မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က စစ်ရှောင်များ တိမ်း ရှောင်ရာနေရာများအထိ လိုက်လံစီးနင်းဝင်ရောက်ပြီး သတ်ဖြတ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက ရေလယ်ကျွန်းဒေသရှိ ကူနီနှင့် ရေယှားရွာကြား ဒေသခံ ၁၀၀ ကျော် စစ်ရှောင်နေသော နေရာကို စစ်ကောင်စီတပ်က ပစ်ခတ် စီးနင်းဝင်ရောက်ရာတွင် ပြည်သူ ၁ ဦးနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရေစကြိုမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “မနက်အစောကြီး ၅ နာရီခွဲလောက် ဝင်လာတော့ စစ်ရှောင်တွေ တောထဲမှာ ပိတ်မိသွားတာ။ ၁ ယောက်ကတော့ ပစ်ရင်းခတ်ရင်း ထိမိတာပေါ့။ ၁ ယောက်ကို ဒီတိုင်းကို ပစ်သတ် သွားတာ” ဟု ပြောသည်။
ထို့ပြင် မေ၂၈ ရက် နေ့လယ်ပိုင်းတွင် ရေယှားရွာသို့ စစ်ကြောင်းဝင်စဉ် စစ်ရှောင် အမျိုးသား ၁ ဦးကို ဖမ်းဆီးပြီး ရေနစ်သတ်ဖြတ်ခဲ့သည့်အပြင် မေ ၂၆ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ မိဖုယားရွာခံ ဒေါ်ခင်အေးပို (၃၈ နှစ် ) လည်း သေဆုံးခဲ့သလို ယနေ့ နံနက်ပိုင်းတွင်လည်း မဲကုန်းရွာတွင် မီးဝင်ငြှိမ်းသည့် ဒေသခံ ၁ ဦးကို ညှဉ်းပန်း နှိပ် စက်ပြီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ရေစကြိုဘက်က လာတဲ့စစ်ကြောင်းက မိဖုယားရွာထဲမှာ စခန်းချပြီး ညအိပ်တာ။ မဲကုန်းဘက်ကို ပြန်သွားတဲ့အချိန် မှာ သူတို့အထွက်ကို မီးရှို့တော့ မီးဝင်ငြှိမ်းတဲ့ တယောက် ပစ်သတ်ခံရတာ အမျိုးသားပဲ” ဟု ဒေသခံတဦးက ပြော သည်။
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ တဖက်တချက်တွင် ရှိနေသည့် ရေလယ်ကျွန်းဒေသကို မေ ၂၆ ရက်က စတင်ပြီး အင်အား ၂၀၀ ကျော်ပါသော စစ်ကောင်တပ်ဖွဲ့ဝင်များ ဝင်ရောက်လာခြင်းဖြစ်ကာ တရွာဝင် တရွာထွက် စီးနင်းနေခြင်း ဖြစ်သည်။
ပခုက္ကူမြို့နယ်မှ လာသော စစ်ကြောင်းတကြောင်း၊ ရေစကြိုမြို့ပေါ်မှ လာသော စစ်ကြောင်း တကြောင်းနှင့် မြင်းခြံမြို့နယ်ဘက်မှ ထွက်ခွာလာသော စစ်ကြောင်းတကြောင်း ဖြင့် ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ရေစကြို မြို့ပေါ်မှလာသော စစ်ကြောင်းသည် ခလရ ၂၅၆ က ဖြစ်ပြီး၊ တခြားစစ်ကြောင်း တပ်ဖွဲ့ဝင်များကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ထိုသို့ စီးနင်းဝင်ရောက်မှုများတွင် ဒေသခံပြည်သူများကို သတ်ဖြတ်မှုရှိသလို အမျိုးသမီးများပါမချန် ဓားစာခံ လူသား ဒိုင်းအဖြစ် ဖမ်းဆီးမှုများရှိနေပြီး အမျိုးသမီး၊ အမျိုးသား ၂၀ ကျော်ခန့် ဖမ်းဆီးခံထားရကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာများကို စီးနင်းဝင်ရောက်ချိန်တွင် ပစ္စည်းများ ယူဆောင်ပြီးနောက် မီးရှို့ဖျက်ဆီးမှု များလည်း ပြုလုပ်ခဲ့သည့်အတွက် ကျေးရွာ၂၀ ကျော် မီးလောင်ပြီး ရွာလုံးကျွတ်မီးလောင်သည့် ရွာများလည်း ရှိနေ ကြောင်း၊ လက်ရှိတွင် မီးလောင်ပျက်စီးမှု စာရင်းများပြုနေဆဲ ဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရ သည်။
ချင်းယား၊ မိုးဖြူ၊ မိုးကွဲ၊ ကံဦး၊ မိဖုယားရွာ၊ ကြွယ်ကုန်း(ဘုန်းတော်ပြည့်)၊ မြေတော်၊ ဆည်သစ်မြင်၊ ပိစပ်ကုန်း၊ မြေစွန်း ၊ ညောင်မွှေးပင်၊ ကိုင်း၊ လှေခုတ် ၊နွယ်နီ၊ ဆင်တဲ၊ ပေါက်အူ၊ ရေယှား၊ နန်းဦး အစရှိသည့် ကျေးရွာပေါင်း ၂၀ ကျော်ကို မီးရှို့သည့်အတွက် ရွာ ၅၀ ခန့်ရှိသော ရေလယ်ကျွန်းဒေသတွင် ကျေးရွာထက်ဝက်ခန့်မှာ မီးရှို့ခံနေရခြင်း ဖြစ်ပြီး ဒေသခံပြည်သူများ၏ စက်လှေများ၊ မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်းများလည်း ရှိကြောင်း သိရသည်။
ထိုသို့ မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများနှင့် အနီးဝန်းကျင်မှ ရွာခံပေါင်း၂၁,၀၀၀ ခန့်မှာ စစ်ရှောင်နေရကြောင်း ရေစကြိုမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
ဒေသခံတဦးက “ရေလယ်ကျွန်းပေါ်မှာ ရွာလွန်းကျွတ်နီးနီး ရှို့ခံရတဲ့ ရွာတွေလည်းရှိတယ်။ ကျွန်းတခုလုံး နေရာအနှံ့ ဆိုတော့ သူတို့ ဟိုဘက်ကလာလိုက် ဒီဘက်ရှောင်လိုက်။ ဆင်းရဲဒုက္ခမျိုးစုံနဲ့ လှည့်ပတ်ရှောင်နေရတာပေါ့၊ အဓိက က ရိက္ခာ လိုနေတာ” ဟု ပြောသည်။
လတ်တလောတွင် စစ်ကောင်စီတပ်သည် စစ်ကြောင်း ၂ ကြောင်းပေါင်းထားပြီး ၁ ကြောင်းမှာ ချင်းယားရွာဘက်တွင် ရှိကာ နောက်တကြောင်းသည် မင်းရွာ၌ ရှိနေကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
You may also like these stories:
သဖန်းဆိပ်ဆည်အနီး ရွှေဖောင်လုပ်ကွက်များအား စစ်တပ်က ဖျက်ဆီး၊ လုပ်သား ၇၀ ကျော် ဖမ်းခံရ
စဉ့်ကူးမြို့နယ်ကရွာများအား စစ်ကောင်စီ တိုက်ခိုက်ဖျက်ဆီး