ချင်းပြည်နယ် မြောက်ပိုင်း၊ ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသား တပ်မတော်(CNF/CNA) ဌာနချုပ် ဗစ်တိုရီးယားစခန်းအား အာဏာသိမ်း စစ်ကောင်စီက စစ်ဆင်ရေးလုပ်ရန် ပြင်ဆင်ကြိုးပမ်းနေကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြော သည်။
စစ်ကောင်စီတပ်သည် ထန်တလန်မြို့ကို ထိန်းချုပ်ထားရန် ဟားခါးမြို့ဘက်မှ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ တက်လာသဖြင့် ဟားခါးနှင့် ထန်တလန်မြို့ကြားရှိ သီးမစ်ချောင်းဒေသတွင် တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။
ဆလိုင်းထက်နီက “ဟားခါးကနေ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တက်လာတော့ သီးမစ်ချောင်း အပေါ်ဘက်နဲ့ အောက်ဘက် နှစ်နေရာမှာ ဖြစ်နေတာပေါ့။ အဓိကတော့ ထန်တလန်မြို့နယ်ထဲဝင်ပြီးတော့ ထန်တလန်အထိုင်ကို အင်အားဖြည့်ပြီး ဒေသ တကြောကို ပြန်လည်စိုးမိုးပြီးတော့မှ ကျနော်တို့ ချင်းအမျိုးသားတပ်မတော် ဌာနချုပ်ရှိတဲ့နေရာကို စစ်ဆင်ရေးလုပ်ဖို့ ပြင် ဆင်နေတယ်လို့ သိရတယ်” ဟု ပြောသည်။
မေလ ၁၆ ရက်က စစ်ကောင်စီက ထန်တလန်မြို့သို့ စတင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယနေ့အထိ တိုက်ပွဲများ ဖြစ် ပွားလျက်ရှိရာတွင် စစ်ကောင်စီဘက်က ၃၀ ဦးခန့် သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရရှိထားကြောင်းနှင့် သေနတ် ၂ လက် နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းရရှိထားကြောင်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်များဘက်က ပြောဆိုထား ကြ သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများကြောင့် သီးမစ်ချောင်းဒေသအနီး ကျေးရွာတရွာတွင် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အပြင် မေလ၂၉ ရက်က ဖြစ်ပွားသည့်တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ထိခိုက်သေဆုံးမှုများရှိခဲ့ရာတွင် လက်ရှိအချိန်အထိ ချင်းဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဆလိုင်းထက်နီက “ရဲဘော်တယောက် ဒဏ်ရာရရှိတဲ့အတွက် တပ်စိတ်တစိတ်ကနေ သွားပြီးတော့ ကယ်တဲ့အချိန်မှာ လက်နက်ကြီးကျပြီးတော့ တနေရာထဲမှာပဲ ၆ ယောက် ကျသွားတယ်။ နောက်ပြီးတော့မှ တိုက်ပွဲမှာ ဒဏ်ရာရလို့ တိုက်ပွဲမှာ တိုက်ရိုက် မကယ်ဘဲ ဆေးရုံမရောက်ခင်လမ်းကြောမှာ သေဆုံးသွားသူတွေလည်း ရှိပါတယ်” ဟု ပြောသည်။
စစ်ကောင်စီဘက်က ဌာနချုပ်စခန်းအား ထိုးစစ်ဆင်လာနိုင်ချေရှိနေသော်လည်း လတ်တလောတွင် ဟားခါးနှင့် ထန် တလန်ကြားတွင်သာ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး ဌာနချုပ်စခန်းရှိရာတွင် တိုက်ပွဲများဖြစ်ပွားမှု မရှိသေးကြောင်း လည်း သိရသည်။
ယခုနှစ်ဆန်း ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင်မူ စစ်ကောင်စီက CNF ဌာနချုပ် ဗစ်တိုးရီးယားစခန်းအား တိုက်လေ ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် CNF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံ ၁ ရုံ လည်း ပျက်စီးခဲ့ရသည်။
