သတ္တုတူးဖော်သည့် လုပ်ငန်းများ ရပ်ဆိုင်းရန် မြန်မာ့သတ္တုမိုင်း စောင့်ကြည့်ရေး ကွန်ရက် (MMWN) က တောင်းဆိုလိုက်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရားမဝင် သတ္တုတူးဖော်မှုများသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်းများကို ထိခိုက်စေကြောင်း သတိပေးလိုက်သည်။
မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ထိုကွန်ရက်က ကချင်၊ ရှမ်း၊ ကရင်နီနှင့် ကရင်ပြည်နယ် စသည့် တိုင်းရင်းသားဒေသများတွင် ရွှေ၊ သံဖြူ၊ နစ်ကယ်၊ သံမဏိ၊ သွပ်၊ ကျောက်မီးသွေး၊ ကျောက်စိမ်း၊ မြေရှားသတ္တုနှင့် ပလက်တီနမ် စသည့် သယံဇာတတူးဖော်မှု မြင့်မားလာကြောင်း ဖော်ပြထားသည်။
“အာဏာသိမ်း စစ်ကောင်စီသည် အပေါင်းအပါ လက်နက်ကိုင်အဖွဲ့များကို အခွန်ကောက်ခွင့် ပေးထားပြီး စစ်အာဏာရှင်က အိမ်စောင့်အစိုးရအဖြစ် ကြေညာထားသော်လည်း တရားဥပဒေစိုးမိုးမှုကို လေးစားခြင်းမရှိပေ” ဟုလည်း ထိုကွန်ရက်က ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း သတ္တုတူးဖော်သည့် လုပ်ငန်းတွင် ပိုမိုပါဝင်ပတ်သက်လာသည်ဟုလည်း ထိုကွန်ရက်က ပြောသည်။
MMWN သည် အဖွဲ့ပေါင်း ၁၁ ခုက ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့သော ကွန်ရက်ဖြစ်သည်။
တရားဥပဒေစိုးမိုးမှု ကင်းမဲ့သဖြင့် တရားမဝင် သတ္တုတူးဖော်သည့် လုပ်ငန်းသည် ကြီးမားသော စက်ယန္တရားများ အသုံးပြုခြင်းကြောင့် မြေပြိုခြင်း၊ သတ္တုတွင်းရေကန်များတွင် ရေနစ်ခြင်းတို့ကြောင့် အသက်များကို ပိုမိုဆုံးရှုံးစေပြီး သတ္တုတူးဖော်သော ဒေသများတွင် မူးယစ်ဆေး ပိုမိုသုံးစွဲခြင်း၊ အတင်းအကျပ် နေရပ် စွန့်ခွာရခြင်း၊ ကလေးငယ်များ အပါအဝင် အခြားသူများကို အတင်းအကျပ် လုပ်အားခိုင်းစေခြင်းတို့ကိုလည်း ဖြစ်စေသည်ဟု ထိုကွန်ရက်က ဖော်ပြထားသည်။
တချိန်တည်းတွင် သတ္တုတွင်းများ၌ အသုံးပြုသည့် ဓာတုပစ္စည်းများသည် လယ်မြေများနှင့် ရေအရင်းအမြစ်များကို အဆိပ်သင့်စေပြီး သောက်သုံးရေ၊ စိုက်ပျိုးရေးမြေ၊ မြစ်များတွင် ငါးမျိုးစိတ်များ၊ တိရစ္ဆာန်များ၊ ဆေးဘက်ဝင် အပင်များ၊ အခြားအပင်နှင့် တိရိစ္ဆာန် ရှားပါးမှုများ ဖြစ်စေသည်ဟုလည်း ထိုကွန်ရက်က ဆက်လက်ပြောကြားသည်။
စစ်တပ်က ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် ရွှေတူးခြင်းသည် ၁၀ ဆ တိုးလာသည်ဟု ကချင်ပြည်နယ် သယံဇာတ တူးဖော်မှုကို စောင့်ကြည့်လေ့လာနေသည့် Kachin State Accountability Resource Governance group (K-SAG) က ပြောသည်။
MMWN က ထုတ်ပြန်သည့် လေ့လာမှုတခုအရ ဧရာဝတီ မြစ်ဆုံအောက်ပိုင်းတွင် ရွှေတူးဖော်မှု တိုးလာသောကြောင့် ကချင်ပြည်နယ်တွင် ပြင်းထန်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုများ ဖြစ်စေကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီနှင့် မဟာမိတ် လက်နက်ကိုင်များသည် ၎င်းတို့တွင် တရားဝင်လုပ်ပိုင်ခွင့် မရှိသော်လည်း ရွှေတူးသူများကို ခွင့်ပြုချက်များ ထုတ်ပေးကာ အခွန်ကောက်ယူကြောင်း အထက်ပါကွန်ရက်က ပြောသည်။
