ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့၏ နိုင်ငံရေးဆိုင်ရာဦးဆောင်အဖွဲ့မှ ခေါင်းဆောင်များသည် မေလ ၁၆၊ ၁၇ ရက်တို့၌ KIA ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်ထဲရှိ မိုင်ဂျာယန်မြို့တွင် တွေ့ဆုံဆွေးနွေးပြီး အချက် ၅ ချက် သဘောတူညီခဲ့သည်။
KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီဝင်များနှင့် TNLA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ဗဟိုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်ကြောင်း KIA နှင့် TNLA ထံမှ သိရသည်။ KIA ကိုယ်စားလှယ်အဖွဲ့တွင် ဗိုလ်ချုပ် ဂွန်မော် ပါဝင်ကြောင်းလည်း KIA ဘက်က ပြောသည်။
မကြာသေးသည့် မတ်လအလယ်က ပန်ဆန်းတွင်ကျင်းပခဲ့သော FPNCC အစည်းအဝေးကာလ၌ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး အင်ဘန်လနှင့် PSLF ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းတို့ အလွတ်သဘောဆွေးနွေးခဲ့ကြပြီးနောက် KIO နှင့် PSLF ဗဟိုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးလာခြင်းလည်း ဖြစ်သည်။
ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲ အခြေအနေများကြောင့် မတွေ့ဖြစ်သည့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ကြား ဆွေးနွေးပွဲ မလုပ်ရသည်မှာ ကြာနေပြီဖြစ်၍ တွေ့ဆုံကြခြင်းဖြစ်ကြောင်း ပြောသည်။
သို့သော် တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့လုံး အခြေစိုက်ရာ ရှမ်းပြည်မြောက်ပိုင်းတွင် အခွန်ကောက်ယူမှု၊ စစ်သားသစ်စုဆောင်းမှုနှင့် ပိုင်နက်နယ်မြေသတ်မှတ်မှုတို့တွင် မဟာမိတ်ဆိုသော်ငြား ပွတ်တိုက်မှုများ ရှိနေသည်။ ပြီးခဲ့သည့် မေလဒုတိယပတ်အတွင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲရှိ ရွှေလုပ်ကွက်တခုအား အခွန် ကောက်သည့်ကိစ္စနှင့်ပတ်သက်၍ KIA နှင့် TNLA တပ်ဖွဲ့ဝင်တို့ကြား အငြင်းပွားမှုများဖြစ်ခဲ့သလို စစ်ရေးတင်းမာမှု ဖြစ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ထိုကဲ့သို့ အငြင်းပွားမှုများဖြေရှင်းရန် အပါအဝင် လူသစ်စုဆောင်းသည့်ကိစ္စ၊ မူးယစ်ဆေးဝါးတိုက်ဖျက် ရေး စသည့် ကိစ္စများဆွေးနွေးပြီး သဘောတူညီချက် ၅ ချက် ရရှိခဲ့ကြောင်း KIA နှင့် TNLA တို့က မေလ ၂၈ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ရွှေမှော်ကိစ္စတွေဆိုရင်လည်း တကယ်လို့များ ညှိနှိုင်းဆွေးနွေးတဲ့ လိုင်းကနေ မဖြေရှင်းဘဲနဲ့ စစ်လက်နက်နဲ့ တင်းမာမှုပုံစံနဲ့ ဖြေရှင်းရင်တော့ နှစ်ဖွဲ့စလုံးအတွက်လည်း အကျိုးမရှိဘူး။ ပြည်သူလူထုအတွက်လည်း လုံခြုံမှုမရှိဘူး။ အဲဒါမျိုးပုံစံတွေဖြစ်လို့ရှိရင်၊ နောက်နောင်ဒါမျိုးတွေကြုံခဲ့ရင် ဖြေရှင်းဖို့ ပြောကြတာပါ” ဟု ပြောသည်။
ထို့ပြင် အစည်းအဝေးတွင် KIO နှင့် TNLA မပေါ်ပေါက်ခင်ကအဖွဲ့ဖြစ်သော ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (PSLO)ကြား သဘောတူညီခဲ့သည့် ထာဝရမဟာမိတ်စာချုပ်အား ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းအကောင် အထည်ဖော်ရန်၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အတူလက်တွဲဆောင်ရွက်သွားရန်၊ အငြင်းပွားဖွယ်ရာသမိုင်းကြောင်းနှင့် အမုန်းစကားကိုရှောင်ပြီး နှစ်ဖက်ညှိနှိုင်းဖြေရှင်း၍ ပဋိပက္ခမပေါ်ပေါက်ရေး ဝိုင်းဝန်းထိန်းသိမ်းရန်အချက်များလည်း သဘောတူညီခဲ့ကြောင်း သိရသည်။
