လွန်ခဲ့သောလက မြန်မာသို့ ရုတ်တရက် သွားရောက်ပြီးနောက် စစ်တပ်က အုပ်ချုပ်နေသည် မြန်မာမှ အာဏာပိုင်များနှင့်သာမက လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများနှင့်ပါ ဆက်သွယ်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက ပြောကြားပြီး အကြမ်းဖက်မှု ရပ်ဆိုင်းရေးအတွက် မြန်မာစစ်ခေါင်းဆောင်များကို သံတမန်ရေးဖိအား ပိုမိုပေးရန် တောင်းဆိုလိုက်သည်။
ထိုသို့သော ဆက်သွယ်မှုများ၏ သဘောသဘာဝကို မစ္စတာ ဘန်ကီမွန်းက အတိအကျ ပြောကြားခြင်းမပြုဘဲ ဧပြီလက စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် အသေးစိတ်များကိုလည်း ပြောကြားရန် ငြင်းဆန်သည်။ သူသည် ကမ္ဘာတဝန်းမှ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အစီအစဉ်များတွင် ပါဝင်နေသည့် ဝါရင့်ပုဂ္ဂိုလ်များအဖွဲ့ဖြစ်သည့် The Elders မှ အခြားအဖွဲ့ဝင်များနှင့်အတူ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“မြန်မာမှာ ဒီမိုကရေစီ ကျင့်သုံးအောင် တတ်နိုင်သမျှ ကူညီဖို့ အဲဒီလူတွေအားလုံးနဲ့ အနီးကပ် ဆက်သွယ်ထားတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ပြောသည်။
မစ္စတာ ဘန်ကီမွန်းက မြန်မာအာဏာပိုင်များ၊ အဖွဲ့ဝင် ၁၀ နိုင်ငံပါသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အဆက်အသွယ်များ ရှိနေဆဲဖြစ်ကြောင်း ပြောသည်။ NUG သည် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ခုခံတော်လှန်ရေးကို ဦးဆောင်နေသည့် အရပ်သားအစိုးရအဖွဲ့ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အခြားထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေး လုပ်ဆောင်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ပြောသည်။ အာဆီယံက ချမှတ်ထားသည့် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရန်နှင့် စစ်တပ်နှင့် ဒီမိုကရေစီလိုလားသော ခုခံတော်လှန်ရေး အင်အားစုများအကြား အကြမ်းဖက်မှုရပ်ဆိုင်းရန်၊ ကုလသမဂ္ဂ၏ သီးခြားဆုံးဖြတ်ချက်ကို လိုက်နာရန်လည်း စစ်ခေါင်းဆောင်များကို မစ္စတာ ဘန်ကီမွန်းက တောင်းဆိုသည်။
မစ္စတာ ဘန်ကီမွန်းသည် မြန်မာစစ်ခေါင်းဆောင်များက ဖိတ်သောကြောင့် မြန်မာသို့ သွားရောက်ခြင်းဖြစ်သည်။ ထိုတွေ့ဆုံစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်များက မည်သို့ပြောကြားသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ တွေ့ဆုံညှိနှိုင်းရေးအတွက် ပြင်ပမှ တောင်းဆိုမှုများကို မြန်မာစစ်ကောင်စီက အချုပ်အခြာအာဏာ ထိပါးမှုအဖြစ် ယူဆပြီး ဒီမိုကရေစီလိုလားသည့် အတိုက်အခံများကို အကြမ်းဖက်သမားများအဖြစ် တံဆိပ်ကပ်သည်။
သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီမွန်းက သူသည် မြန်မာစစ်ခေါင်းဆောင်များအား ဆွေးနွေးသည့်အခါတိုင်း ငြင်းဆန်ရန် ကြိုးစားနေခြင်းကို မည်သည့်အခါမှ လက်မခံကြောင်း ပြောကြားသော်လည်း ဆွေးနွေးမှု အသေးစိတ်များကို ပြောကြားခြင်း မရှိပေ။
