တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် တော်လှန်ရေးအင်အားစုများအား ကူညီပေးနေသည့် ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်သော ရက္ခိုင်တပ်တော် (AA)၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုး သား ဒီမိုကရက်တစ် မဟာမိတ်(MNDAA) တို့နှင့် အာဏာသိမ်း စစ်ကောင်စီတို့ ဇွန်လ ၁ ရက်တွင် မိုင်းလားမြို့၌ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်အစိုးရ၏ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင် လည်း တက်ရောက်ရန် မိုင်းလားမြို့သို့ ရောက်ရှိနေပြီဖြစ်ကာ၊ သက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့များ၏ လုံခြုံရေးနှင့် နေထိုင် စားသောက်မှုအား မိုင်းလားအဖွဲ့ (NDAA) က တာဝန်ယူမည်ဖြစ်ကြောင်းလည်း သိရသည်။
ဆွေးနွေးပွဲနှင့် ပတ်သက်၍ မိုင်းလားအဖွဲ့က ကြိုတင်ပြင်ဆင်မှုနှင့် တွေ့ဆုံမည့်သတင်းအား နှစ်ရက်ကြိုတင် သတင်း ထုတ်ပြန်ခဲ့သော်လည်း ဆွေးနွေးပွဲ၌ တရုတ်ပါဝင်မှုနှင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ဆိုသည်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
AA ပြောခွင့်ရှိသူ ဦးခိုင်သုခက “ဘာတွေ ဆွေးနွေးမယ်ဆိုတာတော့ ဆွေးနွေးပွဲရောက်မှ သိမယ့်ကိစ္စ၊ အခုကတော့ ဘာမှပြောလို့ မရသေးဘူး။ အဓိကတော့ တရုတ်ဘက်ကနေ ကမကထလုပ်ပေးလို့ ဒီအစည်းအဝေး ဖြစ်လာတယ်လို့ တော့ အကြမ်းဖျင်း ပြောလို့ရပါတယ်” ဟု ပြောသည်။
AA၊ TNLA နှင့် MNDAA တို့သည် လတ်တလောတွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်း မရှိသော်လည်း အပစ်အခတ်ရပ်ရေးအတွက် စစ်ကောင်စီနှင့် တရားဝင် ဆွေးနွေးသဘောတူညီချက်များမရှိထားဘဲ တော်လှန် ရေးအင်အားစုများအား လေ့ကျင့်ပေးမှုနှင့် ထောက်ပံ့ကူညီနေသည့်အဖွဲ့အစည်းများ ဖြစ်ကြသည်။
ယခု တွေ့ဆုံ ဆွေးနွေးပွဲသည်လည်း တရုတ်နိုင်ငံခြားဝန်ကြီး ချင်ကန်းက အာဏာသိမ်းခေါင်းဆောင်နှင့် လာရောက် တွေ့ဆုံပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သကဲ့သို့ လက်ရှိတွင်လည်း တရုတ်၏ ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန ခေတ္တ စစ်ဘက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် Major General Yang Yang မြန်မာနိုင်ငံသို့ လာရောက်ကာ ဒုစစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးနေချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။
တရုတ် စစ်ဘက်ထောက်လှမ်းရေး ညွှန်ချုပ်နှင့် ဒုစစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန် ထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကလည်း မြန်မာ့အရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများအား စနစ်တ ကျ ဖြေရှင်းရန်နှင့် ဖွဲ့စည်းပုံနှင့် ဥပဒေမူဘောင်များအောက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးရရန် နိုင်ငံတွင်းမှ သက်ဆိုင်ရာ အဖွဲ့အစည်းများအား ထောက်ခံကြောင်းနှင့် နိုင်ငံရေး ဆွေးနွေးမှုမှတဆင့် အသွင်ကူးပြောင်းမှု ပြန်လည် စတင်သင့်ကြောင်း ပြောဆိုထားသည်။
ယင်းအခြေအနေအောက် ညီနောင် မဟာမိတ်သုံးဖွဲ့အား စစ်ကောင်စီနှင့် ဆွေးနွေးရန် တရုတ်၏ ဖိအားပေး ကြိုးပမ်း လာမှုသည် လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေး ပဋိပက္ခများတွင် မည်သည့်ဘက်မှမနေဘဲ ကြားနေရန်နှင့် စစ်ကောင်စီနှင့် ၎င်းတို့ကြား ခိုင်မာသည့် အပစ်ရပ်ရေး သဘောတူညီမှုရရှိရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ် သူ ဦးသန်းစိုးနိုင်က ပြောသည်။
