ဂျပန်အစိုးရနှင့် ကော်ပိုရေးရှင်းများသည် ရထားစီမံကိန်းများဖြင့် မြန်မာစစ်ကောင်စီကို ငွေကြေး ထောက်ပံ့နေကြောင်း Justice for Myanmar (JFM) က ဖော်ပြသည်။
စစ်အုပ်ချုပ်ရေးအောက်တွင် ရထားအဆင့်မြှင့်တင်ရေး စီမံကိန်းများကို ဆက်လက် အကောင်အထည် ဖော်နေကြောင်း အထက်ပါ တက်ကြွလှုပ်ရှားသူအဖွဲ့က Distributed Denial of Secrets (DDS) အင်တာနက် စာမျက်နှာ အပါအဝင် ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် အများပြည်သူ သတင်းရင်းမြစ်များကို အခြေခံပြီး မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ဂျပန်နှင့် ဥရောပသမဂ္ဂမှ နိုင်ငံစုံကော်ပိုရေးရှင်းများက အကောင်အထည်ဖော်နေသည့် ရထားစီမံကိန်းများသည် စစ်ကောင်စီက ရထားများကိုသုံးပြီး တပ်များ၊ လက်နက်များနှင့် အခြားအထောက်အပံ့များကို သယ်ဆောင်သောကြောင့် စစ်ကောင်စီကို အထောက်အကူပြုကြောင်း JFM က ပြောသည်။
စပိန်ကော်ပိုရေးရှင်း Construcciones y Auxiliar de Ferrocarriles (CAF) နှင့် ဂျပန်မှ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းသည် မြန်မာစစ်ကောင်စီသို့ ရထားများ ပေးပို့နေသည်။
Daiwa House ၏လုပ်ငန်းခွဲ Fujita Corporation, Sumitomo Corporation နှင့် Nippon Signal Co Ltd တို့သည် ရထားလမ်းများနှင့် ဘူတာရုံအဆင့်မြှင့်တင်ရေး၊ တံတားတည်ဆောက်ရေး၊ အချက်ပြဆက်သွယ်ရေးနှင့် အခြား ဆက်သွယ်ရေးကိရိယာများ ထောက်ပံ့နေသည်။
DDS မှ ပေါက်ကြားလာသည့် အခွန်ဖြတ်ပိုင်းတခုအရ Fujita သည် လွန်ခဲ့သောနှစ်က ရန်ကုန်-ပဲခူး ရထားလမ်းအတွက် စစ်ကောင်စီထိန်းချုပ် မြန်မာ့မီးရထားမှ ကျပ်ငွေ ၂၉ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅ သန်း) ရရှိကြောင်း ဖော်ပြထားသည်။
မြန်မာ့မီးရထားဝန်ထမ်း ၃၀,၀၀၀ ၏ ၉၀ ရာခိုင်နှုန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး စစ်အုပ်ချုပ်ရေးအောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်ခဲ့သည်။
Tekken Corporation နှင့် Rinkai Nissan Construction တို့သည် ပဲခူးမှ ညောင်လေးပင်အထိ လမ်းပိုင်းကို လုပ်ကိုင်နေပြီး Tokyu Construction သည် ညောင်လေးပင်မှ တောင်ငူလမ်းပိုင်းကို လုပ်ကိုင်နေသည်။ Toenec Corporation သည် အချက်ပြဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး အဆင့်မြှင့်တင်ခြင်းကို လုပ်ကိုင်နေကြောင်း JFM က ဖော်ပြသည်။
ထိုကော်ပိုရေးရှင်းများသည် စစ်အာဏာသိမ်းမှု မတိုင်မီက ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေဖြင့် လုပ်ကိုင်သည့် စီမံကိန်းများအရ မြန်မာ့မီးရထားမှ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေကြောင်း ထိုအဖွဲ့က ပြောသည်။
စစ်အာဏာသိမ်းမှုမတိုင်မီ နှစ်နိုင်ငံသဘောတူညီချက်အရ ထိုစီမံကိန်းများကို စစ်ရေးကိစ္စများအတွက် အသုံးမပြုရကြောင်း JICA က JFM သို့ ပြောသည်။
