မန္တလေးတိုင်း ညောင်ဦးမြို့ တက်မရေနံမှော်၊ မကွေးမြို့ သရက်ရေနံမှော်နှင့် မင်းလှမြို့နယ် ဒဟတ်ပင် ရေနံမှော်များကို စစ်ကောင်စီက အကြောင်းပြချက်မရှိ ပိတ်သိမ်းလိုက်သဖြင့် တနိုင်တပိုင်လုပ်နေသည့် ရေနံမြေလုပ်သားများ၊ ဈေးသည်များ အပါအဝင် သိန်းနှင့်ချီ၍ အလုပ်လက်မဲ့ ဖြစ်သွားကြောင်း သိရသည်။
မေလ ၂၁ ရက်မှစ၍ အဆိုပါရေနံမြေများအတွင်း ရေနံကျင်းတူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချ ခြင်းများ မလုပ်ရန်နှင့် မလိုက်နာမှုပါက တည်ဆဲဥပဒေ၊ တက်မရေနံမြေလုပ်ငန်းရှင်များ အဖွဲ့ကော်မတီ၏ ဒေသန္တရ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း စစ်ကောင်စီက ထုတ်ပြန် ထားခြင်း ဖြစ်သည်။
ယင်းထုတ်ပြန်ချက်ကြောင့် ရေနံမြေကို မှီ၍ လုပ်ကိုင်နေသည့် ရေနံမှော်လုပ်သားများအပြင် ဈေးရောင်းသူများ၊ ဆိုင်ကယ်ကယ်ရီသမားများ၊ ကားသမားများ၊ ရေနံကျင်းတူးသူ၊ ကျင်းဝယ်သူ စသည်ဖြင့် လူဦးရေသိန်းနှင့်ချီမှာ အလုပ် လက်မဲ့ ဖြစ်သွားကြောင်း ရေနံလုပ်ငန်းရှင်တဦးက ပြောသည်။
ရေနံမှော်များပိတ်သည်နှင့် ပတ်သက်၍ ၎င်းက “မှော်ထဲက ထောက်ပံ့လို့ သိမ်းတယ်ကြားတယ်။ ဒါက တကြောင်းပေါ့။ ဒီတက်မဘက်ကျတော့ ကျနော်နဲ့ ဒီဗိုလ်နဲ့ ခင်တယ်ဆိုရင် သူ့ကိုကျနော်ကပေး။ တခြားသူကလည်း သူနဲ့ခင်တဲ့သူပေး။ အဲဒီလို တကျင်း ကျပ်သိန်း ၂၀ ကို နီးစပ်ရာသူတွေကို ပေးနေတာဆိုတော့ အပေါ်မရောက်တော့ဘူး။ အဲဒီမှာ သူတို့ ချင်း အဝေမတည့်လို့ မရတဲ့သူက သွားတိုင်လိုက်တာလို့ ပြောတယ်” ဟု ရှင်းပြသည်။
တက်မရေနံမြေသည် ညောင်ဦးလေဆိပ်နှင့်နီးသောကြောင့် ယင်းနေရာကို စစ်ကောင်စီတပ်များက အဓိကထိန်းချုပ် ထားကြောင်း၊ တက်မရေနံမြေ၌ စစ်ကောင်စီ၏ တပ်ဂိတ်များက ခွင့်ပြုလက်မှတ် တခုလျှင် သိန်း၂၀ဖြင့် ထုတ်ပေးကာ ရေနံတူးစေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ကတော့ ၂၇ ရက်နေ့က အပြီးရွှေ့ပေးရတာ။ ထွက်မသွားရင် ပစ်တာခတ်တာတွေ လည်း လုပ်မယ်ပြောတော့ ထွက်သွားရတာပေါ့။ အဲဒီမှာ ထွက်မသွားလို့ဆိုပြီး ရိုက်နှက်တာတွေ လုပ်တာရှိတယ်” ဟု ဆိုသည်။
တက်မရေနံမြေတွင် ရေနံကျင်းပေါင်း ၁၀,၀၀၀ ကျော်မှ ၂၀,၀၀၀ ဝန်းကျင်ထိရှိပြီး ပေ ၅၀ ပတ်လည် တကျင်းလျှင် ကျပ်သိန်း ၃၅၀ မှ သိန်း ၄၀၀ ထိ ကုန်ကျစရိတ်ရှိကြောင်း၊ စစ်ကောင်စီက မေ ၂၁ ရက်မှ စ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းပြီးနောက် အထက်ပါ ရေနံမြေများ၌ လိုင်စင်မရှိဘဲ တူးဖော်နေသည့် လက်ယက်ကျင်းများ ပိုမိုများပြားလာကြောင်း သိရသည်။
တခြား ရေနံလုပ်ငန်းရှင်တဦးကလည်း “တခြားမှော်တွေဖြစ်တဲ့ သရက်ဘက်ကမှော်တွေ၊ မင်းလှက ဒဟတ်ပင်မှော် တွေလည်း ပိတ်တယ်။ မင်းလှဘက်က လူတွေတော့ ရှိသေးတယ်။ စက်တွေ မဖြုတ်ရသေးဘူး။ အခု ၂၉ ရက်က စပြီးတော့ ရေနံတွေ မခပ်ခိုင်းတော့ဘူး။ ပိတ်ထားတယ်။ မှော်တွေပိတ်လိုက်တော့ အလုပ်လက်မဲ့ဖြစ်ပြီး ကျင်းတကျင်း ကို ကျပ်သိန်းရာကျော်ဆိုတော့ အကြွေးကလည်းများတယ်။ ရွာပြန် တောင်သူလုပ်တော့လည်း မိုးလေဝသက အဆင် မပြေ၊ လယ်လုပ်ဖို့ လူငှားဖို့ကလည်း မလွယ်တော့ဘူး။ ကုန်ကျစရိတ်တွေကများတယ်။ ထွက်လာတဲ့သီးနှံကျတော့ လည်း