ထို့ပြင် EAOs နှစ်ဖွဲ့အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ပြည်သူလူထု၏ လုံခြုံရေးကိုအာမခံပြီး လူထု ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် ကိစ္စများကိုရှောင်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍လည်း အပြန်အလှန် သတင်းဖလှယ်ကြရန် သဘောတူသလို လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုလည်း အသိအမှတ်ပြုအားပေး ကြရန် သဘောတူညီခဲ့သည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ရှမ်းမြောက်နယ်မြေဒေသမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ က တော်တော်များပါတယ်။ ရှမ်းတော်လှန်ရေးအဖွဲ့တွေလည်းရှိတယ်။ ပလောင်တို့၊ ကချင်တို့၊ ကိုးကန့်တို့လည်း ရှိတာပေါ့။ ပြည်သူ့စစ်တွေလည်း အတော်များများရှိတာပေါ့။ ပြည်သူလူထုတွေကလည်း လက်နက်ကိုင်အဖွဲ့အစည်း အတော်များများကြားထဲမှာ သွားရေးလာရေးကိစ္စတွေ၊ သူတို့ အသက်မွေးဝမ်းကြောင်းအလုပ်ကအစပေါ့။ အနှောင့် အယှက်ဖြစ်တာရှိတယ်။ အဲဒါတွေ မကြုံရအောင်ပါ။ ပြောရရင် အခွန်အကောက်ကိစ္စတွေ၊ လူသစ်စုဆောင်းတဲ့ကိစ္စ တွေကအစ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ကျနော်တို့ ညှိနှိုင်းပြီးမှလုပ်ဆောင်ဖို့ သဘောတူတာဖြစ်ပါတယ်” ဟု ရှင်းပြသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်ကလည်း KIA နှင့် TNLA တို့သည် အောက်ခြေတွင် လှုပ်ရှားနယ်မြေရောယှက်နေသဖြင့် နှစ်ဖက်ပြဿနာ မဖြစ်ရေး ဝိုင်းထိန်းကြရန်လိုအပ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “တချို့တအာင်းရွာတွေကိုလည်း သူတို့ဝင်တာရှိတယ်။ တချို့ကချင်နေရာတွေလည်း TNLA ဝင်ထွက်တာတွေ ရှိတယ်။ ပြီးရင် လူမျိုးရေးနေထိုင်မှုကလည်း ရောယှက်နေတယ်။ အောက်ခြေမှာ ပွဲလမ်းသဘင်တွေရှိတယ်ဆိုရင် သွားရေးလာရေးကအစ ရောယှက်နေတာပေါ့။ အောက်မှာ ပြဿနာတွေမဖြစ်အောင် နှစ်ဦးနှစ်ဖက်ဝိုင်းထိန်းပြီးမှ မြှင့်တင်ပေးဖို့၊ ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်ဖို့ပေါ့” ဟု ဆိုသည်။
KIA နှင့် TNLA ကြား ထာဝရမဟာမိတ်စာချုပ်သည် တအာင်းလက်နက်ကိုင်တပ် စပေါ်စဉ်ကတည်းကဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိနေပြီဖြစ်ကြောင်း၊ နှစ်ဖက်ကြား ယခင်ကတည်းကရှိထားသည့် သဘောတူညီချက်များကို ထပ်လောင်းအတည်ပြုကြခြင်းဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ရှင်းပြသည်။
TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကလည်း နှစ်ဖက်တပ်ဖွဲ့ကြားဆွေးနွေးပြီး သဘောတူညီချက်များ ကြေညာ နိုင်သဖြင့် မဟာမိတ်နှစ်ဖွဲ့အပေါ် တအာင်းနှင့်ကချင်တိုင်းရင်းသားများ၏ယုံကြည်မှု ပိုမိုမြင့်တက်လာနိုင်ကြောင်း ဆိုသည်။
