မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်သည် စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကို ဗုဒ္ဓဟူးနေ့တွင် သွားရောက်တွေ့ဆုံသောကြောင့် မတ်လ နောက်ပိုင်းတွင် ၎င်းတို့ ၂ ဦး ဒုတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။ ၎င်းတို့သည် အွန်လိုင်းလိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရေး ဆတိုးလုပ်ဆောင်ရန် ဆွေးနွေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ထိုင်းနယ်စပ် အခြေစိုက် တရုတ်နိုင်ငံသားများ ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများသည် အွန်လိုင်း လိမ်လည်မှုများ ပြုလုပ်နေပြီး တရုတ်မှ အလုပ်သမားများကို လစာကောင်းသော အလုပ်များဖြင့် ဆွဲဆောင်နေသည်။
ချန်ဟိုင်နှင့် စိုးထွဋ်သည် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နယ်စပ်မှ အွန်လိုင်း လိမ်လည်မှု လုပ်နေသည့် ဂိုဏ်းများ၊ နယ်စပ်ပြဿနာများနှင့် နှစ်နိုင်ငံရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ အရှိန် မြှင့်တင်ရေးတို့ကို ဆွေးနွေးကြသည်။
မေလ ၂ ရက်နေ့မှ ၅ ရက်အထိ မြန်မာသို့ လာရောက်လည်ပတ်စဉ် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းကလည်း နယ်စပ်တလျှောက် အင်တာနက်လိမ်လည်မှုနှင့်ပတ်သက်သည့် ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရန် မြန်မာနိုင်ငံကို တိုက်တွန်းသည်။
မြန်မာ၏ နယ်စပ်ဒေသများသည် ဖုန်းနှင့် အင်တာနက် လိမ်လည်မှုများနှင့် ပတ်သက်နေသည့် ဂိုဏ်းများအတွက် အခြေစိုက်စခန်းများဖြစ်နေကြောင်းနှင့် ထိုဂိုဏ်းများသည် တရုတ်နိုင်ငံသားများ အကျိုးစီးပွားကို အပြင်းအထန် ထိခိုက်ကာ တရုတ်ပြည်သူများက စက်ဆုတ်မုန်းတီးကြောင်း ချင်ကန်းက ပြောသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ တရုတ်အစိုးရသည် ထိုကိစ္စကို လွန်စွာ အရေးကြီးသည်ဟု သတ်မှတ်ပြီး ထိုဂိုဏ်းများကို ဖြိုခွဲရန် ဆုံးဖြတ်ထားကြောင်း သူပြောသည်။
တရုတ်-မြန်မာ-ထိုင်း ပူးတွဲစစ်ဆင်ရေး ကို ဆက်လက်လုပ်ဆောင်ရေးအတွက် ဌာနအမျိုးမျိုးဖြင့် အားထုတ်မှုများ ညှိနှိုင်းရန် နှင့် ခိုင်မာသော အရေးယူမှုများ ပြုလုပ်ရန် နှင့် ပြန်ပေးဆွဲခံထားရသော တရုတ် နိုင်ငံများကို အချိန်မီ ကယ်ဆယ်ရန် မြန်မာကို ချင်ကန်းက တိုက်တွန်းသည်။ မြန်မာဘက်ကလည်း အင်တာနက် လိမ်လည်မှုများနှင့် အခြားရာဇဝတ်မှုများကို နှိမ်နင်းရန်နှင့် နယ်စပ်ဒေသများတွင် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရန်အတွက် တရုတ်တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာတွင် ချန်ဟိုင်က စစ်ကောင်စီ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ် တလျှောက် အွန်လိုင်း လိမ်လည်မှုအပါအဝင် တရားမဝင်လုပ်ငန်းများကို အထူးဖြိုခွဲမှု ကနဦး အောင်မြင်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောသည်။
တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို မြန်မာက အလေးထားကြောင်း၊ ဖမ်းဆီးဖြိုခွဲမှုများကို ပိုမိုအားကောင်းအောင် လုပ်ပြီး တရုတ်အပါအဝင် အခြားနိုင်ငံများနှင့် ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်မည်ဖြစ်ကြောင်း စိုးထွဋ်က ပြောသည်။
အခက်အခဲများရှိသော်လည်း မြန်မာနိုင်ငံသည် သက်ဆိုင်ရာ နိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ပြီး ရာဇဝတ်သားများကို ထပ်မံ ဖမ်းဆီးဖြိုခွဲမှုများ ပြုလုပ်ပြီး ၂ နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကာကွယ်မည်ဖြစ်ကြောင်း စိုးထွဋ်ပြောသည်။
ချန်ဟိုင်နှင့် စိုးထွဋ်တို့သည် ဝရမ်းပြေးများကို ဖမ်းဆီးရေး၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုက်ဖျက်ရေးနှင့် နယ်စပ်မှောင်ခိုမှုများ တားဆီးရေးတို့နှင့်ပတ်သက်သော ကိစ္စများသာမက မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် သုံးသည့် ကုန်ကြမ်းများနှင့် ဓာတုပစ္စည်းများ ထိန်းချုပ်ရေးတို့ကို ဆွေးနွေးကြောင်း စစ်ကောင်စီထိန်းချုပ် သတင်းစာများက ဖေါ်ပြသည်။
ချန်ဟိုင်သည် အွန်လိုင်းလိမ်လည်မှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ဆွေးနွေးရန် စစ်ကောင်စီခန့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး မြင့်ကြိုင်နှင့်လည်း ဆွေးနွေးသည်။
တရုတ် ဗဟို စစ်ကော်မရှင် စစ်ဦးစီးဌာန ထောက်လှမ်းရေး ဗျူရို ခေတ္တ အကြီးအကဲ ဗိုလ်ချုပ် ယန်ယန်သည်လည်း နယ်စပ်တည်ငြိမ်ရေးကိစ္စများ ဆွေးနွေးရန် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းနှင့် တွေ့ဆုံခဲ့သေးသည်။
You may also like these stories:
မြန်မာ စစ်ခေါင်းဆောင်များကို သံတမန်ရေး ဖိအားပိုပေးရန် ဘန်ကီမွန်း တောင်းဆို
ထိုင်းနဲ့မြန်မာ ကိုး ဆယ်ဆ ကွာလိမ့်မယ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ရာထူးမှ နုတ်ထွက်မည်
တရုတ်ဝန်ကြီး လာပြီးနောက် မြန်မာတွင် တရုတ်ဆန့်ကျင်ရေး မြင့်မားလာနေ
ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်