အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ ယခုရက်ပိုင်းဆက်တိုက် ပစ်သတ်ခံရခြင်းကြောင့် စစ်တပ်ထောက်ခံသူများနှင့် အမျိုးသားရေးလှုပ်ရှားသူများ အသိုင်းအဝိုင်းကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေသလို တချို့လည်း ရှောင်တိမ်းနေရ ကြောင်း စုံစမ်းသိရသည်။
မေ ၂၆ ရက် နေ့လယ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး (MNO) တည်ထောင်သူ ဥက္ကဋ္ဌ ဦးတင့်လွင်မှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရွှေသုခလက်ဖက်ရည်ဆိုင်တွင် ပစ်သတ်ခံခဲ့ရသလို ယမန်နေ့ ညပိုင်းကလည်း စစ်တပ် ထောက်ခံအားပေးသော အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အဆိုတော် လီလီနိုင်ကျော် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားရေးလှုပ်ရှားသူများနှင့် စစ်တပ်ထောက်ခံသူများကြား စိတ်မလုံခြုံမှု ခံစားနေရပြီး လက်တုံ့ပြန်ရန် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များ၌ လှုံ့ဆော်ရေးသားလျက်ရှိသည်။
မျိုးချစ်ရဟန်းတော်များသမဂ္ဂအဖွဲ့မှ ဆရာတော် ဦးသုစိတ္တက “ဦးဇင်းတို့ကတော့ လူငယ်တွေဖြစ်တဲ့အတွက် လာခဲ့လေ သေရဲရင်လာခဲ့၊ ဒီလိုပဲပေါ့။ သူတို့က ဘယ်သူဘယ်ဝါဆိုတာ ကျုပ်တို့က မသိရဘူးလေ။ ကျုပ်တို့ ဘယ်သူဘယ်ဝါဆိုတာ က သူတို့က မြင်နေရတယ်၊ တွေ့နေရတယ်။ အကြမ်းဖက်သမား၊ သတ်ဖြတ်မယ့်သူတွေက ကိုယ့်အနားမှာ ရှိနေတာလား၊ ကိုယ့်အဝေးမှာလားဆိုတာက ဦးဇင်းတို့ ဘယ်လိုမှခန့်မှန်းလို့မရဘူး။ အဲဒီတော့ ကိုယ့်ရဲ့လုံခြုံရေး ကိုယ့်သတိကိုယ် ထားနေ ရတယ်တဲ့ သဘောပေါ့” ဟု ဧရာဝတီကို ပြောသည်။
လတ်တလောတွင် အမျိုးသားရေးလှုပ်ရှားသူများအား အဓိကပစ်မှတ်ထား တိုက်ခိုက်လာခြင်းတို့ကြောင့် မိဘများနှင့် ဆွေမျိုးသားချင်းများပါ ပစ်ခတ်သတ်ဖြတ်ခံရမည်ကို စိုးရိမ်နေရကြောင်းလည်း ၎င်းက ဆိုသည်။
အာဏာသိမ်းစစ်တပ်၏ ကျောထောက်နောက်ခံပြု ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့များတွင် တက်ကြွ စွာပါဝင်သူများအဖြစ် လူသိများသော ဦးတင့်လွင်နှင့် အဆိုတော် လီလီနိုင်ကျော်တို့ လုပ်ကြံသတ်ဖြတ်ခံရမှုများအပြီး အမျိုး သားရေးလှုပ်ရှားသူများကြား စိုးရိမ်မှုများ မြင့်တက်လာခြင်းလည်း ဖြစ်သည်။
လီလီနိုင်ကျော် သေဆုံးပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း ICU (အရေးပေါ်အထူးကြပ်မတ်ဆောင်) တွင် စောင့်ကြည့်နေရဆဲဖြစ်ပြီး စိတ်ချရသည့် အခြေအနေမဟုတ်ဟု မျိုးချစ်ရဟန်းတော်များသမဂ္ဂအဖွဲ့မှ ဆရာတော် ဦးသုစိတ္တက ပြောသည်။
၎င်းက “ဒီလိုမျိုး တယောက်ပြီးတယောက်၊ တခဏပြီးတခဏ အကြမ်းဖက်သတ်ဖြတ် မတရားခံနေရတဲ့အတွက်ကြောင့် အမျိုးသားရေးသမားတွေအတွက်တော့ ခံပြင်းတာပေါ့။ ဖြစ်နိုင်ရင် ကျုပ်တို့တောင်မှ လူထွက်ပြီး သေနတ်ကိုင်ပြီးတော့ ဒီလိုဟာမျိုးတွေကို ပြန်ပြီးတုံ့ပြန်ချင်တာပေါ့” ဟုလည်း ဆိုသည်။
ယခုလို အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ ဆက်တိုက်သတ်ဖြတ်ခံနေရမှုမှာ နိုင်ငံရေးနှင့် တော်လှန်ရေးကို အကြောင်း ပြပြီး မိမိနှင့် ယုံကြည်ချက် မတူသူများကို လက်နက်ကိုင်ကာ အကြမ်းဖက်သတ်ဖြတ်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခြင်းတို့ ကြောင့် ဖြစ်ကြောင်းလည်း ၎င်းက ဝန်ခံပြောဆိုသည်။