၎င်းက “တရုတ်ရဲ့ အထိုင်က ရှင်းလင်းပြတ်သားသွားပါပြီ။ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေက အားပြုနေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ NUG၊ PDF တို့ရဲ့ တိုက်ပွဲလမ်းကြောင်းကို တရုတ်အနေနဲ့ တတ်နိုင်သလောက် တားဆီးဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းမယ်ဆိုတာ စိတ်ဒုန်းဒုန်းချလိုက်ပါပြီ။ အခြေအနေအောက်မှာ သူတို့ရဲ့လုပ်ငန်းစဉ်ကို သူတို့ ဩဇာခံ အင်အားစုတွေ လိုက်နာအောင် စစ်ကောင်စီနဲ့ တရားဝင်သဘောတူညီချက်တွေရအောင် လုပ်နေတာလို့ ယူဆပါတယ်။ အဲဒီအင်အားစုတွေ ဘယ်ဘက်မှ မပါဝင်ဘဲနဲ့ ကြားနေဖို့အတွက် ခိုင်မာတဲ့ ညှိနှိုင်းသဘောတူညီချက် တွေ တရားဝင်ရရှိလာအောင် လုပ်ဆောင်တာလို့ ယူဆပါတယ်” ဟု ပြောသည်။
ယင်းပြင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ဆွေးနွေးမည်ဆိုသော်လည်း သိသာသည့် ရလဒ်ထွက်ပေါ်လာရန် ခက်ခဲပြီး စစ်တပ်ကိုယ်တိုင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများအား နိုင်ငံရေး အရဖြေရှင်းလိုသည့် စိတ်ဆန္ဒမရှိဘဲ တရုတ်၏ ဖိအားပေးမှုတွင် လိုက်ပါလုပ်ဆောင်နေသည့် သဘောရှိကြောင်းလည်း နိုင်ငံရေး လေ့လာသူတဦးက သုံးသပ်သည်။
၎င်းက “စစ်တပ်က သိပ်ပြီးတော့ တက်တက်ကြွကြွ မရှိဘူး၊ စစ်တပ်က လောလောဆယ် ဒီနှစ် ဘတ်ဂျက်မှာ စစ်အသုံး စရိတ် ဘတ်ဂျက်ချထားတာက စစ်ရေးအရ ဖြေရှင်းဖို့ တော်တော်လေး အားထည့်ထားပုံရတယ်။ ဒီဆွေးနွေးပွဲတွေမှာ လည်း ဆွေးနွေးရင်း စစ်ရေးအရ အသာစီးရအောင်တော့ ကြိုးစားလိမ့်မယ်။ နိုင်ငံရေးအရဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓာတ် နဲ့ ပါနေတာမျိုးတော့ မထင်ဘူး။ တရုတ်ရဲ့ ဖိအားအောက်မှာ မလွဲမရှောင်သာ ပါနေတာလို့ထင်တယ်” ဟု ပြောသည်။
လက်ရှိ စစ်အာဏာရှင် တော်လှန်ရေး အင်အားစုများနှင့် နက်ရှိုင်းစွာ ပတ်သက်နေသည့် ညီနောင်မဟာမိတ်သုံးဖွဲ့အား သီးခြားခွဲထုတ်ကာ ဆွေးနွေးမှုသည်လည်း သဘောတူညီမှုရရှိရန် ခက်ခဲပြီး ကြီးမားကျယ်ပြန့်သည့် နိုင်ငံရေးပြဿနာ အား ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းလည်း လေ့လာသူအချို့က ထောက်ပြပြောဆိုကြသည်။
နိုင်ငံရေး လေ့လာသူတဦးက “၂၀၂၁ နောက်ပိုင်းမှာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးပြဿနာက ပိုပြီးတော့ ကြီးမားကျယ် ပြန့်သွားပြီ။ အရင်ကလို တိုင်းရင်းသားတွေနဲ့တင် မဟုတ်တော့ဘဲနဲ့ ပြည်တွင်းက ဒီမိုကရက်တစ်အင်အားစုတွေနဲ့ ဖြစ်တဲ့ ပဋိပက္ခက အကြီးကြီး ဖြစ်သွားပြီ။ မြောက်ပိုင်းကအဖွဲ့တွေ ထိန်းနိုင်ရုံ၊ အပစ်ရပ်ရုံလောက်နဲ့ နိုင်ငံရေး ပြဿနာ ကို ရှင်းနိုင်မှာ မဟုတ်ဘူး။ ဒီအဖွဲ့တွေက အစပြုပြီးတော့ NUG၊ PDF တွေကို ပါဝင်နိုင်အောင် တရုတ်က လုပ်နိုင်မယ် ဆိုရင်တော့ အကျိုးရလဒ် ရနိုင်တာပေါ့” ဟု ပြောသည်။
AA၊ TNLA နှင့် MNDAA တို့ ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) က မြန်မာနိုင်ငံ ပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းရေးအတွက် တရုတ်၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံ ကြောင်း မတ်လအတွင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ အလုံးစုံ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည် ထောင်စု တည်ထောင်ရေး အကောင်အထည်ဖော်ရန် နည်းလမ်းပေါင်းစုံရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟု ပြောထားသည်။
You may also like these stories:
တရုတ်ဝန်ကြီး လာပြီးနောက် မြန်မာတွင် တရုတ်ဆန့်ကျင်ရေး မြင့်မားလာနေ
စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်
မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်
ချင်ကန်းခရီးစဉ်က မြန်မာတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ပြန်လည်မီးမွှေး