၁၈ လကြာ ရာထူးသက်တမ်းတွင် စစ်အစိုးရနှင့် အတိုက်အခံများက ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရအပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သည် ဇွန်လတွင် ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မငြိမ်မသက်ဖြစ်နေပြီး ဒီမိုကရေစီ စမ်းသပ်မှုကို အဆုံးသတ်လိုက်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်းဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားများက လက်နက်ကိုင် တော်လှန်ပုန်ကန်နေကြသည်။
အကျပ်အတည်းကို ဖြေရှင်းရန် ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) တို့က ဦးဆောင်သည့် သံတမန်ရေး ကြိုးပမ်းမှုများသည် အာဏာသိမ်းမှုမှ ထွက်ပေါ်ခဲ့သော သွေးထွက်သံယိုများကို ဟန့်တားနိုင်ခဲ့ခြင်း မရှိပေ။
၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် Antonio Guterres က အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သော နိုလင်းဟေဇာ Noeleen Heyzer သည် ၎င်း၏ သက်တမ်းကုန်ဆုံးချိန် ဇွန်လ ၁၂ ရက်နေ့တွင် ၎င်း၏ တာဝန် ပြီးဆုံးမည်ဟု စတီဖင်း ဒူဂျားရစ် Stephane Dujarric က ပြောကြားခဲ့သည်။
ဂူတာရက်စ်က “ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေကိုယ်စား မငြီးငွေ့တဲ့ ကြိုးပမ်းမှုတွေအတွက် မစ္စ ဟေဇာကို ကျေးဇူးတင်ရှိပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောပြီး သံတမန်သစ်တစ်ဦးကို ထပ်မံခန့်အပ်မည်ဖြစ်ကြောင်းလည်း ပြောသည်။
စင်္ကာပူ လူမှုဗေဒပညာရှင် နိုလင်းဟေဇာသည် အတိုက်အခံများနှင့် နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချပြီးနောက် စတင်ခဲ့သော သွေးထွက်သံယို ဖြိုခွင်းမှုကို အဆုံးသတ်ရန် စစ်အစိုးရအား တိုက်တွန်းရေး တာဝန်ပေးခဲ့သည်။
သူသည် ပြီးခဲ့သည့် သြဂုတ်လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားသော စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံခဲ့သောကြောင့် ဗိုလ်ချုပ်များအား တရားဝင်မှု ပေးခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့သည်။
သို့သော် ထိန်းသိမ်းခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအား ငြင်းဆိုခံခဲ့ရကာ “တဖက်သတ်ထုတ်ပြန်ချက်” ထုတ်သည်ဟု စစ်အစိုးရအရာရှိများက နိုလင်းဟေဇာကို ဒေါသတကြီး တုန့်ပြန်ခဲ့သည်။
တံခါးပိတ် စစ်တရားရုံးက စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရပါက မြန်မာနိုင်ငံသို့ ထပ်မံ သွားရောက်ခြင်းမပြုရန် သူက ကတိပြုခဲ့သည်။
ငြင်းဆိုခြင်း
အဓိက မဟာမိတ်လည်း ဖြစ် လက်နက်ရောင်းချသူလည်း ဖြစ်သော ရုရှားနှင့် တရုတ်တို့က ကျောထောက်နောက်ခံဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးမှု စတင်ရန် ကြိုးပမ်းမှု အများအပြားကို ပယ်ချခဲ့သည်။
ကုလသမဂ္ဂ အထူးသံတမန်ဟောင်း ဆွစ်ဇာလန် သံတမန် ခရစ်စတင်း ရှရီနာ ဘာဂနာ Christine Schraner Burgener အား မြန်မာနိုင်ငံသို့ လာရောက်ခြင်း မပြုရန် ပိတ်ဆို့ထားခဲ့ပြီး စစ်ကောင်စီ ကျောထောက်နောက်ခံပြု မီဒီယာများတွင် ပုံမှန် ပစ်မှတ်ထား တိုက်ခိုက်ရေးသားလေ့ရှိခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံတမန် ဟောင်း ပရက်ဆိုခွန်း Prak Sokhonn သည် မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက်ခဲ့သော်လည်း နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုကို ငြင်းဆိုခဲ့သည်။
အာဏာသိမ်းပြီးကတည်းက စစ်တပ်၏ ဖြိုခွင်းမှုမှာ လူ ၃,၅၀၀ ကျော် သေဆုံးခဲ့ပြီး လူတသန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက အစီရင်ခံထားသည်။
You may also like these stories:
မြန်မာ့အရေး ဒေသတွင်းညီညွတ်ရန် ကုလ အထူးသံတမန် တိုက်တွန်း
ကမ္ဘာ့အညွှန်းကိန်းများတွင် မြန်မာပြည် စိုးရိမ်ဖွယ် အဆင့်ချိတ်
မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်
လှုပ်နေသော နဂါးနှင့် ငြိမ်နေသော လင်းယုန်
Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့