ဈေးမကောင်းတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ အဲဒါကြောင့် ရေနံမြေကိုပဲ မှီခိုနေကြတာ” ဟု ဧရာဝတီကို ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီမှ ရေနံမြေများကိုမပိတ်ခင်က ရေနံစိမ်းတပေပါလျှင် ကျပ် ၃ သိန်းဝန်းကျင် ရှိသော်လည်း ပိတ်သိမ်းသည့်နောက် ရရာဈေးဖြင့်ရောင်းရသဖြင့် တပေပါလျှင် ကျပ် ၈ သောင်းမှ ၁ သိန်း ကျပ်ဝန်းကျင်သာ ရရှိ ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
၎င်းက “ရှုံးတာပေါ့ဗျာ။ သူတို့(စကစ)က လုံးဝ မခပ်ရဘူး။ သယ်မသွားရဘူးဆိုတော့ ရတဲ့ဈေးနဲ့ရောင်းခဲ့ရတာ။ ထွက် မသွားရင် ရိုက်တာနှက်တာတွေ လုပ်တယ်ဗျ။ ရှေ့နှစ်တုန်းက ပိတ်တာတော့ ရက်ပိုင်းလောက်ပဲ နောက်ပိုင်း ပြန်လုပ် လို့ရတယ်။ အခုကတော့ ဝင်ခပ်တာတောင် မရဘူး။ အဲဒီတုန်းကထက် ပိုဆိုးတယ်” ဟုလည်း ပြောသည်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ရေနံမှော်များအနက် တချို့နေရာများ၌ စစ်ကောင်စီတပ်များ ကြီးစိုးနေသလို တချို့နေရာများတွင်မူ ဒေသခံကာကွယ်ရေးတပ်များက စိုးမိုးထားခြင်းများ ရှိနေကြောင်း ဒေသခံများထံ မှ သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်းကလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ မကွေးတိုင်း ပေါက်မြို့နယ်နှင့် မြိုင် မြို့နယ်တို့ရှိ ကျေးရွာ ၁၀ ရွာခန့်မှ ရေနံလက်ယက်တွင်းများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့်အပြင် တကျင်းလျှင် ကျပ် ၅ သိန်းထိ အခကြွေးငွေတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။
ယခုနှစ် မတ်လအတွင်း၌လည်း မကွေးတိုင်း ရေနံမြေလုပ်ကွက်များရှိရာ အနီးတဝိုက်ရှိကျေးရွာများကို စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လာသောကြောင့် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ထောက်ပံ့သည်ဟူ သော စွပ်စွဲချက်ဖြင့် ရေနံမြေလုပ်သားတချို့ကို ဖမ်းဆီးမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မကွေးတိုင်းအတွင်း လက်ယက်ရေနံတွင်း အများအပြားမှ ဦးသိန်းစိန် အစိုးရလက်ထက် ငွေကြေးအမြောက်အမြား ရရှိခဲ့ရာ ထိုစဉ်က အာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လည်း ယင်းငွေများထဲမှ ရယူသုံးစွဲမှုများ ရှိခဲ့သဖြင့် အမျိုးသား ဒီမိုကရေစီအစိုးရ NLD လက်ထက်တွင် ရေနံလက်ယက်တွင်း ရန်ပုံငွေ ကျပ် ၂.၈ ဘီလီယံကျော် ပျောက်ဆုံးမှုကို ပြန်လည်ဖော်ထုတ်ပြီး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့ သလို ကြံ့ခိုင်ရေးပါတီ ၏ မကွေးတိုင်း ဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေအား ဥပဒေအရ အရေးယူမည်ဟု ဆိုသည့်အခါမှ ပြန်လည် ပေးဆပ်သည်ကို တွေ့ရသည်။
You may also like these stories:
ပခုက္ကူခရိုင်ရှိ လက်ယက်ရေနံတွင်းများ စစ်ကောင်စီ မီးရှို့ဖျက်ဆီး
မကွေးရေနံလက်ယက်တွင်းများ ဥပဒေနှင့်အညီလုပ်ကိုင်ရန် တိုင်းသယံဇာတဝန်ကြီး တိုက်တွန်း
ရုရှားက ဝယ်မယ့် ရေနံတွေနဲ့ မန္တလေး လာမယ့် တရုတ်ရထား
မကွေးအစိုးရအဖွဲ့ဟောင်း ပျောက်ဆုံးငွေများ ပြန်မပေးလျှင် အရေးယူမည်