“သို့သော် ဂျပန်အစိုးရနှင့် ပါဝင်ပတ်သက်သော ကော်ပိုရေးရှင်းများသည် စစ်ကောင်စီက အလွဲသုံးစားလုပ်သည်ကို တားဆီးနိုင်ခြင်း မရှိပေ” ဟု JFM က ပြောကြားသည်။
ဂျပန်က အရပ်သားအများအတွက် လှူဒါန်းထားသော သင်္ဘောများကို စစ်ကောင်စီက ရခိုင်ပြည်နယ်မှတပ်များ သယ်ပို့ရာတွင် အသုံးပြုခဲ့သည့် မကြာသေးမီက ဖြစ်ရပ်တခုကို JFM က ကိုးကားဖော်ပြသည်။
ဂျပန်က ထိုကိစ္စအတွက် စစ်ကောင်စီကို ဧပြီလတွင် ကန့်ကွက်ခဲ့သော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ် မည်သည့်ကြေညာချက်မှ ထုတ်ပြန်ခြင်း မရှိပေ။
မြန်မာတွင် ဒီမိုကရေစီ ပြည်လည် ထူထောင်ပြီးသည်အထိ ရထားအဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ဆိုင်းငံ့ထားရန် ဂျပန်အစိုးရနှင့် လုပ်ငန်းများကို JFM က တောင်းဆိုသည်။
“ဂျပန်နိုင်ငံသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်သင့်ပြီး စစ်ကောင်စီနှင့် ၎င်း၏အကျိုးစီးပွားများ ပိတ်ဆို့ အရေးယူခြင်းနှင့် မြန်မာမှ စီမံကိန်းများအတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအားလုံးကို ဆိုင်းငံ့ခြင်းဖြင့် နိုင်ငံတကာတာဝန်ကို ဖြည့်ဆည်းသင့်သည်” ဟုလည်း ထိုအဖွဲ့က ပြောသည်။
ဂျပန်သည် စစ်ကောင်စီကို တရားဝင်အောင်လုပ်ပြီး အရပ်သားများကို အကြမ်းဖက်သည့် စစ်ဆင်ရေးများအတွက် ရင်းမြစ်များ ထောက်ပံ့နေသည်ဟု JFM ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။
“ဂျပန်နိုင်ငံသည် မြန်မာပြည်သူများအတွက် လမ်းကြောင်းမှန်ပေါ်တွင် ရှိနေရန်၊ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ စီမံကိန်းများ ဆိုင်းငံ့ရန်၊ စစ်ကောင်စီနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို အရေးယူရန် လိုသည်” ဟု ၎င်းကပြောသည်။
မြန်မာ့မီးရထားသည် စစ်ကောင်စီ၏ လုပ်ငန်းတခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းများသည် မြန်မာ့မီးရထားနှင့် အဆက်အသွယ်ဖြတ်သင့်ကာ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်များကို လိုက်နာသင့်သည်ဟုလည်း မရတနာမောင်က ပြောသည်။
CAF နှင့် စစ်ကောင်စီ ပတ်သက်မှုသည် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ခြင်း ရှိ၊ မရှိ စုံစမ်း စစ်ဆေးရန် စပိန်အစိုးရကိုလည်း JFM က တောင်းဆိုထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Japanese Rail Projects Helping Myanmar Junta to Move Troops: JFM ကို ဘာသာပြန်သည်။)
You may also like these stories:
ဂျပန်-အာဆီယံဌာန စစ်ကောင်စီကို ငွေကြေးထောက်ပံ့
လှူဒါန်းထားသော သင်္ဘောများကို စစ်တပ်က သုံးနေသောကြောင့် ဂျပန်က ကန့်ကွက်
ကန်ဂျီနာဂါအိ၏ နောက်ဆုံးဓာတ်ပုံများ ထုတ်ပြန်
ပိတ်ဆို့အရေးယူမှု ချိုးဖောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ ကြံရာပါဖြစ်နိုင်