မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာမြေများ အကွက်ရိုက်ရောင်းချနေမှုအပေါ် အရေးယူဆောင်ရွက်မည်ဟု အောင် မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်ကြောင့် ဝယ်ယူနေထိုင်သူများအကြား စိုးရိမ်မှုများ ဖြစ်နေသလို အရောင်းအဝယ်လည်း ရပ်သွားကြောင်း ဒေသခံများထံ သိရသည်။
မေ ၂၇ရက် ထုတ်ပြန်ကြေညာချက်တွင် ပုသိမ်ကြီးမြို့နယ်သည် မန္တလေးမြို့နှင့် ထိစပ်နေသဖြင့် လူအများက စိတ်ဝင်စား ကြောင်း၊ ထို့အတွက် ယင်းမြို့နယ်တွင် လယ်ယာမြေများကို ခွင့်ပြုမိန့်မရှိဘဲ မြေဖို့ခြင်း၊ ကွက်စိပ်ရိုက်ရောင်းခြင်း၊ ကွန်ကရစ် လမ်းခင်းခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ကွန်ကရစ်တိုင်စိုက် ခြံစည်းရိုးကာခြင်း၊ နေအိမ်ဆောက်ခြင်း၊ ဈေးဆိုင်ခန်းများ ဆောက်ခြင်း၊ တရားမဝင်မြေရောင်းဝယ်မှုများ လုပ်ခြင်းများ တွေ့ရကြောင်း၊ ထိုသို့ဥပဒေနှင့် မညီသည့် ဆောင်ရွက်နေသူ များကို လယ်ယာမြေဥပဒေ ပုဒ်မ ၂၀(က)အရ တရားစွဲခြင်း၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၇(ဃ)အရ လယ်မြေလုပ်ပိုင်ခွင့် ရုပ်သိမ်းခြင်း၊ အခြားနည်းအသုံးပြုခွင့်ကို ပယ်ဖျက်ခြင်းများ လုပ်ဆောင်မည်ဟု ပါရှိသည်။
ပုသိမ်ကြီးမြို့နယ်မှ အိမ်ခြံမြေအကျိုးတော်ဆောင် ဦးညိုဝင်းက “မန္တလေးမှာ ကျူးတွေရှင်းနေတဲ့ အချိန်ဆိုတော့ တန်ဖိုး နည်း အကွက်ရိုက် မြေကွက်လေးတွေ အရောင်းအဝယ်ရှိနေတာပေါ့၊ တော်တော်များများကတော့ အကွက်ရိုက် မြေကွက် တွေကို လာဝယ်ပြီး ချက်ချင်းဆောက်နေကြတာ၊ သူက စရံချ အိမ်ဆောက်နေ၊ ကျန်တာ အရစ်ကျဆိုတော့ အဆင်ပြေကြ တယ်၊ အခုသတင်းတွေ ထွက်လာတော့ အရောင်းအဝယ် ရပ်တန့်မလို့ ဖြစ်သွားတယ်”ဟု ပြောသည်။
မှန်ပင်၊ နွယ်နီ၊ ကျွဲရေကုန်း၊ မဲကင်းကုန်း၊ ဇီးချိုကုန်း၊ သစ်ချိုကုန်း၊ ရွှေကျင်ကွက်သစ်၊ နန္ဒာ၊ ကန်ပိုင်၊ တဲကုန်း၊ ကံကြီးကုန်း၊ သမ္မတော၊ လက်ကောင်း၊ သလဲကုန်း၊ အုန်းချော၊ ဆင်ရွာကြီး၊ ဆင်ရွာတော၊ နန်းဦးလွင်၊ ကန်ကောက်အရှေ့စသည့် ကျေးရွာများတွင် အကွက်ရိုက်မြေများ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးရှိ အကွက်ရိုက်မြေဝယ်၍ နေသူတဦးက “ကျနော် အိမ်ထောင်ကျစကတည်းက အိမ်ငှားနဲ့ပဲ နေလာတာ၊ အခုနောက်ပိုင်း အိမ်လခတွေကလည်း ဈေးကြီးလာတော့ အငှားနဲ့ ဆက်မနေချင်တော့လို့ အကွက်ရိုက် မြေကွက် ပေ ၂၀× ပေ ၄၀ ဝယ်ပြီးနေတာပါ၊ အရစ်ကျနဲ့ ဝယ်ခဲ့တာပေါ့၊ ကနဦးသွင်းရတဲ့ ပိုက်ဆံကလည်း အိမ်စပေါ်တင် ရင်ပေးရမယ့် အနေအထားမျိုးမို့ ဝယ်လိုက်တာပါ၊ မြေဖိုးလေးကျေပြီတာမှ ဘာမှ မကြာသေးဘူး၊ အခုတော့ ပြန်သိမ်းမယ် ဆိုတာမျိုးတွေ ကြားတော့ အတော်ကို စိတ်ဆင်းရဲရပါတယ်ဗျာ” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် ကျူးကျော်ရှင်းလင်းနေမှုများကြောင့် တန်ဖိုးနည်း အကွက်ရိုက်မြေ ကွက်များ အရစ်ကျစနစ်ဖြင့် အရောင်းအဝယ် ပို၍ ဖြစ်လာသလို အကွက်ရိုက်မြေကွက်များ၏ အနည်းဆုံးတန်ဖိုးမှာ ၁ ပေ× ပေ ၄၀ လျှင် ကျပ် ၁သိန်းခွဲခန့်သာ ရှိပြီး အနည်းဆုံး ပေ ၂၀ ပေ ၄၀ ဝယ်ယူမည်ဆိုပါက ကျပ်သိန်း ၃၀ ခန့်သာ ကျသင့် ကြောင်း၊ အဆိုပါ မြေတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းပေးချေပြီး ကျန်ငွေအား အရစ်ကျစနစ်ဖြင့် ရောင်းဝယ် နေခြင်း ကြောင့် အခြေခံလူတန်းစားများ အများဆုံး ဝယ်ယူနေထိုင်ကြကြောင်း သိရသည်။