အမျိုးသားရေးလှုပ်ရှားသူ “နောင်တော်လေး” ကလည်း ယခုကဲ့သို့ သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်၍ “အမျိုးသားရေး လုပ်ဆောင်နေကြတဲ့ ကျနော်တို့က အမုန်းခံရမယ့်နေရာလည်း ရှေ့ကနေလုပ်ရတယ်။ အသေခံရမယ့်နေရာ လည်း ကျနော် တို့က ရှေ့ကနေသွားရတယ်” ဟု ၎င်း၏ လူမှုကွန်ရက်တွင် တင်ထားသော ဗီဒီယိုဖိုင်၌ ထည့်သွင်းပြောဆို ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သော ဦးနေမျိုးအောင်သည် ၎င်းနေ ထိုင်ရာ ရန်ကုန်မြို့၊ သာကေတမြို့နယ်၌ ပစ်သတ်ခံခဲ့ရသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရသူများသည် စစ်တပ် အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင် ပြုလုပ် သည့် တပ်ထောက်ခံပွဲများ၊ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ လှုံ့ဆော်ဟောပြောပွဲများ၌ တက်ကြွစွာပါဝင်ခဲ့ကြသူများ ဖြစ်သလို တပ်ထောက်ခံချီတက်ပွဲများတွင် ပါဝင်သူများအနေဖြင့် ကားမှန်များကိုရိုက်ခွဲခြင်း၊ ၎င်းတို့အားရှုတ်ချသည့် ပြည် သူများကို ဓားနှင့်ထိုးခြင်း၊ ထိုးကြိတ်ခြင်း စသည်ဖြင့်လည်း ရမ်းကားလေ့ရှိကြသည်။
ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အပါအဝင် အမျိုးသားရေး လှုပ်ရှားသောအစုအဖွဲ့များသည် စစ်ကောင်စီကို ဝေဖန်ရှုတ်ချသည့် နိုင်ငံရေးသမားများ၊ လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူများနှင့် လွတ်လပ်သော သတင်းဌာနများမှ သတင်းသမားများ၊ ၎င်းတို့၏ မိသားစုဝင်များကို ဖမ်းဆီးထောင်ချရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။
၂၀၂၂ ဇူလိုင်လ ၂၉ ရက်ကလည်း MNO အပါအဝင် အမျိုးသားရေးလှုပ်ရှားသူများသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တဦးဖြစ်သူ ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါ အဝင် ၄ ဦးကို အာဏာသိမ်းစစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့မှုအပေါ် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ ထောက်ခံဆန္ဒပြ ခဲ့ကြသည်။
အဆိုပါ ထောက်ခံပွဲမတိုင်မီ ၂ ရက်ကလည်း ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ မိသားစုဝင်များနေထိုင်ရာ နေအိမ်များသို့ အင်အား ၅၀ ခန့်ရှိသော စစ်တပ်ထောက်ခံသူများနှင့် အမျိုးသားရေးလှုပ်ရှားသူများသည် အုပ်စုဖွဲ့လာရောက်ပြီး တိုက်ခိုက် ခြင်း၊ ဆဲဆိုခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြသေးသည်။
ယခုကဲ့သို့ သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသူများနှင့် အမျိုးသားရေးလှုပ်ရှားသူများက စစ်ကောင်စီ က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့ပြပြောက်ကျား အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ၏ လက်ချက်ဟု စွပ်စွဲပြောဆိုထားသည်။
သို့သော် NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲမှ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မိုးကြိုးကမူ အမျိုးသားရေးလှုပ်ရှားသူများ ပစ်ခတ်သတ်ဖြတ်ခံရသည့် ကိစ္စရပ်များကို ၎င်းတို့အနေဖြင့် မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။
You may also like these stories:
မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ
ကျွန်းလှမြို့ခံများ ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ
အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု
စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုး ဘာသာ သာသနာ
စစ်အာဏာသိမ်းခြင်းကို ကြိုဆိုသည့် တိပိဋက ဘွဲ့ရ ဘုန်းကြီး