် အထက်ပါဌာန အထောက်အပံ့ဖြင့် ပုံမှန်သင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပနေသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် အထက်ပါဌာနသည် ဂျပန်ဟင်းချက်ကျွမ်းကျင်မှု သင်တန်းကို ထောက်ပံ့ပြီး သင်တန်းကို ဦးဌေးအောင်နှင့် ထိုဌာန အတွင်းရေးမှူးချုပ် ကူနီဟီကို ဟီရာဘာယာရှီတို့က ဖွင့်လှစ်သည်။
၂၀၂၂ ခုနှစ်၊ နှောင်းပိုင်းနှင့် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ဦးဌေးအောင်နှင့် အထက်ပါဌာနမှ ဝန်ထမ်းများသည် ဂျပန်နှင့် ကလောတွင် ဂျပန်ခရီးသည်များကို ဝန်ဆောင်မှုပေးရေးအတွက် ဆွေးနွေးပွဲများ ဖွင့်လှစ်ပြီး စစ်ကောင်စီ ဝါဒဖြန့်လုပ်ငန်းများတွင် ဖော်ပြသည်။
အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာတွင် ခရီးသွားလုပ်ငန်းကို ဆန့်ကျင်ကြောင်း ရှင်းလင်းစွာ ပြောကြားထားသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က စင်ကာပူမှ Straits Times သတင်းစာတွင် မြန်မာပြည်သူများသည် သတ်ဖြတ်၊ အဓမ္မပြုကျင့်ခံရပြီး နေအိမ်များလည်း ဖျက်ဆီးခံနေရကြောင်း ပြောကြားခဲ့သည်။
“ဒီအချိန်က ရှုခင်းကြည့်ရမယ့် အချိန်မဟုတ်ဘူး” ဟု ဦးတင်ထွန်းနိုင်က ပြောခဲ့သည်။
အထက်ပါဌာနသည် ဂျပန်ဈေးကွက်သို့ ဝင်ရောက်ရေးအတွက် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနှင့်လည်း ပူးပေါင်းဆောင်ရွက်သည်။ ဇန်နဝါရီလအတွင်းက အလုပ်ရုံဆွေးနွေးပွဲတခုကို နေပြည်တော်တွင် ကျင်းပပြီး စစ်ကောင်စီဝါဒဖြန့် လုပ်ငန်းများတွင် ဖော်ပြသည်ဟု JFM က ပြောသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲကို ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းနှင့် အထက်ပါ ဌာနမှ အဆင့်မြင့် အမှုဆောင် ဒေါက်တာ ယူကာ ကူဘိုတာတို့က ဖွင့်လှစ်သည်။
ထိုဌာနအနေဖြင့် စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားပြီး ကုန်သွယ်ရေးနှင့် ခရီးသွားအကူအညီများ ရပ်ဆိုင်းရန် JFM က တောင်းဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Japan-ASEAN Center Supports Myanmar Junta’s Trade and Tourism Ministries: Report ကို ဘာသာပြန်သည်။)
You may also like these stories:
လှူဒါန်းထားသော သင်္ဘောများကို စစ်တပ်က သုံးနေသောကြောင့် ဂျပန်က ကန့်ကွက်
ပိတ်ဆို့အရေးယူမှု ချိုးဖောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ ကြံရာပါဖြစ်နိုင်
ဂျပန်မှ စစ်ကောင်စီလော်ဘီ USDP ကို ထောက်ခံအရောဝင်
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့