အလားတူ နွယ်နီကျေးရွာရှိ အကွက်ရိုက်မြေဝယ်၍ နေသူတဦးကလည်း “နှစ်၃၀ လောက် နေခဲ့တဲ့ နေရာလေး သံလမ်း ကျူးဆိုပြီး အဖျက်ခံခဲ့ရတာ၊ အမျိုးသားကလည်း ဆုံးထားတာ မကြာသေးချိန် အိမ်လည်း အဖျက်ခံရ၊ စုဆောင်းထားတဲ့ ရှိစုမဲ့စုလေးတွေနဲ့ နွယ်နီဘက်က အကွက်ရိုက်မြေကွက်လေး ဝယ်နေတာ ဘာမှမကြာသေးဘူး၊ အခုထိတော့ ဖျက်ရမယ်၊ ဖယ်ရမယ်ဆိုတာမျိုးတော့ အကြောင်းကြားလာတာမျိုး မရှိသေးပေမယ့် စိုးရိမ်စိတ်ကတော့ ရှိနေတာပေါ့” ဟုပြော သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် ၆ မြို့နယ်အတွင်းရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာနယ်မြေနှင့် ပုဂ္ဂလိကပိုင် မြေနေရာများတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ တရားဝင်ပိုင်ဆိုင်ခွင့် မရှိသူများမှ တရားမဝင် ကျုးကျော်နေထိုင်မှုများကို ဖယ်ရှားမည်ဟု ၂၀၂၁ခုနှစ်က ကြေညာပြီး ကုစား ရေး အစီအစဉ် မပါဘဲ အချိန်တပတ်ခန့်သာ ပေး၍ ရုတ်တရက် ရှင်းသဖြင့် လူထုမှာ နေထိုင်ရေးပြဿနာနှင့် ရင်ဆိုင်ခဲ့ ရပြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အကွက်ရိုက်မြေကွက်များကို အများဆုံး ဝယ်ယူကာ ဖြေရှင်းခဲ့ကြရကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေတဦးက “ဥပဒေအရပြောရမယ်ဆိုရင်တော့ ဘယ်အစိုးရတက်တက် လယ်ယာမြေကို ရောင်းပိုင် ခွင့်မရှိဘူး၊ အဆောက်အဦး ဆောက်ခွင့် မရှိဘူး၊ ပုံစံ ၇ ကျထားတယ်ဆိုရင်တောင် အခြားနည်းသုံးစွဲခွင့် လျှောက်ပြီး ခွင့်ပြုချက်ရမှ လျှောက်ထားစဉ်ကအတိုင်း အခြားနည်းသုံးလို့ရတာ၊ အဲဒီလိုတွေ ရှိနေပေမယ့် အခုလက်ရှိ ဝယ်ယူ နေထိုင်ကြတာတွေက ကျူးကျော်ဖျက် ခံရတဲ့သူတွေ၊ ဝင်ငွေ ထွက်ငွေမမျှတော့လို့ ဆက်ပြီး အိမ်ငှားနေထိုင် လိုစိတ် မရှိတဲ့သူအများဆုံးမို့ ပြန်လည်ကုစားပေးနိုင်ဖို့ အစီအစဉ်တခုတော့ လုပ်ပေးဖို့ လိုပါလိမ့်မယ်”ဟု ထောက်ပြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ ကျူးကျော်ဟုဆိုကာ နေအိမ်များ ဖိအားပေး ဖယ်ရှားခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အချို့ ရှင်းလင်းမှုများတွင် ငွေကြေးပြည့်စုံသူများက စစ်ကောင်စီ၏ စည်ပင်ဝန်ထမ်းများ၊ အာဏာရှိသူများနှင့် ပူးပေါင်းကာ စက်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ပြုလုပ်ပြီးနောက် မူလပိုင်ရှင်ဟုဆိုကာ ဝင်ရောက် ခြံခတ် ခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။
You may also like these stories:
မြစ်ငယ်မြို့မှ အိမ်များကို ကျူးဟုဆိုကာ အင်အားသုံး ဖျက်ဆီးဖယ်ရှားနေ
မန္တလေးမြို့က ကျူးရှင်းလင်းရေး သံသရာ
အိုးဘိုထောင်အနီး ရထားလမ်းဘေးနေအိမ်များ ရှင်းလင်းခံရ
ရန်ကုန်-မန္တလေးလမ်းဟောင်း ဘေးမှအိမ်များ ဖယ်ရှားရန် စာထုတ်လာပြန်