ငြိမ်းချမ်းရေး အားထုတ်မှုများတွင် တိုးတက်မှု မရှိသောကြောင့် မစ္စတာ ဘန်ကီမွန်း၏ အစီအစဉ်နှင့် ပတ်သက်ပြီး အချို့ကျွမ်းကျင်သူများက သံသယများ ဖော်ပြကြသည်။
နိုင်ငံတကာ ခေါင်းဆောင်များသည် အကြမ်းဖက် စစ်တပ်ခေါင်းဆောင်များနှင့် လက်ဆွဲနှုတ်ဆက်ပါက ၎င်းတို့လက်တွင် သွေးစွန်းမည်ဖြစ်ကြောင်း NUG ပြောခွင့်ရသူ ဦးနေဘုန်းလတ်က မစ္စတာ ဘန်ကီမွန်းနှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံခြင်းကို ရည်ညွှန်းပြောသည်။
သူနှင့်တွေ့ဆုံပြီးနောက် မြန်မာစစ်ခေါင်းဆောင်များသည် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို လွှတ်ပေးခဲ့ကြောင်း၊ သို့သော် ၂၀၂၁ ခုနှစ် ကတည်းက ဖမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည် မပါကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောသည်။
အတိုက်အခံ NUG နှင့် တွေ့ဆုံခြင်း အပါအဝင် The Elders အဖွဲ့ကိုယ်စား မြန်မာသို့ ထပ်မံသွားရောက်ရန် ရှိ၊ မရှိမေးသောအခါ မစ္စတာ ဘန်ကီမွန်းက “လိုအပ်တာဘာမဆို လုပ်မယ်” ပြန်လည် ဖြေကြားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် မစ္စတာ ဘန်ကီမွန်းသည် ၂၀၀၈ ခုနှစ်က ဆိုင်ကလုန်းနာဂစ်မှ လွတ်မြောက်လာသူများထံ ကျွမ်းကျင်သူများ သွားရောက်ခွင့်ရရန်နှင့် ပြည်ပအကူအညီများ လက်ခံရန် ထိုစဉ်က မြန်မာစစ်အုပ်စုကို ဖိအားပေးခဲ့သည်။ ထိုမုန်တိုင်းအတွင်း လူပေါင်း ၁၃၄,၀၀၀ သေဆုံးသည်။
ဒီမိုကရေစီကို လက်ခံရန်လည်း စစ်အုပ်စုကို ဖိအားပေးခဲ့သည်။ သူသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆယ်စုနှစ်များစွာကြာသည့် လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရန် ကြိုးစားရန် နေပြည်တော်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့လည်း ၂၀၁၆ ခုနှစ်တွင် တက်ရောက်ခဲ့သည်။
မြောက်ကိုရီးယားက စစ်ဘက်ဂြိုလ်တု လွှတ်တင်ရန် ကြိုးစားမှု မအောင်မမြင်ဖြစ်ပြီးနောက် တောင်ကိုရီးယားနှင့် ဂျပန်တွင် ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးမှုများ ထုတ်ပြန်ပြီးနောက် ထိုသတင်းစာရှင်းလင်းပွဲ ကျင်းပခြင်းဖြစ်သည်။
မစ္စတာ ဘန်ကီမွန်းနှင့် The Elders အဖွဲ့၏ အခြားအဖွဲ့ဝင်များဖြစ်သော ဥက္ကဋ္ဌ အိုင်းရစ် သမ္မတဟောင်း မာရီ ရော်ဘင်ဆင်၊ မွန်ဂိုလီးယား သမ္မတဟောင်း အယ်လ်ဘက်ဒေါ့ ဆကီယာနှင့် ကိုလံဘီယာ သမ္မတဟောင်း ဂျူယန် မန်နူရယ် ဆန်းတို့စ် တို့က ထိုဂြိုလ်တု လွှတ်တင်ခြင်းကို ဝေဖန်ပြီး ဆန်းတို့စ်က ထိုလုပ်ရပ်သည် မလိုအပ်သည့် ရန်စမှုဖြစ်ကြောင်း ပြောသည်။
ကိုးကား ။ ။ AP သတင်း Ex-UN head Ban calls for more diplomatic pressure on Myanmar’s military leaders
You may also like these stories:
မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ဘန်ကီမွန်း ကျေနပ်ပုံရ
အကြမ်းဖက်မှုရပ်ရန် ဘန်ကီမွန်း ပြောအပြီး မင်းအောင်လှိုင်က စစ်ရှောင်တွေကို ဗုံးကြဲ
နေပြည်တော်က မင်းအောင်လှိုင်ဘုရား ဘန်ကီမွန်း သွားဖူး
“စစ်တပ်က ပထမ ခြေလှမ်း စ ရန်” ဘန်ကီမွန်း တိုက်တွန်း