၎င်းက “အထင်အမြင်လွဲမှားတာတွေ ရှိတယ်ပေါ့။ နှစ်ဖက်ပဋိပက္ခဖြစ်တော့မယ့်သယောင် လူမှုကွန်ရက်မှာ ပြောကြတာပေါ့။ ဒီလိုဆွေးနွေးပြီး ကြေညာချက်ထုတ်တဲ့အတွက် နှစ်ဖက်တပ်အပေါ် ယုံကြည်မှု မြင့်တက်လာမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားအရေးလေ့လာသူတဦးကလည်း KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်များတွင် တပ်မဟာ ၃ ခုကို အခြေစိုက်ထားပြီး TNLA သည်လည်း မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုမဖြစ်မီ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ အင်အားသိသိသာသာ တိုးလာကြောင်း ဆိုသည်။
KIA ထံတွင် စစ်သင်တန်းတက်ကာ တည်ထောင်ခဲ့သည့် TNLA သည် လက်ရှိကာလတွင် တပ်ရင်း ၅ ရင်းစီပါသော တပ်မဟာ ၇ ခု၊ အုပ်ချုပ်ရေးခရိုင် ၅ ခုနှင့် မြို့နယ် ၁၈ ခု ဖွဲ့စည်းထားပြီး အင်အား ၈၀၀၀ နှင့်အထက်ရှိနေကြောင်း လေ့လာသူများက ခန့်မှန်းထားသည်။
ထိုသို့ အင်အားကောင်းလာသည့် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနယ်မြေပိုမိုကျယ်ပြန့်လာပြီး KIA နှင့်ပါ ပွတ်တိုက်မှုများရှိလာသဖြင့် ညှိနှိုင်းဖြေရှင်းရန် နှစ်ဖက်ခေါင်းဆောင်များ ကြိုးပမ်းကြခြင်းဖြစ်ကြောင်း တိုင်းရင်း သားအရေးလေ့လာသူတဦးက ပြောသည်။
၎င်းက “ပြောရရင် အဲဒီဒေသမှာ KIA က တပ်မဟာ ၄ ကနေ ၆၊ ၁၀ ဆိုပြီးရှိတယ်။ ပလောင်ကျတော့ စဖွဲ့ပြီးတဲ့နောက် ၂၀၁၅၊ ၂၀၁၆ မှာ သိသိသာသာ အင်အားတိုးတယ်။ တိုးတဲ့အခါမှာ ဒီနယ်မြေနဲ့ပတ်သက်ရင် နယ်မြေအုပ်ချုပ်ရေးနဲ့ အခွန်အကောက်ကိစ္စမှာ ညှိနှိုင်းဖို့ လိုလာတယ်။ ညှိနှိုင်းမှုမရှိရင် အောက်ခြေမှာ နှစ်ဖွဲ့အကြား ပဋိပက္ခတွေ ဖြစ်လာလိမ့်မယ်။ ဖြစ်နေတာလည်းရှိတယ်။ ဒါကြောင့် သူတို့ဒါကို ဖြေရှင်းဖို့ကြိုးစားတာ ဖြစ်တယ်” ဟု ဆိုသည်။
KIA နှင့် TNLA တို့သည် အောက်ခြေတွင် ပြဿနာအချို့ရှိနေသော်လည်း နှစ်ဖက်တွေ့ဆုံဆွေးနွေးကာ ပြဿနာ ဖြေရှင်းနိုင်ရန် သဘောတူညီနိုင်ခဲ့သဖြင့် ၎င်းတို့နှစ်ဖွဲ့ကြား ဆက်ဆံရေးသည် ပိုမိုကောင်းလာဖွယ်ရှိကြောင်းလည်း တိုင်းရင်းသားအရေးလေ့လာသူတဦးက သုံးသပ်သည်။
၎င်းက “သူတို့နှစ်ဖွဲ့ကတော့ ကောင်းအောင်ကြိုးစားနေတာဖြစ်လို့ သူတို့နှစ်ဖွဲ့ရဲ့ ကြိုးစားမှုအပေါ်မူတည်ပြီး ကောင်းလာ ဖို့များပါတယ်” ဟု ဆိုသည်။
KIA နှင့် TNLA သည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ ဝင်အမြောက်အမြားကို လေ့ကျင့်သင်တန်းပေးထားသည့် EAOs များဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်မထိုးထားသည့်အဖွဲ့များလည်း ဖြစ်သည်။
၎င်းတို့နှစ်ဖွဲ့သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC)တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး စစ်ကောင်စီတပ် ၏ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုနှင့် စီးနင်းတိုက်ခိုက်မှုများ ရင်ဆိုင်ခဲ့ရသည့် EAOs များ ဖြစ်သည်။
You may also like these stories:
ဟန်ချက်ညီရန် လိုသည့် TNLA ၏ နိုင်ငံရေးနှင့် စစ်ရေး
တရုတ်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဆွေးနွေးမည်
EAO အဓိပ္ပာယ် ပြန်လည် ဖွင့်ဆိုချိန်တန်ပြီ
ကချင်တွင် ဒေသခံများအား ဖမ်း၍ လူသားဒိုင်းအဖြစ် အသုံးပြုနေ