သတ္တုတွင်းလုပ်ငန်းမှ ရရှိသော ဝင်ငွေသည် အရပ်သားများ၊ အထူးသဖြင့် တိုင်းရင်းသားပြည်သူများနှင့် လူနည်းစုများကို တိုက်ခိုက်သည့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရေးကို အထောက်အကူ ပြုနေသည်ဟုလည်း ထိုကွန်ရက်က ဆက်လက်ဖော်ပြသည်။
မြေရှားသတ္တု တူးဖော်ခြင်းသည် အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နယ်စပ် ကချင်ပြည်နယ်မြောက်ပိုင်းတွင် သိသိသာသာ တိုးလာသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးသည့် လုပ်ကွက် အနည်းငယ်သာ ရှိသော်လည်း အာဏာသိမ်းပြီးနောက်တွင် နေရာပေါင်း ၃၀၀ နီးပါးတွင် လုပ်ကွက် ၂,၇၀၀ အထိ တိုးလာသောကြောင့် စင်ကာပူနိုင်ငံ အရွယ်အစားမျှကျယ်သည့် နေရာများတွင် လုပ်ကိုင်နေကြောင်း Global Witness က လွန်ခဲ့သော သြဂုတ်လတွင် ဖော်ပြသည်။
“ယခုနှုန်း ယခုပုံအတိုင်း သတ္တုတူးဖော်သောလုပ်ငန်းများ ဆက်လက် ကျယ်ပြန့်နေပါက ကချင်ပြည်နယ်မှ ဒေသခံ လူမှုအသိုက်အဝန်းများသည် ၎င်းတို့ အသက်မွေးဝမ်းကြောင်းများ၊ ကျန်းမာရေး၊ သစ်တောနှင့် ရေ အရင်းအမြစ်များ ဆုံးရှုံးနိုင်သည့် ပြင်းထန်သော အန္တရာယ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး ကချင်ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များသည် မကြာသောအနာဂတ်တွင် ပျောက်ကွယ်သွားမည်ဖြစ်သည်” ဟု MMWN က ပြောသည်။
သတ္တုတူးဖော်သည့် လုပ်ငန်းများကို ဆန့်ကျင်သော ဒေသခံများသည် ခြိမ်းခြောက်ခံရမှုများ၊ တိုက်ခိုက်ခံရမှုများကို ရင်ဆိုင်ကြရပြီး ၎င်းတို့၏ အပျက်အစီးလျော်ကြေး တောင်းခံမှုများကိုလည်း ပယ်ချခံရသည်ဟု အထက်ပါ ကွန်ရက်က ပြောသည်။
အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စစ်ကောင်စီအတွက် သတ္တုတူးသည့် လုပ်ငန်းများကို ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းများအား အမည်ပျက်စာရင်းသွင်းရန်၊ သဘာဝ သယံဇာတများကို ခြိမ်းခြောက်သည့် ဥပဒေများ ဖျက်သိမ်းရန်နှင့် ဆုံးဖြတ်ချက်ချခြင်းတွင် ပါဝင်ခွင့် အပါအဝင် ဌာနေတိုင်းရင်းသား အခွင့်အရေးများကို လေးစားသော သဘာဝသယံဇာတ စီမံခန့်ခွဲရန် ဖက်ဒရယ်စနစ် အကောင်အထည်ဖော်ရေးကိုလည်း ထိုကွန်ရက်က တောင်းဆိုထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Illegal Mining Boom Poisoning Land, Feeding Myanmar Junta’s War Machine: MMWN ကို ဘာသာပြန်သည်။)
You may also like these stories:
မံစီမြို့နယ်ထဲက မြေရှားသတ္တုတူးဖော်မှုများ KIO ပိတ်သိမ်းတော့မလား
မြစ်ဆုံအပါအဝင် ကချင်ပြည်နယ် နေရာအနှံ့၌ ရွှေတူးဖော်မှုများ တိုးလာ
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”
မြေရှားသတ္တုတူးဖော်ခြင်းက ဘဝပျက်ကိန်းကြုံနေရ