ယခုကဲ့သို့ ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန်တွင် ချင်းပြည်နယ် တောင်ပိုင်း ဖြစ်သည့် မင်းတပ်မြို့နယ်အတွင်း၌လည်း မင်းတပ်ဒေသကာကွယ်ရေးတပ်နှင့် ဂန့်ဂေါခရိုင်ကာကွယ်ရေးတပ်ရင်းအချို့ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။
အဆိုပါ တိုက်ပွဲမှာ တပ်အချိန်းအပြောင်းပြုလုပ်ပြီး မင်းတပ်မြို့နယ်မှ ကျောက်ထုမြို့ရှိတပ်ရင်းသို့ ပြန်ဆင်းလာသည့် အင် အား ၂၀၀ ဦး ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ဒေသကာကွယ်ရေးပူးပေါင်းတပ်များက မင်းတပ်မြို့မှ ၇ မိုင်ခန့်အကွာ ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်မျဉ်း ထင်ချောင်းကျေးရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရှိသူ ကိုယောမန်က “တပ်ချိန်းတာပေါ့၊ ကျနော်တို့ မင်းတပ်ကို ပျူတွေ အင်အား ၂၀၀ လောက်ရောက်လာတယ်၊ သူတို့က ကားလမ်းအတိုင်း ရိုးရိုးလမ်းအတိုင်းမသွားဘဲနဲ့ တောတွေတောင်တွေ ချောင်းတွေဖြတ်ပြီးမှ ည ၁၂ နာရီ၊ ၁ နာရီ အချိန်တွေ သွားတာပေါ့လေ။ အဲဒီလိုဆိုတော့ လူငယ်တွေက ပြင်ဆင်ထားတဲ့ နေရာကို မလာဘဲနဲ့ ကွေ့ပတ်ရှောင်ပြီးမှ တောထဲရှောင်သွားတော့ လွတ်သွားတယ်ပေါ့လေ။ ဆိုတော့ အယောက် ၂၀၀ တော့ မြို့ထဲရောက်သွားပြီ။ ပထမ သူတို့သွားနိုင်ခဲ့တဲ့ နေရာတွေမှာ လူငယ်တွေက ဝိုင်းရံပိတ်ဆို့ပြီးမှ စောင့်နေတာပေါ့။ အဲဒီမှာ ပြန်ဆင်းလာတဲ့အဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်ကြတာပေါ့” ဟု ပြောသည်။
မေလ၂၉ ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရမှုများလည်း များပြား သည့်အတွက် စစ်ကောင်စီတပ်အနေဖြင့် ယနေ့အထိ ရှေ့ဆက်သွားနိုင်ခြင်းမရှိသေးဘဲ ထင်ချောင်းကျေးရွာအနီး ပတ်ဝန်း ကျင်တွင် နေထိုင်ကာ ကျေးရွာများအတွင်း အိမ်မွေးတိရစာ္ဆန်များအား သတ်စားခြင်း၊ ဆေးကုသခြင်းများ ပြုလုပ်နေ ကြောင်းလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်က ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတဦးဖြစ်သူ ဗိုလ်မှူး စိုးထက်ပိုင်တိုးလည်း သေဆုံးခဲ့ကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များဘက်က ပြောကြားသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲအတွင်း မင်းတပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (CDF) မှ တပ်ဖွဲ့ဝင်တဦးလည်း အကြီးစား ထိခိုက်ဒဏ်ရာ ရရှိထားကြောင်းလည်း သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်အား အစောဆုံး လက်နက်ကိုင်ခုခံတိုက်ခိုက်ခဲ့သည့် ချင်းပြည်နယ်ရှိ ပလက်ဝ မြို့နယ်မှလွဲ၍ ကျန်မြို့နယ်အားလုံးအား စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး မကြာခဏ ဗုံးကြဲတိုက် ခိုက်မှုများ လည်း ပြုလုပ်လျက် ရှိသည်။
You may also like these stories:
တရုတ်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဆွေးနွေးမည်
နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)
နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၂)
နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၃)